31/05/2024
ကျွန်တော် နှင့် နတ်မျက်စဥ်း နှင့် Trigeminal Neuralgia
Trigeminal Neuralgia ကို မိမိ ဘာသာပြန်ဆိုရသော် (အာရုံကြောမကြီး(၃)ခုမှအာရုံကြော ရောင်သည့်ရောဂါ) ဟု ဆိုချင်ပါသည်။ဘန်ကောက်မှ ခွဲစိတ်ဆရာဝန်၏ ရှင်းပြချက်အရ ဆိုသော် ကျွန်ုပ်တို့၏ ဦးနှောက်တွင်ရှိသည့် အာရုံကြောမကြီး (၃) ခုအနက်မှ တစ်ကြောရောင်ရမ်းလာပြီး ဘေးအာရုံကြောကို ထိမိပူးကပ်သွားသည့်အခါ၊ထိသည့်အာရုံကြောကလှုံ့ဆော်ပြီး နာကျင်သည့် ဝေဒနာ ခံစားရပါသည်။ ထိုအခါ ကျွန်တော်၏ ခံတွင်းအတွင်းရှိ ညာဘက်ပါးစောင်တွင် Pain ရလေသည်။ နာကျင်ပုံမှာသွားတိုက်လျှင်နာသည်။လျှာကိုထိလျှင်လည်းနာသည်။နုတ်ခမ်းကိုထိလျှင်လည်းနာသည်။ ပါးကိုထိ လျှင်လည်းနာသည်။ ထိုအခါ ထမင်းမစားနိုင်တော့ဘဲ ဆန်ပြုတ်သောက်ရတော့သည်။ ပြင်းထန်လာလျှင် ဆန်ပြုတ်လည်းမသောက်နိုင် ရေကိုပင်မသောက်နိုင်တော့ပါ။ စကားလည်း မပြော နိုင်တော့ပါ။ သည့်ထက်တိုး၍ နာလျှင် ခန္ဓာကိုယ်ချလည်ပတ်လည်အောင် အော်ရလေသည်။ ထိုအခါ ဆေးရုံတက်ရတော့ သည်။ ဗဟိုစည်တွင်(၁)ကြိမ်၊ SSC တွင်(၃)ကြိမ် တက်ခဲ့ဖူးသည်။
ဆရာဝန်များ၏အဆိုအရ ဤရောဂါသည် လူတစ်ထောင်တွင် တစ်ယောက်မရှိ၊ဘာကြောင့် ဖြစ်လာသည်ကိုလည်း (unknown) ဘယ်တော့မှလည်းမပျောက်တော့ ဆေးဘဲတစ်သက်လုံး ဆေးစား နေရမည်ဟုဆိုသည်။ ဘန်ကောက်မှခွဲစိတ်ဆရာဝန်ကမူ နားရွက်နောက်ဖက်အနီးတွင် ဦးခေါင်းခွန်ကို တစ်လက်မခန့်ခွဲ၍ ပွတ်တိုက်နေသော အာရုံကြောနှစ်ခုကြားထဲ၌ (Foreign Body) ထည့်ပေးမည်၊ ဆေးရုံ တစ်ပတ်ပဲ တက်ရမည်ဟု အဆိုပြုလာရာ ကျွန်တော် လက်ခံပြီး ရက်ချိန်း ယူခဲ့သည်။ ရက်ချိန်းတွင်သွား ရောက်သောအခါ ခွဲစိတ်မပေးနိုင်တော့ကြောင်း အသက်ကြီးနေခြင်း၊ အဆုတ် ဆရာဝန်မှ မထောက်ခံခြင်း၊ မေ့ဆေးပေးပြီး ခွဲစိတ်နေစဥ် (On Table) ဖြစ်သွားနိုင်ခြင်းတို့ကို ရှင်းပြပြီး ခွဲစိတ်မပေးတော့ဘဲပြန်လွှတ်ခဲ့လေသည်။
တက္ကသိုလ်တွင်ကျွန်တော်စိတ်ပညာဘာသာ သင်ကြားစဥ်က ဆရာကြီး ဒေါက်တာ ကျော်စိန် ရေးသားပြုစု သင်ကြားပေးခဲ့သောအထွေထွေစိတ်ပညာစာအုပ်မှ Cerebral Cortex အကြောင်းကို အတော်အတန်သင်ယူဖူးပါသည်။ ခွဲစိတ်၍ (Foreign Body) မထည့်မီ Cerebral Cortex ကိုရှေးဦးစွာ အရင်ဘေးရွှေ့ထားပြီး ခွဲစိတ်ပြီးသောအခါမှ ယင်း Ceribral Contact ကို သူ့နေရာသူ နေရာတကျ ပြန်ချပေးရမည်ဖြစ်သည်။ ယင်းသို့ပြန်ချရာ၌ နေရာတကျမဖြစ်လျှင် ဥပမာအားဖြင့် ကျွန်တော်၏ မြင်ကွင်းသည် မြင်ကွင်းအစောင်းဖြစ်နေပါက မြင်ကွင်း စောင်းသည့်အတိုင်း ခါးစောင်းစောင်းကြီးသွား နေမည့်သဘောဟု ရှင်းပြချက်အရသိရသည်။
မြန်မာပြည်မှ (Physician) များက ခွဲစိတ်ခြင်းကို ရာနှုန်းပြည့် အားမပေး သဘောမတူကြပါ။ ဝေဒနာကို မခံချင်တော့၍ ခွဲစိတ်မည်ဟုဆုံး ဖြတ်ခြင်းဖြစ်သည်။ ဘန်ကောက်မှ (Physician) ကမူ ခွဲစိတ်ဖို့ အားပေးသည်။ ချက်ချင်းဖုန်းဆက်၍ (Surgeon) နှင့်ချိတ်ပေးသည်။ ကျွန်တော်၏ ဝေဒနာနှင့် ဤရောဂါ အကြောင်းကို ဤမျှနှင့်ပင်ရပ်နားပြီး အကျယ်တစ်ဝင့်သိလိုသူများရှိပါက ကျွန်တော့်ထံသို့ ဖုန်းဆက် မေးမြန်းနိုင်ပါသည်။ (၀၉-၅၀၁၉၁၅၅)
ကုရာနတ္ထိဆိုတော့လည်း၊လူသိများနေကြသည့်ဆရာထူးခန့်ကျော်နှင့်ပြရန်စုံစမ်းလေသည်။ ဘိုကင်ကမလွယ်၊ ကိုကံဝင်း ကလည်း “ ခင်ဗျားသွားလျှင် မူးလဲသွားမယ် “ ဟု သတိပေး၏။ ဤသို့ နှင့် ရွှေတံခါးဆရာတော်အား စုံစမ်းပြန်သည်။ ဆရာတော်ဘယ်မှာရှိသည်မသိ ရွှေတံခါးဆေးကို ရွှေကျင် ကျောင်းတိုက်၌ ရနိုင်သည်ဟု ကိုဝင်းမောင်က လမ်းညွှန်လေသည်။ ရွှေကျင်ကျောင်းတိုက်သို့သွား၍ ဆရာတော်၏ဆေးကို ယူခဲ့သည်။ အလှူငွေကတော့ ထည့်ချင်ထည့် မထည့်ချင်နေ ဖြစ်ပါသည်။ဆေးယူ ပြီး ကျောင်းတိုက်လှေကားအဆင်းတွင် နတ်မျက်စဥ်း ရောင်းနေသည်ကိုတွေ့၏။ နတ်မျက်စဥ်းအညွှန်း များကိုလည်း ဖတ်ရ၏။ ကျွန်တော် တစ်ဗူး ၂၀၀၀ိ/ ဖြင့် (၅) ဘူးဝယ်ခဲ့လေသည်။
၁-၃-၂၀၂၄ ရက်တွင် နတ်မျက်စဥ်းကို တစ်ဖက်သုံးစက်ဖြင့် တစ်နေ့ (၃) ကြိမ်ခပ်လေသည်။ နောက်ရက်များတွင် ခံတွင်းမှ နာကျင်မှု သိသိသာသာသက်သာလေသည်။ ကျွန်တော်၏ဇနီးမှ “ ရှင်အခု သောက်နေရတဲ့ ဆေးတွေ Side Effect များတယ်။ အူမကြီးကင်ဆာဖြစ်နိုင်တယ်။ ရှင့်အဖေရော အမေရော အူမကြီး ကင်ဆာဖြစ်တာ မျိုးရိုးလိုက်တပ်တယ် ဆေးသောက်တာလျော့ကြည့်ပါလား “ ဟု အကြံပြုသည်။ နောက်နေ့တွင် ဆေးအမယ် အများ သောက်နေရာမှ တစ်မယ်သာသောက်လေသည်။ ယင်းတစ်မယ်မှာ Oxetol တစ်လုံး 300mg ၊၄လုံး၊ Maximan Dose ဖြစ်သည်။ ယင်း ၄လုံးကိုလည်း ချက်ချင်းပင် နှစ်လုံး ဖြုတ်ချလိုက်သည်။ သို့သော် ရောဂါနာကျင်မှုတိုးမလာပါ။ ခါတိုင်းဆိုလျှင် 1200mg ကိုလျော့ချမရ၊ 900mg ထိလျော့ရင်တောင်မရ။ လိုအပ်လျှင် ကျန်ဆေးအမယ်များကိုပါ Combine လုပ်ရလေသည်။ကျွန်တော့်”ဇနီးကရောဂါဝေဒနာ ဖြစ်ဖို့ ကံကုန်လာတာ “ ဟု ဆိုလေသည်။ အင်္ဂလိပ်ဆေးများကို ဝယ်လို့မရမည်စိုး၍ သုံးနှစ်စာဝယ် ထားခဲ့သည်။ ဆေးဖိုးမှာ ရာ၊ထောင် ပင် ဖြစ် ပါသည်။ ယနေ့ဆိုလျှင် ၃လတိတိရောဂါသက်သာနေလေသည်။ ယခုဆိုလျှင် နတ်မျက်စဥ်း ကိုလည်း မခပ်တော့ပါ။ မခပ်ဘဲလည်းသက်သာနေတာကိုတွေ့ရသည်။ နတ်မျက်စဥ်းကြောင့် ဤ ရောဂါပျောက် သည်ဆိုလျှင် ဆရာဝန်များ လက်ခံမည်မထင်။
မည်သို့ပင်ဖြစ်စေ သုံးလကြာသည့်တိုင် သက်သာနေခြင်းအတွက် ဝမ်းသာအားရပါသည်။ ထို့ကြောင့် နတ်မျက်စဥ်းဘူးများ ထပ်မံဝယ်ယူပြီးလျှင် အသက်ကြီးသူများနှင့် မိတ်ဆွေများ အား လိုက်လံဝေငှ လှူဒါန်းပါသည်။ ဤသို့လှူဒါန်းရသောအကျိုးကြောင့် ယခုသက်သာနေရာမှ လုံးဝ ပျောက်ကင်းခြင်းသို့ရောက်ပါစေ။