Phoe Phyu & Associates Law Firm

Phoe Phyu & Associates Law Firm ဖိုးဖြူ နှင့်ရောင်းရင်းများ
(ဥပဒေအတိုင်ပင်ခံလုပ်ငန်း)

22/10/2021

ထိရောက်တဲ့ ဆောက်လုပ်ရေးစာချုပ်ဖြစ်ဖို့
ဘာတွေပါရမလဲ… ဘယ်လို ချုပ်ဆိုကြမလဲ…
+++++++++++++++++++++++++++++

ခေတ်မီ တိုးတက်လာသလို ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ပညာရပ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ လိုက်ပါ ပြောင်းလဲနေပါတယ်။ တိုးတက်မှုနဲ့အတူ ယှဉ်ပြိုင်မှုတွေလည်း ပြင်းထန်ထာတတ်ပါတယ်။ ဒီအခါ မှာ တရားဝင် ခိုင်မာမှုရှိတဲ့ လုပ်ငန်းတွေမှသာ ဆက်လက် ရပ်တည်နိုင်ဖို့ အလားအလာ ကောင်းမှာ ဖြစ်ပါ တယ်။

တကယ်ဆို ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အလွဲအချော်၊ အမှားအယွင်းမများတာ အကောင်းဆုံးပါ။ အဆောက်ဦကြီးတစ်ခု အကောင်အထည် ပေါ်လာအောင် အပိုအလိုမရှိ စနစ်တကျ လုပ်ဆောင်နေပေမယ် လို့ နည်းနည်းလေး လွဲချော်သွားတာနဲ့ မလိုလားအပ်တဲ့ အလျော်အစား ကိစ္စတွေ ဖြစ်လာတော့ တာပါပဲ။

ဒီလိုဖြစ်လာလျှင် ရာနှုန်းပြည့် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင်တာတွေ လုပ်ထားဖို့တော့ ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းကိစ္စတွေ လုပ်ဆောင် ဖို့ဆိုရင် လုပ်ထုံးလုပ်နည်းအရ အငြင်းပွားမှု၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် စတာတွေကို သတ်မှတ်ဖို့၊ ထိန်းချုပ်ဖို့ သက်ဆိုင်ရာ နယ်ပယ်အတွက် အထူးပြုလုပ်ထားတဲ့ စာချုပ်တွေကို ချုပ်ဆိုရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းနဲ့ဆိုင်တဲ့စာချုပ် အမျိုးမျိုး ရှိတဲ့အထဲက အဓိကကျတဲ့ စာချုပ်အမျိုးအစား တစ်ချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အဲဒါတွေကတော့
- ဆောက်လုပ်မယ့် လုပ်ငန်းရှင်နဲ့ မြေရှင်တို့အကြား ချုပ်ဆိုတဲ့ စာချုပ်၊
- ဆောက်လုပ်ပြီး ဒါမှမဟုတ် မဆောက်လုပ်ခင်က ရောင်းထားတဲ့ အခန်းတွေအတွက် ဝယ်သူနဲ့ ကန်ထရိုက် တာအကြား ချုပ်ဆိုတဲ့စာချုပ်
- သက်ဆိုင်ရာ နယ်မြေ စည်ပင်ခွင့်ပြုချက်ဆိုင်ရာ စာချုပ်
- ပင်မဆောက်လုပ်သူ(Constructor) နဲ့ တဆင့်ခံဆောက်လုပ်သူ(Subconstructor) တို့ကြားချုပ်ဆိုတဲ့ စာချုပ် (ပန်းရံ၊ လက်သမား၊ ဆေးသုပ်၊ လျှပ်စစ်သွယ်၊ အလှဆင် စတဲ့ အလုပ်တစ်ခုချင်းအတွက် subconstructor တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အကြားချုပ်ဆိုတဲ့ စာချုပ်)
- ပစ္စည်းပေးသွင်းသူနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အကြားချုပ်ဆိုတဲ့ စာချုပ်
စသဖြင့် ရှိကြပါတယ်။ ဒီလိုစာချုပ်တွေမှာ ဘယ်လိုအရာတွေပါမလဲ၊ ဘာတွေ သိထားသင့်လဲဆိုတာကိုတော့ အောက်မှာ ဖော်ပြသွားပါမယ်။

1. Scope of Work (လုပ်ကိုင်ရမယ့် လုပ်ငန်းအတိုင်းအတာ)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာစာချုပ်ရဲ့ အဓိက လိုအပ်ချက် [element] လို့တောင် ဆိုရပါလိမ့်မယ်။ ဒီစာချုပ်မှာချုပ်ဆိုတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် အသုံးပြုတဲ့ပစ္စည်း၊ အရည်အသွေး၊ အဆင့်အတန်း၊ အလုပ်အချိန်ဇယား စတာတွေကို အသေးစိတ် ပါဝင်ရပါတယ်။

2. Full Name, Address, License and Signatures of Both Parties (အမည်အပြည့်အစုံ၊ လိပ်စာ၊ လိုင်စင်နံပါတ်နဲ့ နှစ်ဦးနှစ်ဖက်ရဲ့ လက်မှတ်များ)
*****************************************
ဒီအချက်က တချိန်ချိန်မှာ လိုအပ်လာနိုင်ပါတယ်။ ကိုယ်နဲ့စာချုပ်ချုပ်ပြီး တွဲဖက်လုပ်ကိုင်သူဟာ တရားဝင် ဖြစ်တယ်ဆိုရင် ကိစ္စမရှိပေမယ့် တရားမဝင်ဘူးဆိုရင်တော့ နင်ဘယ်သူလဲ ငါဘယ်သူလဲနဲ့ အမြတ်ထုတ် ခံသွားရပါလိမ့်မယ်။ ဒီတော့ စတည်းက လိုအပ်တဲ့ အချက်အလက်တွေ ယူထားတာ မမှားတော့ဘူးပေါ့။ ခင်မင်မှုနဲ့ ယုံကြည်မှုကို စီးပွားလုပ်ငန်းမှာ သွားရောထွေးလိုက်တာမျိုး လုပ်လို့ မရပါဘူး။

3. Project Cost and Payments Terms
(ပရောဂျက် ကုန်ကျစရိတ်နဲ့ ပေးချေမှုပုံစံ)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းမှာ ငွေကြေးဟာ ထိပ်ဆုံးက နေရာယူထားတဲ့ အရေးပါဆုံးအရာ ဖြစ်ပါတယ်။ ဆောက်လုပ်မယ့် ပရောဂျက်က ဘယ်လောက်ကုန်ကျမယ်၊ ဘယ်ချိန်တွေမှာ ငွေပေးချေမယ် စတဲ့ ငွေပေးချေမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို တိတိကျကျ သတ်မှတ်ထားရပါမယ်။ ပရောဂျက် တဝက်တပြတ်မှာ ငွေပေးချေမှု ရပ်တန့်သွား တဲ့အဖြစ်ကို ဘယ်သူမှ မကြုံချင်ကြပါဘူး

4. Schedule of Work (အလုပ်အချိန်ဇယား)
*****************************************
ပရောဂျက်စတင်မယ့်ရက်၊ လုံလောက်တဲ့ အချိန်အပိုင်းအခြားတို့ကို တိတိကျကျသတ်မှတ်ပြီး ပြီးဆုံးမယ့်ရက် ဒါမှမဟုတ် အချိန်ကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြထားဖို့ လိုပါတယ်။ ပြီးမှ တကယ်နောက်ကျတာမဟုတ်ဘဲ စာချုပ်စာတမ်းပါ အကြောင်းအရာတွေကို မစိစစ်မိတဲ့ အမှားအယွင်းကြောင့် နောက်ကျသလို ဖြစ်သွားရင် လျော်ရမယ့်ကိစ္စက မိအေး နှစ်ခါနာဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။

5. Authority (လုပ်ပိုင်ခွင့် အခွင့်အာဏာ)
*****************************************
ပရောဂျက် ကြီးလာတာနဲ့အမျှ လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း ပိုပြီး ရှုပ်ထွေး များပြားလာတတ်ပါတယ်။ ဒီလို အရှုပ်အထွေးကြားကနေ ဆုံးဖြတ်ချက် မှန်မှန်နဲ့ လုပ်ငန်း တာဝန်တွေကို ဘယ်သူက လုပ်ဆောင်မယ် ဆိုတာပါ ထည့်သွင်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။

6. Penalties (ပြစ်ဒဏ်)
*****************************************
ငွေပေးချေဖို့ နောက်ကျတာတို့ စည်းကမ်းချက်ချိုးဖောက်တာတို့ ရှိခဲ့လျှင် လျော်ကြေး၊ ဒဏ်ငွေဘယ်လို ပေးဆောင်ရမယ်ဆိုတာကိုလည်း ဖော်ပြထားဖို့လိုပါတယ်။

5. Recovery Fund Disclosure
*****************************************
ကန်ထရိုက်တာရဲ့ ဥပဒေမဲ့ ပြုမူတာတွေကြောင့် ပရောဂျက် ပြီးဆုံးသွားတဲ့တိုင်အောင် ရလာဒ်မှာ ဆုံးရှုံးမှုတွေ ရှိနေခဲ့ရင် ရပိုင်ခွင့်တွေကို ဘယ်လို စီမံမယ်ဆိုတာကို အကြမ်းဖျဉ်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆောက်လုပ်ရေး လုပ်ငန်း စာချုပ်အများစုမှာ ပါကိုပါရမယ့် အချက်ဖြစ်ပါတယ်။

6. Disputes & Termination
(အငြင်းပွားခြင်းနှင့် လုပ်ငန်းပြီးဆုံးခြင်း)
*****************************************
ဒီလုပ်ငန်းမှာ မိမိနဲ့ပါဝင်ပတ်သက်သူတွေကြား အငြင်းပွားစရာ ပြဿနာတွေ ဖြစ်လာခဲ့လျှင် ဘယ်လို ဖြေရှင်းမှုမျိုးကို ခံယူပါ့မယ်ဆိုတဲ့အကြောင်းလည်း ဖော်ပြထားရပါမယ်။ အဲ့ဒီအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လုပ်ရထားမှာပါ။ law firm အဖွဲ့ တစ်ခုခုရဲ့ ဥပဒေအကြံပြုချက်နဲ့ ကြားဝင် ဖြန်ဖြေတာကို စတင် ရယူတာမျိုး။ အဲလိုမှ အဆင်မပြေသေးရင် ခုံသမာဓိ အဖွဲ့ တစ်ခုခုရဲ့ ဆုံးဖြတ်ချက်ကို ကြားနာပါ့မယ် ဆိုတာမျိုး စတာတွေလည်း ဖြစ်နိုင်ပါတယ်။

7. Insurance (အာမခံကြေး)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းတိုင်းမှာ ကန်ထရိုက်တာဘက်က ကိုယ့်အလုပ်သမားတွေအတွက် လုပ်ငန်းဆိုင်ရာ လျော်ကြေး၊ နစ်နာကြေး စတာတွေကို သေချာ အာမခံထားသင့်ပါတယ်။ ဒီလို ရှိထားမှလည်း ထိခိုက် ဒဏ်ရာရတဲ့အခါမျိုးမှာ Owner အနေနဲ့ သေချာ ဖြေရှင်းလို့ရမှာပဲ ဖြစ်ပါတယ်။

8. Warranties & Statute of Limitations
*****************************************
ဘယ်လို အာမခံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို အသုံးပြုရမယ်ဆိုတာ သေသေချာချာ စီစဉ်ထားသင့်ပါတယ်။ အချုပ်အားဖြင့် Warranty သုံးနှစ်တာ ကာလအတွင်းမှာ ကန်ထရိုက်တာတွေအနေနဲ့ စာချုပ်ပါ ကတိကဝတ်ကို ဖောက်ဖျက်လျှင် ရသင့်ရထိုက်တာတွေကို ကန့်သတ်ထားလား၊ ကန့်သတ်ချက်တွေရှိလား ဆိုတာကိုလည်း ဝေခွဲထားရပါမယ်။

ဒီလောက်ဆိုလျှင် construction contract တစ်ခုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အခြေခံတွေကို လေ့လာမိ လောက်ပြီ ထင်ပါတယ်။ ဒါ့ထက် ပိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ ဆက်လေ့လာ ကြတာပေါ့။

++ How to Write a Construction Contract ++
ဆောက်လုပ်ရေး စာချုပ်တွေကို ဘယ်လိုချုပ်ဆိုကြမလဲ….
*****************************************
ခုဆက်ဖေါ်ပြမယ့် နောက်ခေါင်းစဉ်က Consrtuction Contract တစ်ခုကို ဘယ်လို ရေးဆွဲရမလဲ ဆိုတာ ကို ဆက်လက် ဆွေးနွေးပါ့မယ်။ မိတ်ဆွေတို့လည်း ပါဝင်ဆွေးနွေး ဝေဖန်ပေးဖို့၊ သတိပြုစရာ တွေကို Comment Box မှာ မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဖော်ပြခဲ့တဲ့ အချက်တွေက ဆောက်လုပ်ရေး လုပ်ငန်းလုပ်ငန်းရှင်တွေမှသာ သိထားရမယ်ဆိုပြီး တွက်ထားလို့ မရပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ဖို့ လိုတာပဲဖြစ်ဖြစ်၊ စာချုပ်ချုပ်ဆိုဖို့ လိုတာပဲဖြစ်ဖြစ် မှန်ကန်တဲ့ လုပ်ထုံးလုပ်ငန်းနည်းတွေ နားမလည်ထားရင် အင်မတန် ခက်ခဲပါလိမ့်မယ်။

အခုလို ဆောက်လုပ်ရေးလောက၊ အိမ်ခြံမြေလောက မတည်မငြိမ် ဖြစ်နေတဲ့အချိန်မျိုးမှာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သိကို သိထားသင့်ပါတယ်။ လေ့လာဖို့ အချိန်မပေးနိုင်ရင်တောင်မှ နားလည်းတတ်ကျွမ်း သူတွေနဲ့ တိုင်ပင်လုပ်ဆောင်ရမှာက ကိုယ့်တာဝန်ပါ။ ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခု လုပ်တော့မယ်ဆိုလျှင် ဆိုင်ရာပိုင်ရာသူတွေနဲ့ စာချုပ်စာတမ်းတွေ ချုပ်ဖို့လိုလာပြီဆိုတော့ ကိုယ်က ဦးအောင် ချုပ်မှာလား၊ ကိုယ့်ကို ပြန်ချုပ်တာ ခံမှာလား။ ဘယ်သူမှတော့ ကိုယ့်ကို လာချုပ်တာ မခံချင်ကြပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ယူကြတာမျိုးပဲ ဖြစ်ချင်ကြမှာပါ။

စာချုပ်တစ်ခု ချုပ်တော့မယ်ဆိုလျှင် အဲ့ဒီစာချုပ်ထဲမှာ ဘာတွေထည့်ရမယ် ဘာတွေပါရမယ် ဆိုတာကိုတော့ ဗဟုသုတအနေနဲ့ သိကို သိထားရမှာပါ။ ကိုယ့်ရှေ့နေက ချုပ်ပေးသည့်တိုင်အောင် ကိုယ်တိုင်ကပါ သိနေတော့ ပိုကောင်းတာပေါ့။
ဒါဆိုရင် ဆောက်လုပ်ရေးဆိုင်ရာ စာချုပ်တစ်ခု ဘယ်လိုရေးသားမလဲ?
နားလည်လွယ်အောင် အပိုင်း နှစ်ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ပထမအနေနဲ့

++ Writing Your Construction Contract ++
ဆောက်လုပ်ရေး စာချုပ်ရေးသားပုံ
*****************************************
(၁) Write the title and a little preamble
ပထမဦးစွာ စာချုပ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ Title ရေးပါ။ ပြီးရင် စာချုပ်ကို စတင်တဲ့အနေနဲ့ နိဒါန်းရေးရ ပါမယ်။ ဒါကလည်း သိပ်ခက်ခက်ခဲခဲကြီး စဉ်းစားနေစရာ မဟုတ်ပါဘူး။ ဒီစာချုပ်မှာ လက်မှတ် ရေးထိုးမယ့်သူ ဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်လုပ်ငန်း၊ ဘယ်ရာထူး၊ လုပ်မယ့် ပရောဂျက်၊ တည်နေရာ၊ ပရောဂျက် စတင် မယ့်ရက်၊ အဆုံးသတ်မယ့်ရက် စသဖြင့် စတင်ရပါမယ်။

(၂) Describe the work that will be done
(လုပ်ဆောင်ရမယ့်အရပ်ရှင်းလင်းချက်)
*****************************************
ပြီးတာနဲ့ မိတ်ဆွေတို့ လုပ်ဆောင်မယ့်၊ ဖော်ဆောင်မယ့် ကိစ္စအတွက် စက်ပစ္စည်းတွေကို ဘယ်လိုနေရာမှာ ဘာအတွက်သုံးမယ်၊ အရည်အတွက်၊ အရည်အသွေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အပြည့်အစုံကို တိတိကျကျ ချရေးထားဖို့ လိုပါတယ်။

(၃) Include financial information
(ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့အချက်အလက်)
*****************************************
ဒီလုပ်ငန်းအတွက် အသုံးပြုမယ့် ဘတ်ဂျက်ကို ခရေစေ့တွင်းကျ တွက်ချက်ဖို့ လိုပါပြီ။ လုပ်ငန်း ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ လိုအပ် တဲ့ ငွေကြေးပမာဏ ဘယ်လောက်ကို Owner နဲ့Client တို့အနက် ဘယ်သူက ကျခံမယ်ဆိုတဲ့ သဘောတူညီချက်ကိုလည်း တပါတည်း ထည့်ရေးရမှာပါ။ ဒါ့အပြင် စာချုပ်စာတမ်းဖိုး၊ လုပ်ငန်းကာလအတွင်း ငွေပေးချေရမယ့် စံနှုန်း သတ်မှတ်ချက်၊ နောက်ဆုံးအနေနဲ့ ပေးချေရမယ့်ပမာဏ စတဲ့ ကုန်ကျငွေတွေကို သေသေချာ ရေးဖို့လိုပါတယ်။

(၄) Include payment due dates and fees
(ငွေပေးချေမှုနဲ့ ပတ်သက်တာ)
*****************************************
ဘတ်ဂျက် ပမာဏကို တွက်ချက်ပြီးတဲ့နောက် အဲ့ဒီဘတ်ဂျက်ကို ဘယ်နေ့၊ ဘယ်ရက်မှာ စတင်ပေးအပ်မယ်၊ ဘယ်နှလ တစ်ကြိမ်ပေးချေရမယ် စတဲ့ အချိန်ကာလတွေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ငွေပေးချေရမယ် စတာတွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ရပါမယ်။

(၅) Provide a project description
(ပရောဂျက်နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်)
*****************************************
ဒီအပိုင်းမှာတော့ ပရောဂျက်ရဲ့ ရည်ရွယ်ချက်၊ တာဝန်တွေကို ဖော်ပြပေးရမှာပါ။ အကျယ်တဝင့် အသေးစိတ် ရေးစရာမလိုပါဘူး။ ပရောဂျက်ရဲ့ တာဝန်ကို အကျဉ်းချုပ်တော့ ဖော်ပြပေးရပါတယ်။

(၆) Describe how any changes to the work order will be handled
*****************************************
Owner ကြောင့်ပဲဖြစ်ဖြစ် Client ကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ထားတဲ့ အလုပ်နဲ့ အပိုကုန်ကျစရိတ်တွေ ရှိလာခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ စည်းကမ်း သတ်မှတ်ချက်တချို့ကိုလည်း ထည့်သွင်းဖော်ရပါမယ်။

(၇) Create a Signature Line
*****************************************
ဒါကတော့ စာချုပ်ပါ အကြောင်းအရာတွေကို သဘောတူညီကြောင်း ဖော်ပြဖို့အတွက် လက်မှတ် ထိုးဖို့နေရာ ချန်ပေးရမှာပါ။ လက်မှတ်အောက်မှာ လက်မှတ်ပိုင်ရှင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ထည့်သွင်းနိုင်ပါ သေးတယ်။

ဒုတိယအနေနဲ့

++ Meeting State Requirements ++
နိုင်ငံတော် လိုအပ်ချက်နဲ့ကိုက်ညီအောင်လုပ်တာ
*****************************************
(၁) Check your state law for required inclusions
*****************************************
နိုင်ငံတစ်နိုင်ငံထဲမှာကိုပဲ နေရာဒေသကိုလိုက်ပြီး စာချုပ်စာတမ်း ဥပဒေသတွေက တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဒီတော့ စာချုပ်စာတမ်းတွေမှာပါတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကလည်း အဲ့နယ်မြေဒေသမှာ ကျင့် သုံးနေတဲ့ ဥပဒေနဲ့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်။

(၂) Provide a projected construction schedule
*****************************************
ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ဘယ်နရက်အတွင်း အလုပ် ဘယ်လောက်ပြီးရမယ်ဆိုတာကို ထည့်သွင်းရပါဦးမယ်။ တစ်ရက်ကို ဘယ်အလုပ်တွေ ပြီးတယ်၊ ဘယ်လောက် အလုပ်ဖြစ်တယ်ဆိုတဲ့ အချိန်ဇယား တစ်ခုကတော့ လိုအပ်ပါတယ်။

သာမာန် လူတစ်ယောက်အတွက်တော့ ဥပဒေဆိုင်ရာ ကိစ္စတွေဟာ တော်တော် ရှုပ်ထွေးသလို စာချုပ် ပြင်ဆင် ရေးဆွဲတယ်ဆိုတာလည်း အတော်ခေါင်းခဲစရာပါ။ စာဖတ်သူ မိတ်ဆွေတို့လဲ ဒီလောက်ထိ ဖတ်လာပြီးပြီဆို တော့ သိလောက်ပါပြီ။ ဒီအထိ ဖတ်လာပေးတဲ့အတွက်လည်း ကျေးဇူးအထူး တင်မိသလို၊ မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

နောက်တစ်ခေါက်မှာတော့ အခုဖော်ပြထားတဲ့ ဘယ်လိုအကြောင်းအရာ ပြဿနာတွေကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် စာချုပ်သင့်တယ်၊ ဘာတွေ သင်ခန်းစာယူပြီး တရားဝင်ခိုင်မာအောင် လုပ်သင့်လဲဆိုတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဖော်ပြပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှု အားပေးကြပါဦး။

အားလုံးပဲ ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ…

လေးစားစွာဖြင့်

U Phoe Phyu
and Commercial Law
University of Essex, UK (Candidate)
Founder & CEO

☎ Hotline : 09 960 278 100
🏦 Office : 09 73000 441
🌏 website : www.uphoephyu.com


#ရှေ့နေဖိုးဖြူ
#ကန်ထရိုက်စာချုပ်

ရှေ့နေကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ခွင့်မရှိ+++++++++++++တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အပေါ် ပျဉ်းမနားမြို့နယ် အထွေထွေအုပ...
18/10/2021

ရှေ့နေကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ခွင့်မရှိ
+++++++++++++

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အပေါ် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ပြီး တားမြစ်သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ထို့အမိန့်ထုတ်ပြန်ချက်ကို ထုတ်ပြန်ခွင့်ရှိ/မရှိ နှင့် ထိုအမိန့်ထုတ်ပြန်ချက်သည် တရားဥပဒေနှင့် ညီ/မညီ ဆိုသော အချက်ကို ဥပဒေရှုထောင့်မှ အောက်ပါအတိုင်း ဆက်လက်လေ့လာတင်ပြအပ်ပါသည်။

၁။ ထွေအုပ်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခွင့် ရှိ/မရှိ
++++++++++++++++++++

ဥပဒေကိုလေ့လာသည့် အခါ အနိမ့်ဆုံး ခရိုင်တရားသူကြီးကသာ ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ခွင့်ရှိကြောင်း အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အပိုဒ်ခွဲ (၁) တွင် ပြဋ္ဌာန်းထားသည်မှာ "ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး (သို့မဟုတ်) ဤပုဒ်မအရ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးက ဖြစ်စေ၊ အထူးအာဏာအပ်နှင်းထားသော အခြား ရာဇဝတ်တရားသူကြီးတစ်ဦး (တတိယတန်းအာဏာရ ရာဇဝတ်တရားသူကြီးမှအပ) သည် x x x အမိန့်ချမှတ်ဆင့်ဆိုနိုင်သည်" ဟု မြင်တွေ့နိုင်ပါသည်။

သို့သော်လည်း ထွေအုပ်ရုံး၏ အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ အရ အမိန့် ထုတ်ပြန်ခွင့်ရှိကြောင်း အခြားတစ်နေရာမှာ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပြန်ပါသည်။

ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ စကားရပ်များအစားထိုးသည့် ဥပဒေ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၈/၈၈) အရ လုပ်ပိုင်ခွင့်များအပ်နှင်းခြင်း၊ အမိန့်ကြော်ငြာစာအမှတ် ၂/၈၉ (၁၆၊ ၆၊ ၁၉၈၉) မှာ "မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး နှင့် ပြည်နယ် (သို့မဟုတ်) တိုင်းအထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အား ကျင့်သုံးဆောင်ရွက်ရန် အာဏာအပ်နှင်းထားသည်" ဟု တွေ့ရပါသည်။

သို့သော် သက်ဆိုင်ရာငြိမ်ဝပ်ပိပြားရေးမှုတည်ဆောက်ရေးအဖွဲ့၏ သဘောတူညီချက်ရယူဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့စည်ပင်သာယာရေးနယ်နိမိတ် အတွင်းထုတ်ပြန်ရန်ဖြစ်ပါက သက်ဆိုင်ရာ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးက တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ သဘောတူညီချက်ရယူ ဆောင်ရွက်ရမည်ဟု မှတ်ချက်အနေဖြင့် ဖော်ပြထားပါသည်။

ဖော်ပြပါ အမိန့်ကြော်ငြာစာအရ ပုဒ်မ ၁၄၄ အမိန့်ကို ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ထုတ်ပြန်သည်မှာ မှန်ကန်သည်ဟု ယူဆနိုင်စရာရှိပါသည်။ သို့သော် ဖော်ပြပါ အမိန့်ကြော်ငြာစာကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ထုံးဖွဲ့ထားသည့် အမိန့်က လွှမ်းမိုးပြီး ဖြစ်သည်ကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ၂၀၁၁ ခုနှစ် တင်သွင်းလွှာအမှတ်-၁ အမှုတွင် " ### ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၃၁၇ တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် တရားစီရင်ရေးဆိုင်ရာကိစ္စအဝဝကို ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ အခြားဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းသည့် တရားရုံးများတွင် ဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံဆောင်ရွက်ရသည် ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ၌ နိုင်ငံတော်အခြေခံမူများပါပြဋ္ဌာန်းချက်များအရ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်‌ရေးအာဏာများကို ပိုင်းခြားသုံးစွဲရမည်ဖြစ်ပြီး တရားစီရင်ရေးအာဏာကို ကျင့်သုံးမည့် တရားရုံးအဆင့်ဆင့်နှင့် တရားသူကြီးများခန့်ထားရေးနှင့်စပ်လျဉ်း၍လည်း တိတိကျကျပြဋ္ဌာန်းထားပြီး ဖြစ်သည့်အလျောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ခွဲအုပ်ချုပ်ရေးဦးစီးဌာနမှူးများအား အုပ်ချုပ်ရေးအာဏာအပြင် တရားစီရင်ရေးအာဏာကိုပါ အပ်နှင်းမည်ဆိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိမည် မဟုတ်ပေ " ဟု စီရင်ဆုံးဖြတ်ထားပါသည်။

တရားရုံးများလက်စွဲစာပိုဒ် ၃၉၄ တွင် "ပုဒ်မ ၁၄၄ အရ ဆောင်ရွက်သည့်မှုခင်းမှာ တရားစီရင်သော မှုခင်း (a judicial proceeding) ဖြစ်သည်" ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ပုဒ်မ ၁၄၄ အရ ဆောင်ရွက်ရသော ကိစ္စရပ်များသည် တရားစီရင်ရေးအာဏာအရ ဆောင်ရွက်ရသော မှုခင်းနှင့် အမိန့် ဖြစ်ပါသည်။ တရားရေးအာဏာအရ ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်သောကြောင့် အုပ်ချုပ်ရေးအာဏာ အရ ဆောင်ရွက်နိုင်ခွင့်မရှိကြောင်းကို ဖော်ပြပါ အမှုက လွှမ်းမိုးလမ်းညွှန်ထားပြီးဖြစ်ပါသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ထွေအုပ်ရုံးတို့၏ ကျင့်သုံးရသော ဥပဒေနှင့် နည်းဥပဒေ စာရင်းကို ယင်းဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ ယင်းဥပဒေစာရင်းတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ဟူ၍ ပါဝင်ခြင်းမရှိပါ။ ထို့ကြောင့် ထွေအုပ်ရုံးအုပ်ချုပ်ရုံးရေးမှူးသည် ရာဇဝတ်ကျင့်ထုံးဥပဒေကို ကျင့်သုံးခွင့််မရှိ၍ ယင်းဥပဒေအရ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ခွင့်မရှိသည်မှာ မြင်သာပါသည်။

သို့ဖြစ်ပါ၍ ထွေအုပ်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခွင့် မရှိဟူ၍သာ တရားဥပဒေရှုထောင့်အရ တွေ့မြင်နိုင်ပါသည်။

၂။ ထွေအုပ်၏ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ချက်သည် တရားဥပဒေနှင့် ညီ/မညီ
+++++++++++++++++++

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ နှင့် တရားရုံများလက်စွဲစာပိုဒ် ၃၉၃၊ ၃၉၄ တို့တွင် အမိန့်ထုတ်ပြန်ရသည့် အကြောင်းပြချက်ကို ရှင်းလင်းဖော်ပြရန် ပြဋ္ဌာန်းထားပါသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄(၁) တွင် " x x x ရာဇဝတ်တရားသူကြီးသည် တစ်ဦးတစ်ယောက်အား တစ်စုံတစ်ခုသောအမှုကို ပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရမည့်အကြောင်း x x x ထင်မြင်သည့်အခါ အမှု၏ အရေးပါသော အကြောင်းခြင်းရာကို ဖော်ပြရေးသား၍ x x x အမိန့်ချမှတ် ဆင့်ဆိုနိုင်သည် " ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ထို့ပြင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ (၆) တွင် "ဤပုဒ်မအရ ချမှတ်သော မည်သည့်အမိန့်မျှ ချမှတ်သည့်နေ့မှ နှစ်လထက်ပို၍ မတည်စေရ။" ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။

တရားရုံးများလက်စွဲစာပိုဒ် ၃၉၄ တွင် "ပုဒ်မ ၁၄၄ အရ ဆောင်ရွက်သည့်မှုခင်းမှာ တရားစီရင်သော မှုခင်းဖြစ်၍ ထိုသို့သော မှုခင်းအနေဖြင့် တရားရုံးချုပ်၏ ပြင်ဆင်မှု စီရင်ခွင့် အာဏာအတွင်း ကျရောက်လေသည်။ (သခင်ဘသောင်းနှင့် အစိုးရ၊ အတွဲ ၁၂၊ ရန်ကုန် စီရင်ထုံး စာမျက်နှာ ၂၈၃ ကိုကြည့်) သို့ဖြစ်သောကြောင့် အမိန့်မှာ တရားစီရင်မှုဆိုင်ရာ ဆင်ခြင်တုံတရားကို ကောင်းစွာသုံးစွဲ၍ ထုတ်ပေးခြင်း ဟုတ် မဟုတ် တရားရုံးချုပ်က သိရှိနိုင်စေခြင်းငှာ အရေးပါသော အကြောင်းပြချက်များကို ၎င်း၊ ထိုပုဒ်မအရ ဆောင်ရွက်ပိုင်အောင် ရာဇဝတ်တရားသူကြီးက လုံလောက်သည့် ထင်မြင်သည့်အကြောင်းပြချက်များကို ၎င်း၊ အမိန့်စာတွင် အပြည့်စုံဖော်ပြရန် အထူးအရေးကြီးသည်။ ဤအချက်နှင့် စပ်လျဉ်း၍ မောင်အောင်ဗလနှင့် ရန်ကုန်ခရိုင်ရာဇဝတ်တရားသူကြီး (၁၉၃၉ ခုနှစ်၊ ရန်ကုန်စီရင်ထုံး စာမျက်နှာ ၂၉၄) အမှု၏ စီရင်ချက်ကို ဂရုပြုရန် ညွှန်ကြားလိုက်သည်။" ဟု ညွှန်ပြထားသည်ကို တွေ့ရပါသည်။

တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော် အပေါ် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ချက် အပိုဒ် ၄ တွင် " x x x တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်သည် ယင်းသတင်းဌာနများနှင့်ဆက်သွယ်၍ သက်သေများ၏ရုံးရှေ့ထွက်ဆိုချက်များ၊ စွပ်စွဲခံရသူများ၏ ထွက်ဆိုချက်များ ကို ထုတ်ပြန်ပြောဆိုလျက်ရှိကြောင်း တွေ့ရှိရပါသည်။" ဟူ၍ဖော်ပြထားပါသည်။ အပိုဒ် ၅ တွင် "ဦးခင်မောင်ဇော်၏ ဆက်သွယ်ပြောဆိုချက်များသည် တရားဥပဒေနှင့်အညီ ဆောင်ရွက်ရသော ပုဂ္ဂိုလ်တစ်ဦးဦးအား နှောင့်ယှက်မှု (သို့မဟုတ်) ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့၏ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်" ဟူ၍ဖော်ပြထားပါသည်။ ထို့ပြင် အပိုဒ် ၆ တွင် " သို့ဖြစ်ပါ၍ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်အား စဉ် -၄၀၆၀ ၂၃-၃-၁၉၈၇ သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ပြည်တွင်းပြည်ပမီဒီယာများ၊ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ယင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့(NGO) အဖွဲ့အစည်းများနှင့် ယင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တနည်းနည်းဖြင့် ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း၊ ပြောဆိုခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်သည်။" ဟူ၍ ဖော်ပြထားပါသည်။ ထိုမျှမက အပိုဒ် ၇ တွင် " ဤအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာမချမခြင်း အတည်ဖြစ်စေရမည်" ဟူ၍ ဖော်ပြထားပါသည်။

ဖော်ပြပါ အမိန့်ထုတ်ပြန်ချက်တွင် ရှေ့နေ၏ အမှုအကြောင်းပြောဆိုထုတ်ပြန်ချက်သည် မည်သည့်အတွက် နှောင့်ယှက်မှုဖြစ်ရကြောင်း၊ ဆုံးရှုံးမှုဖြစ်ရကြောင်း နှင့် အများပြည်သူငြိမ်ဝပ်မှု ကို ရုန်းရင်းဆန်းခတ်ဖြစ်စေနိုင်ကြောင်း အကြောင်းပြ ရှင်းလင်းဖော်ပြထားခြင်း မရှိသည်ကို တွေ့ရပါသည်။ ထိုအချက်သည် အထက်ဖော်ပြပါ ပုဒ်မ ၁၄၄(၁) ပြဌာန်းချက် နှင့် တရားရုံးများလက်စွဲ စာပိုဒ် ၃၉၄ ညွှန်ကြားချက်တို့နှင့် ကွဲလွဲဆန့်ကျင်နေကြောင်း တွေ့မြင်နိုင်ပါသည်။

ထို့ပြင် ပုဒ်မ ၁၄၄ (၆) အရ အမိန့်ထုတ်ပြန်ချက်သည် အမိန့်ထုတ်ပြန်ပြီးချိန်မှစ၍ နှစ်လသာ အတည်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ ဖော်ပြပါ အမိန့်စာတွင် အမိန့်ထုတ်ပြန်ပြီးချိန်မှစ၍ အချိန်အကန့်အသတ်မရှိ အာဏာတည်သည့် သဘော ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။ ယင်းအချက်သည် ဥပဒေနှင့် ကွဲလွဲဆန့်ကျင်နေပါသည်။

သို့ဖြစ်ပါ၍ ထွေအုပ်၏ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ချက်သည် တရားဥပဒေနှင့် မညီ ဟူ၍သာ တရားဥပဒေရှုထောင့်အရ တွေ့မြင်နိုင်ပါသည်။

၃။ ရှေ့နေရဲ့ ပရော်ဖယ်ရှင်နယ် အခွင့်အရေးကို ထိခိုက်ခြင်း ရှိ/မရှိ
+++++++++++++++

ထွေအုပ်ရုံးတွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သူက ပုဒ်မ ၁၄၄ ကို မည်သည့်အတွက် အသုံးပြုရသည် ဖြစ်ကြောင်း အောက်ပါအတိုင်းရေးသားမှတ်ချက်ပြုထားသည်ကို တွေ့ရပါသည်။ -

"ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ သည် အဆောတလျှင်ဖြစ်ပွားသော ပြည်သူ့နှောင့်ယှက်မှုများနှင့် စိုးရိမ်ရသော ဘေးအန္တရာယ် Apprehended Danger ဆိုက်ရောက်မည့် အခါများ၌သာ ယာယီအားဖြင့် အသုံးပြုရန် ဖြစ်ပါသည်။
အဆိုပါအမိန့်သည် တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေးကို ပျက်ပြားစေမည့် အောက်ပါ ဖြစ်ရပ်များတွင် အကြုံးဝင်သည် -

(က) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက် ဖြစ်တန်ရာသော အစုအဝေး။
(ခ) ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး။
(ဂ) ရုန်းရင်းဆန်ခတ်မှု။
(ဃ) သတ်ပုတ်နှောင့်ယှက်မှု။
(င) အများပြည်သူ၏ အသက်အိုးအိမ်အန္တရာယ်နှင့် လုံခြုံမှု။
(စ) ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်သူအား ပိတ်ပင်မှု၊ စိတ်ငြိုငြင်စေမှု (သို့) နစ်နာမှု။ "

ဖော်ပြပါ မှတ်ချက်အရ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သက်သေထွက်ဆိုချက်များနှင့် စွပ်စွဲခံရသူတို့၏ ထွက်ဆိုချက်များကို ပြန်လည်ထုတ်ပြန်ခြင်းသည် ဖော်ပြပါ အချက်များနှင့် မည်သို့မျှ ငြိစွန်းမှုမရှိကြောင်း‌ တွေ့မြင်ရမည်ဖြစ်ပါသည်။

သက်သေထွက်ဆိုချက် ဆိုသည်မှာ တရားရုံးတွင် ကျမ်းကျိန်၍ တရားဝင်ထွက်ဆိုချက်များ ဖြစ်ခြင်းကြောင့် တရားစီရင်ရေး လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဖြစ်ရုံမျှမက အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသား ပင်ဖြစ်ပါသည်။ (သက်သေခံအက်ဥပဒေ ပုဒ်မ ၇၅(က)၊ (ဃ)) တရားရုံးထွက်ဆိုချက်များကို ထုတ်ပြန်ခြင်းမပြုရန် ပုဒ်မ ၁၄၄ အရ တားမြစ်နိုင်ကြောင်း မည်သည့် ပြည်တွင်းပြည်ပ စီရင်ထုံး သာဓကမျှ မရှိရုံမျှမက တရားရုံးများ ညွှန်ကြားလွှာလက်စွဲတွင်လည်း လမ်းညွှန်ထားခြင်းမရှိပါ။ အမိန့်စာသည် ရှေ့နေရှေ့ရပ်၏ အခွင့်အရေးကို တမင်ချိုးဖောက်ခြင်း နှင့် ကန့်သတ်ခြင်းပင်ဖြစ်ပါသည်။

ရှေ့နေ ရှေ့ရပ်များသည် မိမိ အမှုသည်ထံမှ သိရှိထားသော အမှုနှင့် စပ်လျဥ်းသည့် အကြောင်း အချက်များကို မိမိ အမှုသည်၏ သဘောတူညီချက် မရရှိပဲ မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်ပေ။ (သက်သေခံ အက်ဥပဒေ ပုဒ်မ ၁၂၆) ထို့ကြောင့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်သည် သူ၏အမှုသည်များခွင့်ပြုသည်ဆိုပါက အမှုအကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ရှိကြောင်း ဥပဒေကပင် ခွင့်ပြုထားပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပုဒ်မ ၁၄၄ အမိန့်ဖြင့် ရှေ့နေတစ်ဦး၏ အမှုသည်အပေါ်ကိုယ်စားပြု ထုတ်ပြန်ပြောဆိုပိုင်ခွင့် အခွင့်အရေးနှင့် သတင်းအချက်အလက် ထုတ်ပြန်ပိုင်ခွင့် အခွင့်အရေးအပါအဝင် အမှုသည်ကိုယ်စား ဆက်သွယ်ဆောင်ရွက်ခွင့်ကိုပါ ပိတ်ပင်ခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း ဥပဒေရှုထောင့်မှ လေ့လာတွေ့ရှိရပါသည်။

အထက်မှာဖေါ်ပြခဲ့သည့် ကျွန်နော်၏သုံးသပ်တင်ပြချက်တွေမှာ အားနည်းချို့ယွင်းချက်များရှိလျှင် comments box မှာပါဝင်ဆွေးနွေးပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်။
ခင်မင်လေးစားစွာဖြင့်

ဒေါက်တာဖိုးဖြူ

ကျမ်းကိုးကားစာရင်း
(1) Code of Criminal Procedure, Burma Code Vol-8
(2) The Courts Manual, Vol-1
(3) The Evidence Act, Burma Code Vol-12
(4) တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ လက်တွေ့နှင့်သိမှတ်ဖွယ်ရာများ၊ ဦးကျော်(အောင်မြတ်ကျော်)၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ မြန်မာနိုင်ငံဝန်ထမ်း
(5) Code of Criminal Procedure, B.B Mitra, 12th edn, 1953-54, calculta

Photo Crd: RFA

ICJ ၊ ICC နှင့် လူမျိုးတုံး သတ်ဖြတ်ခြင်း အကြောင်း++++++++++++++++++နိုင်ငံတကာ တရားရုံး *****************ကုလသမဂ္ဂ အဖွဲ့အတ...
17/10/2021

ICJ ၊ ICC နှင့် လူမျိုးတုံး သတ်ဖြတ်ခြင်း အကြောင်း
++++++++++++++++++

နိုင်ငံတကာ တရားရုံး
*****************
ကုလသမဂ္ဂ အဖွဲ့အတွင်းတွင် နိုင်ငံတကာ တရားရုံး တစ်ခုရှိသည်။ နိုင်ငံတကာ တရားရုံးသည် ကုလသမဂ္ဂ ပဋိာညာဥ် အရ တည်ထောာင်ခဲ့သည့် ကမ္ဘာ့တရားရုံး တစ်ခုဖြစ်သည်။ နိုင်ငံတကာ တရားရုံးသည် ကမ္ဘာ့ ကုလသမဂ္ဂ၏ အချက်အချာကျသော ရုံးဖြစ်သည်။၎င်း၏ တရားစီရေးတွင် နိုင်ငံများက လာရောက်ညှိနှိုင်းရသော ပြဿနာများ ပါဝင်ပြီး ချာတာ သို့မဟုတ် စာချုပ်များ နှင့် ညီလာခံ များအပေါ် လုပ်ပိုင်ခွင့် အာဏာလည်းရှိသည်။

ကုလသမဂ္ဂ ပဋိညာဉ် အပိုဒ် ၉၂ အရ ထူထောင်ခဲ့သော နိုင်ငံတကာ တရားရုံး သည် ( နိုင်ငံ ပေါင်းချုပ် အသင်းကြီး ၏ တရားစီရင် ရေး အစိတ်အပိုင်း တစ်ခုဖြစ်သော ) နိုင်ငံတကာ ရာသက်ပန် တရားရုံး နေရာကို ဆက်ခံခဲ့သည်။ မတူညီသော နိုင်ငံများမှ တရားသူကြီး ၁၅ ဦးကို အထွေထွေ ညီလာခံ UNGA နှင့် လုံခြုံရေး ကောင်စီ UNSC ၏ ရွေးချယ်မှုများ အရ ခန့်အပ်သည်။။၎င်းတို့ကို ၎င်းတို့၏ တိုင်းရင်းသားဖြစ်တည်မှုပေါ်တွင် အခြေမခံပဲ ကျွမ်းကျင်မှု နှင့် အရည်းအချင်းတို့ အပေါ် အခြေခံ၍ ရွေးကောက်ထားသည်။သို့သော် နိုင်ငံတစ်နိုင်ငံတည်းမှ တရားသူကြီး နှစ်ဦးအား ရွေးချယ် ခန့်အပ်ခြင်း မပြုနိုင်ပါ။ အမှုတစ်ခုတွင် ပြည်တွင်း တရားသူကြီး ခန့်အပ်ပြီး မဟုတ်ပါက အငြင်းပွားမှုတွင်ပါဝင်သော နိုင်ငံများမှ ဆွဲခန့် တရားသူကြီးများကိုလည်း ရွေးချယ်နိုင်သည်။ တရားရုံးသည် အခန်းများ ခွဲ၍ လည်းကောင်း ၊ အားလုံး စု၍ သော်လည်းကောင်း အငြင်းပွားဖွယ် အမှုများကို ကြားနိုင်ပြီး အကြံပေးနိုင်သည်။ မည်သည့် နိုင်ငံက မဆို တရားရုံးမှ အမှုများ ကိုင်တွယ်မှုကို အသိအမှတ်ပြုနိုင်သည်။

သို့ရာတွင် နိုင်ငံတကာတရားရုံးသည် လူတစ်ဦးချင်းစီမှ တင်ပြလာသော အငြင်းပွားမှုများ ( သို့မဟုတ်) နိုင်ငံတကာ လူ့အခွင့် အရေးစာချုပ် စာတမ်းများကို ချိုးဖောက်ခြင်းဆိုင်ရာ အမှုများအား စီရင်ပိုင်ခွင့် မရှိပေ။ လူနည်းစု အုပ်စုများနှင့် ပတ်သက်သည့် ဥပဒေများကို ချမှတ်ပေးခဲ့သည့် နိုင်ငံတကာ ရာသက်ပန် တရားရုံး နည်းတူ နိုင်ငံတကာတရားရုံးသည် သဘောတူ စာချုပ်များ နှင့် နိုင်ငံများ၏ တာဝန်များကို အဓိပ္ပါယ် ဖွင့်ဆို၊ ပြန်ဆိုပေးနိုင်သည်။

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး
***************************************
နိုင်ငံတကာ တရားရုံး၏ လုပ်ငန်းများကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC ၏ လုပ်ငန်းများ နှင့် မရောထွေးသင့်ပေ။ရက်စက်ယုတ်မာဆိုးရွားသော စစ်ရာဇဝတ်မှုများ နှင့် အခြားသော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမို သိရှိလာပြီး ရဝမ်ဒါ နိုင်ငံနှင့် ယခင် ယူဂိုစလားဗီးယား နိုင်ငံ အမှုများတွင် ရှောင်တခင် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ဖွဲ့စည်းလိုက်ပြီး နောက်ရာသက်ပန် ကမ္ဘာ့ရာဇဝတ် မှု တရားရုံး တစ်ခု တည်ထောင်ရန်မှာ အရှိန်အဟုန် ကောင်းလာခဲ့သည်။တရားရုံးကို ထူထောင်ခဲ့သည့် ရောမ သဘောတူစာချုပ်၏ ရည်ရွယ်ချက်မှာ ‘’ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးနှင့် သက်ဆိုင်သော ကြီးလေးသည့် ရာဇဝတ်မှုများကို အပြစ်မပေးဘဲ မနေသင့် ‘’(စကားဦး ) ဟူ၍ ဖြစ်သည်။ တရားရုံးသည် အမြဲတမ်းရှိပြီး နယ်သာလန် နိုင်ငံ The Hague မြို့တွင် ရုံးထိုင်သည်။

Nuremberg နှင့် Tokyo ခုံရုံးများမှ စတင်၍ ယာယီ ရာဇဝတ်ခုံရုံးများ၏ အောင်မြင်မှုများကို အခြေခံကာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး သည် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်သည့် ကိစ္စရပ်များအပေါ် စီရင်ခွင့် ရှိသည်။ မည်သည့်လက်မှတ်ရေးထိုးထားသော နိုင်ငံ နယ်နိမိတ် အတွင်း၌ မဆို ဖမ်းဆီးရန် ဝရမ်းထုတ်ပိုင်ခွင့်လည်းရှိသည်။ ထိုစီရင်ပိုင်ခွင့်သည် ပြည်တွင်း ရာဇဝတ်မှု စီရင်ခွင့်ကို အထောက်အကူ ပြုသည်။

Rome သဘောတူစာချုပ်အရ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးသည် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ နှင့် အကြမ်းဖက် ရာဇဝတ်မှု များအပေါ် စီရင်ပိုင်ခွင့် ရှိသည( အပိုဒ် ၅)။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပိုဒ် (၆) တွင် ကျွန်ပြုခြင်း၊ညဥ်းပန်းနှိပ်စက်ခြင်း၊လိင်ကျွန်ပြုခြင်း၊ လက်စ ဖျောက်ခြင်းနှင့် အသားအရောင် ခွဲခြားခြင်း တို့ပါဝင်သည်။ယင်းတို့ အားလုံးသည် လူ့အခွင့် အရေး တွင်ပါဝင်သည်။ စစ်ရာဇဝတ်မှုများ၏ အစိတ်အပိုင်းအများအပြားသည် ယနေ့ခေတ် လူ့အခွင့်အရေး စာချုပ်စာတမ်းတွင် ပါဝင်ပြီး လူသားချင်း စာနာထောက်ထားမှု ဥပဒေ နှင့်လည်း တူညီနေသည့် အချက်များရှိသည်။ Rome သဘောတူစာချုပ်သည် Geneva သဘောတူစာချုပ် ပါ ပြဌာန်းချက်များကို မှီငြမ်းထားခြင်းဖြစ်ပါသည် အပိုဒ်(၈)။

လူမျိုးတုံး သတ်ဖြတ်မှု / လူမျိုးတုံး ရှင်းလင်းမှု ( Genocide )
**************
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှ လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ သဘောတူညီချက် စာချုပ်ကို ရေးဆွဲပြီးသည်နှင့် နောက်တစ် နေ့တွင် ထုတ်ပြန်ခဲ့သည်ကို သမိုင်းကြောင်းအရ သိနိုင်ပါသည်။ ထို နိုင်ငံတကာ သဘောတူ စာချုပ်ကို ထုတ်ပြန်ချိန်တွင်လည်း နိုင်ငံ တကာ အဖွဲ့ အစည်းများမှ လူမျိုးတုံး သတ်ဖြတ်မှုကို ထိရောက်စွာ တားမြစ်ခြင်းမှာ အရေးပါကြောင်း အတိအလင်းကြေငြာခဲ့သည်။

လူမျိုးတုံး သတ်ဖြတ်ခြင်းတွင် လူမျိုးစုတစ်စု၏ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ယဥ်ကျေးမှု ဆိုင်ရာ တို့အား သုတ်သင် ရှင်းလင်းသည်ကို ဆိုလိုပါသည်။လူမျိုးတုံး သတ်ဖြတ်ခြင်း ဆိုသည့် အသုံး အနှုန်းမှာ ရှေးဟောင်း ရာဇဝတ်မှု တစ်မျိုး၏ ခေတ်ပေါ် အမည်ပင်ဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်ခြင်းဟူသည့် အသုံးအနှုံးကို သဘောတူစာချုပ်တွင် မသုံးနှုံးခင် အချိန်အထိ နိုင်ငံတကာမှ လက်ခံခဲ့ခြင်းမရှိပါ။နိုင်ငံ ပေါင်းချုပ် အသင်းကြီး၏ လူနည်းစု အုပ်စုများ ကာကွယ်ရေး အာမခံချက်များနှင့် လမ်းညွှန်ချက်များကို တစ်ပါတီ အာဏာရှင် ၏ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် လူ့အခွင့်အရေး များကို စမ်းသပ်ကြည့်ရာတွင် မထိရောက်ကြောင်း တွေ့ရသည်။Nuremberg စစ်ခုံရုံး တည်ထောင်သည့် ပဋိညာဥ်တွင် ‘သုတ်သင်ခြင်း’လုပ်ရပ်များကို ရှုတ်ချထားသည် (Nuremberg ပဋိညာဥ် စာတမ်း အပိုဒ် ၆ (ဂ)
‘လူမျိုးတုံး သတ်ဖြတ်ခြင်း’ ဟူသော အသုံးအနှုန်းကို သုံးမထားပေ။ သို့ရာတွင် Nuremberg တရားစီရင်ရေးအထဲတွင် ဂျာမနီ ၏ စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနှင့်ဆိုင်သော စွဲချက်များတွင် ‘လူမျိုးတုံး သတ်ဖြတ်ခြင်း’ ဟူသော အသုံးအနှုန်းကို ပထမဆုံး အကြိမ် မှတ်တမ်းတင်ထားသည်။၁၉၄၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဂျာမနီနိုင်ငံ၏ အဓိကအရေးပါသော စစ်ရာဇဝတ်ကောင်များကို စွဲချက်တင်ရာ၌ ၎င်းတို့သည် ‘ရည်ရွယ်ချက်ရှိရှိ နည်းစနစ်တကျ လုပ်ဆောင်ခဲ့သော လူမျိုးတုံး သတ်ဖြတ်မှု’ တွင် ပါ၀င်ပတ်သက် ဆောင်ရွက် ခဲ့သည်ဟု စွဲချက်တင်ခဲ့သည်။လူမျိုးတုံး သတ်ဖြတ်မှု၏ လက်တွေ့အချက်အလက်များကို အကျယ်ချဲ့ စဥ်းစားခဲ့ကြသော်လည်း ခုံရုံး၏အမိန့်များတွင် ‘လူမျိုးတုံး သတ်ဖြတ်မှု’ မဖော်ပြခဲ့ကြခဲ့ခြင်းမှာ အလွန်အံ့သြဖွယ်ကောင်းသည့် အချက်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများမှ လူမျိုးတုံးသတ်ဖြတ်မှုကို ဥပဒေ အရ အသိအမှတ်ပြုလက်ခံခြင်းသည် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၉၆၁ တွင် ပထမဆုံး အကြိမ်ထွက်ပေါ်လာခဲ့သည်။အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီကို လူမျိုးတုံး သတ်ဖြတ်ခြင်း လူ့အခွင့်အရေးနှင့်ဆိုင်သော လူသားမဆန်သော ရာဇဝတ်မှုအား ကာကွယ်ရန်နှင့် အပြစ်ပေးရန် သဘောတူစာချုပ်မူကြမ်း ရေးဆွဲ ခြင်းအတွက် တာဝန်ပေးခဲ့သည်။ ယင်း သဘောတူစာချုပ်မူကြမ်းမှ ထွက်ပေါ်လာသော လူမျိုးတုံး သတ်ဖြတ်သော ရာဇဝတ်မှုကို တားဆီးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၆၀ (၂) အရ ကန့်ကွက်မဲ မရှိအတည်ပြုခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှု ၏ အဓိပ္ပါယ် ရှင်းလင်း ဖွင့်ဆိုချက်မှာ ရုပ်ပိုင်းဆိုင်ရာ သတ်ဖြတ်ခြင်းထက် ပို၍ ကျယ်ပြန့်သည်ဟု ၎င်း သဘောတူစာချုပ်တွင်ပါရှိသည်။

လူမျိုးတုံး သတ်ဖြတ်သော ရာဇဝတ်မှုကို တားဆီးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ မျှော်လင့်ထားသည်ထက်ကို ပို၍ ကောင်းမွန် ထိရောက်ခဲ့ပြီး ယခုအချိန်တွင် အလေးနက်ဆုံးသော စစ်ရာဇဝတ်မှု နှင့် သက်ဆိုင်သည့် အကြောင်းအရာမှန်သမျှကို အပြည်အပြည်ဆိုင်ရာ ဥပဒေ ဟု သတ်မှတ် လက်ခံ ထားကြ၍ နိုင်ငံတကာ စံနှုန်းများတွင် အလေး အနက်ထားလျက်ရှိ၍ လူမျိုးတုံး သတ်ဖြတ်ခြင်း ဥပဒေကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေဟူ၍ပင် လက်ခံထားကြသည်။

နိုင်ငံတကာရာဇဝတ် ခုံရုံးများ၏ ပြစ်ဒဏ်ပေးသည့် လုပ်ဆောင်ချက် အချို့
**************
နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး၏ လုပ်ဆောင်ချက်အများစုမှာ ရဝမ်ဒါ နိုင်ငံ နှင့် ပတ်သက်ပြီး လူမျိုးတုံး သတ်ဖြတ်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များဖြစ်သည်။ထိုရာဇဝတ်ခုံရုံးတွင် လူပေါင်း ၉၃ ယောက်စွဲချက်တင်ခံခဲ့ရပြီး ၆၂ ယောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။ရဝမ်ဒါ နိုင်ငံမှ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံတကာခုံရုံးတွင် Jean Paul Akayesu သည် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ပြစ်မှုများထဲမှ စွဲချက်ပေါင်း ၉ ခုအတွက် အပြစ်ရှိကြောင်း သက်သေအထောက်အထား အပြည့်စုံ တွေ့ရှိရသည့်အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ခုံရုံးမှ လူသားမဆန်စွာ ကျူးလွန်ခဲ့သည့် ပြစ်ဒဏ်အတွက် အမိန့်ချမှတ်သည့်အခါ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကို ပထမဆုံး အကြိမ် ထင်ရှား စီရင်ခံခဲ့ ရသူဖြစ်သည်။
အထက်ပါ အမှုသည် လူမျိုးတုံး သတ်ဖြတ်မှု နိုင်ငံတကာ သဘောတူစာချုပ်ကို ပထမဆုံး အကြိမ် အဓိပ္ပါယ် ဖွင့်ဆိုခြင်း နှင့် လက်တွေ့ အသုံးပြုခဲ့ခြင်းဖြစ်သည်။

နိဂုံး
********
ယခုအခါ The Heague တွင် လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်သူများနှင့် လူသားထုအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်သူများကို တရားစွဲဆို အပြစ်ဒဏ် ချမှတ်နိုင်ရန် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကို တည်ထောင်ထားပြီးသည့်နောက် တရားရုံးရှိ ခုံရုံးများ၏ စီရင်ပိုင်ခွင့်အတိုင်း လုပ်ဆောင်နိုင်ပြီး လူမျိုးတုံး သတ်ဖြတ်မှုအား လေးလေးနက် စဥ်းစား အကျယ်ချဲ့ ပြီး အဓိပ္ပါယ် ဖွင့်ဆို နိုင်မည် ဖြစ်သလို အရေးယူ ပြစ်ဒဏ်ချမှတ် နိုင်မည်လည်း ဖြစ်သည်။

ကမ္ဘာကြီးပေါ်ရှိ လူသားတိုင်းအတွက် နိုင်ငံအတွင်း အဆင်ပြေစွာ အေးချမ်းစွာ အသက်ရှင်သန် နေထိုင်နိုင်ရေးသည် မျှော်လင့်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးတွင်လည်း အရေးကြီးဆုံး အရာ အဖြစ်ရှိနေသည့် အလျောက် နိုင်ငံတကာ ဥပဒေတွင်လည်း ရှင်းလင်းသော လူ့အခွင့် အရေးရှုထောင့် မှကြည့်လျှင်လည်း (နိုင်ငံတော်မှ စိတ်ရှိသလို သတ်ဖြတ်ခြင်း ) လူမျိုးတုံး သတ်ဖြတ်ခြင်းဆိုင်ရာ စစ်ရာဇဝတ်မှုများကို ကာကွယ်ရန် နှင့်အပြစ်ပေးနိုင်ရန်အတွက် ပြည့်ပြည့်စုံစုံ ခြုံငုံပါဝင် ရေးသားဖော်ပြထားသည်။နိုင်ငံတော်မှ လူ့အခွင့်အရေး အခြေအနေကို အလေးမထား မကျင့်သုံး သည့်တိုင်အောင် သက်ဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အခြေအနေတွင်လည်း လူမျိုးတုံး သတ်ဖြတ်ခြင်းဆိုင်ရာ ဥပဒေများက စစ်ရာဇဝတ်မှု ကျုးလွန်သူများအတွက် အကျုံးဝင် သက်ဆိုင်ပါသည်။ကမ္ဘာပေါ်ရှိ လူ့အသိုင်းအဝိုင်း သို့မဟုတ် နိုင်ငံအတွင်းမှ တိုင်ရင်းသား လူမျိုးစုများ အပေါ်တွင်လည်း လက်နက်ကိုင် ပြီး အကြမ်းဖက် စိန်ခေါ်လာပါက လူသားတိုင်း၏ မျှော်လင့်ချက်ဖြစ်သည့် အသက် ရှင်သန်ခွင့်ကို ကာကွယ်ပေးနိုင်မည့် စစ်ပွဲဆိုင်ရာ ဥပဒေများ နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများသည်လက်ရှိဖြစ်တည်လျက်ရှိနေပါသည်။
ခင်မင်လေးစားစွာဖြင့်

Dr. Phoe Phyu
Doctor of Letters in law
St. Clements University
LL.M in International Trade
and Commercial Law
University of Essex, UK

Founder & CEO
Phoe Phyu & Associates Law Firm
Founder & Academic Dean
Phoe Phyu School of Law

Office : 09 960278100
website : http://www.uphoephyu.org
email : [email protected]

အခန်းအမှတ် (၅၀၆)၊ (၅) လွှာ၊
လမ်း၅ဝကွန်ဒို (ဘီ)၊
လမ်း (၅၀) (အောက်ဘလောက်)၊
(၅) ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

Address

50th Street
Yangon
11162

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959960278100

Alerts

Be the first to know and let us send you an email when Phoe Phyu & Associates Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phoe Phyu & Associates Law Firm:

Share

ဥပဒေ အတိုင်ပင်ခံလုပ်ငန်း

ဖိုးဖြူနှင့်ရောင်းရင်းများဥပဒေအတိုင်ပင်ခံလုပ်ငန်းသည် မြေယာပြသာနာများနှင့်ကုန်သွယ်စီးပွားလုပ်ငန်းဆောင်တာများတွင် အထူးပြုအကျိုးဆောင်ပေးလျှက်ရှိသော ဥပဒေပညာရပ်ဆိုင်ရာအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ပါသည်။ ပေးအပ်လျှက်ရှိသောဝန်ဆောင်မှုများမှာ -

၁။ ဥပဒေအတိုင်ပင်ခံနှင့် ဥပဒေသုတေသနလုပ်ငန်း၊

၂။ ဥပဒေလုပ်ငန်းအစီအစဉ်ရေးဆွဲမှုလုပ်ငန်း၊

၃။ ဥပဒေရေးရာစီမံခန့်ခွဲမှုလုပ်ငန်း၊