12/06/2026
ထိုင်းဘုရင့်နန်းတော်ပြန်ကြားရေးဌာန Bureau of the Royal Household ၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းဘုရင် မဟာဝိဇီရာလောင်ကွန်း King Maha Vajiralongkorn ၏ သမီးတော်ကြီး မင်းသမီး Princess Bajrakitiyabha Narendira Debyavati သည် သက်တော် (၄၇) နှစ်အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
မင်းသမီးသည် ဇွန်လ ၁၁ ရက် (ကြာသပတေးနေ့) ည ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ရှိ ဘုရင်ချူလာလောင်ကွန်းအထိမ်းအမှတ်ဆေးရုံ King Chulalongkorn Memorial Hospital ၌ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ မင်းသမီး Bajrakitiyabha Narendira Debyavati သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နှလုံးနှင့်ပတ်သက်သောဝေဒနာကြောင့် သတိလစ်လဲကျသွားခဲ့ပြီးကတည်းက အဆိုပါဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု စဉ်ဆက်မပြတ် ခံယူနေခဲ့ရခြင်း ဖြစ်သည်။
နန်းတော်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့မှစ၍ မင်းသမီး၏ ကျန်းမာရေးအခြေအနေသည် အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်းပိုးဝင်ခြင်း၊ သွေးဖိအားကျဆင်းခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲမှုပုံမှန်မဟုတ်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပါရဂူအဖွဲ့မှ စွမ်းဆောင်နိုင်သမျှ အစွမ်းကုန် အနီးကပ်စောင့်ကြပ်ကုသပေးခဲ့သော်လည်း ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီးနောက် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းဘုရင်ကြီးက မင်းသမီးအတွက် အမြင့်ဆုံးဂုဏ်ထူးဆောင် တော်ဝင်ဈာပနအခမ်းအနားကို တော်ဝင်ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ပြင်ဆင်ရန် ညွှန်ကြားထားပြီး ရုပ်ကလာပ်တော်ကို ဘန်ကောက်မြို့ရှိ မဟာနန်းတော်၏ Piman Rattaya ရာဇပလ္လင်ခန်းမဆောင်တွင် ထားရှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
REF: Thaiger