ဥပဒေရေးရာ

ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်လိုပါက Page Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(2)

အိမ်မြေ ၀ယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုလျှင်     ရုံးခန်း၌ စာရေးသူရှိနေစဉ် စာဖတ်ပရိသ...
23/05/2026

အိမ်မြေ ၀ယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုလျှင်


ရုံးခန်း၌ စာရေးသူရှိနေစဉ် စာဖတ်ပရိသတ်တစ်ဦးပါဟု မိတ်ဆက် ၍ အသက်ငါးဆယ်ခန့်အရွယ် အမျိုး သားတစ်ဦး ရောက်ရှိလာပါသည်။

''ဟုတ်ကဲ့၊ ထိုင်ပါခင်ဗျာ။ ကျွန် တော်ဘာများ အကူအညီပေးရမလဲ'' ဟု ခရီးဦးကြိုပြုလိုက်ပါသည်။

''လွန်ခဲ့တဲ့နှစ် အစိတ်လောက်ရှိ ပြီ ဆရာ။ အမေ့အမည်ရယ်၊ ကျွန်တော့်အမည်ရယ်နဲ့ အခုနေတဲ့ အိမ် မြေကို ဝယ်ခဲ့တယ်''
''ဂရန်မြေလား၊ ဘယ်လိုမြေ အမျိုးအစားလဲ''
''ဂရန်မြေပါ ဆရာ။ ယာယီမှတ် ပုံတင် အရောင်းအဝယ် စာချုပ်ချုပ် ဆိုထားပြီး ဆက်မသွားဖြစ်တော့ဘူး ဆရာ။ အခုမှ ကြည့်မိပြီး သိရတယ်။ ဘယ်လို ဆောင်ရွက်လို့ရမလဲဆိုတာ သိချင်လို့ပါ''

''ဘယ်လိုဖြစ်လို့ နှစ်ပေါင်း ၂၅ နှစ်လောက်ကြာသွားရတာလဲ''

''ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်တော့ ဒီကိစ္စကိုလည်း သတိမရတော့ဘူး ဆရာ။ အခုမှ ဂရန် သက်တမ်းကုန်ခါနီးဖြစ်တော့ ကြည့်မိရာကနေ သတိပြုမိရတာပါ''
''ရောင်းသူက ဘယ်မှာရှိတယ် ဆိုတာသိပါသလား''
''ဘယ်ပြောင်းသွားတယ်ဆိုတာလည်း မသိဘူးဆရာ။ သူကိုယ်တိုင်လည်း သက်ရှိထင်ရှားရှိ မရှိ မသိတော့ဘူး''
''ရောင်းသူနဲ့ ဆက်စပ်တဲ့ သားသမီးဆွေမျိုးတွေလည်း ဘယ်မှာနေ မှန်းမသိဘူးပေါ့''
''ဟုတ်တယ်ဆရာ၊ ကျွန်တော် ကလည်း နိုင်ငံခြားမှာ အနေများ တော့ ဘယ်သူနဲ့မှ အဆက်အသွယ် မသိဘူး။ ပိုဆိုးသွားတာက အမေကလည်း ပြီးခဲ့တဲ့လပိုင်းက ဆုံးသွားတော့ ဘယ်လိုမှ ဆက်စပ်မသိတော့ဘူး''
''ဂရန်စာချုပ်တော့ မူရင်းရှိတယ်ပေါ့''
''ဟုတ်ကဲ့ ရှိပါတယ်။ စာချုပ်စာတမ်းရုံးကို သွားမေးကြည့်တော့ ယာယီစာချုပ်က သက်တမ်းကာလ ကုန်သွားလို့ ဆက်ချုပ်ဆိုမရတော့ဘူး။ တရားရုံးမှာ တရားစွဲဆောင် ရွက်ရမယ်ပြောပါတယ်။ ဒါကြောင့် ဆရာ့ဆီလာရောက်ဆွေးနွေးတာပါ''

''ဂရန်အမည်ပေါက်က စာချုပ်ပါ ရောင်းသူအမည်ပဲ မဟုတ်လား''
''ဟုတ်ပါတယ် ဆရာ''
''ရောင်းသူရဲ့ အမွေဆက်ခံသူ သားသမီးတစ်ဦးတစ်ယောက်နဲ့ ဆက် သွယ်မိရင်တော့ လွယ်ကူသွားတာ ပေါ့။ ရောင်းသူကိုယ်တိုင် သက်ရှိ ထင်ရှားရှိနေရင် ပိုအဆင်ပြေတယ်။ အခုတော့ လိပ်စာလည်းမသိ ဖြစ်နေ တယ်။ ဒီတော့ ပထမဦးဆုံးအနေနဲ့ သတင်းစာထဲမှာ ရောင်းသူကို စာ ချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုပေးဖို့ အကြောင်းကြားစာသဘော ထည့် သွင်းကြေညာရမှာဖြစ်တယ်''

''လိပ်စာမသိတော့ ဘယ်လို ထည့်မလဲဆရာ''
''ယခင်လိပ်စာပဲ ထည့်ရမှာပေါ့။ ယခုလိပ်စာမသိပေါ့။ လိပ်စာ သိရင် တော့ တိုက်ရိုက်နို့တစ်စာပေးပို့လို့ရ တယ်လေ''
''ယခင်လိပ်စာက အခုကျွန်တော် တို့ ဝယ်နေတဲ့ အိမ်လိပ်စာပဲ ဆရာ''
အင်းပေါ့ အဲဒီလိပ်စာကို ယခင် လိပ်စာအဖြစ် ထည့်သွင်းဖော်ပြရမှာ ဖြစ်တယ်။ ယခုနေရပ်လိပ်စာမသိလို့ ဖော်ပြပြီး အရောင်းအဝယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုပေးရန် ဆက် သွယ်ဖို့နဲ့ သတ်မှတ်ရက်ကျော်က ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ကြေညာရမှာဖြစ်တယ်''

''သတ်မှတ်ရက်ကျော်သွားရင် တရားစွဲရမှာလား ဆရာ''

''ဟုတ်ပါတယ်။ အိမ်မြေအ ရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ် ဆိုပေးစေလိုမှုအဖြစ် တရားရုံးမှာ တရားစွဲဆိုရမှာဖြစ်ပါတယ်။ တစ်ခု အဆင်ပြေသွားတာက ဝယ်ထားတဲ့ အိမ်မြေကို လက်ရောက်ရယူနေထိုင် နေတဲ့အတွက် အရောင်းအဝယ်က အထမြောက်တဲ့ သဘောရှိနေပါတယ်''
''ဆရာပြောသလို၊ လက်ရောက် ရယူမနေထားရင် ဘယ်လိုဖြစ်နိုင်ပါ သလဲ''
''အဲဒီလို အခြေအနေမျိုးဆိုရင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေးရန်အပြင် ပစ္စည်းလက် ရောက်ပါစွဲဆိုရပါတယ်။

အဲဒီမှာ ပြဿနာရှိတာက ကိုယ်မသိလိုက်ပဲ အိမ်မြေပိုင်ရှင်က တစ်ဦးတစ်ယောက် ကို ရောင်းထားတာတွေ အခြားဆွေ မျိုးများနေထိုင်လျက်ရှိနေတာတွေရဲ့ ကြုံရတတ်တယ်''

''အဲဒါမျိုးဆိုရင် နေတဲ့သူပါ ထည့်ပြီး တရားစွဲရမှာပေါ့နော်''

''ဟုတ်ပါတယ်။ သူတို့ကလည်း သူတို့ရဲ့ ပိုင်ဆိုင်ခွင့်၊ နေပိုင်ခွင့်နဲ့ ထု ချေတတ်တာကြောင့် အခက်အခဲရှိ လာတယ်။ အခုကိစ္စကတော့ မြေနဲ့ အိမ်က မိမိလက်ဝယ်မှာရှိပြီး နေထိုင် လျက်ရှိတာကြောင့် ပိုင်ဆိုင်မှုအငြင်း ပွားစရာ မရှိတော့ဘူးပေါ့''

''အခုထပ်ပြီး ချုပ်ရင်၊ ယာယီ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ပထမဆုံးထပ်ချုပ်ရဦးမှာလားဆရာ''

''အခုခေတ်ကာလမှာတော့ ယာယီမှတ်ပုံတင် အရောင်းအဝယ် စာချုပ်အဆင့် မရှိတော့ဘူး။ ယခင်က ယာယီမှတ်ပုံတင်စာချုပ်ပြုလုပ်တယ် ဆိုတာက တံဆိပ်ခေါင်းတွေ ထပ်ကပ် ရန် လို မလို၊ အိမ်မြေတန်ဖိုးစိစစ်ရေး အဖွဲ့က ကွင်းဆင်းစစ်ဆေးတာတွေ၊ အမြတ်ခွန်ထမ်းဆောင်တာတွေအ တွက် ဆောင်ရွက်ဖို့ ယာယီလက်ခံ ထားတာပဲဖြစ်တယ်။ တန်ဖိုးစိစစ်ရေး အဖွဲ့ရဲ့ တင်ပြချက်အရ အမြတ်ခွန် ဆောင်ခြင်း လိုအပ်သည့် တံဆိပ် ခေါင်းထပ်မံ ထမ်းဆောင်ခြင်းပြုပြီးမှ ယာယီမှတ်ပုံတင်စာချုပ်ကို မှတ်ပုံ တင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုပေးတာဖြစ်ပါတယ်''

''အခုတော့ အခွန်ဆောင်တာ အရင်လုပ်ရတယ်လို့ ကြားတယ် ဆရာ''

''ဟုတ်ပါတယ်။ ပထမဦးဆုံး မြေပုံမြေရာဇဝင်ကူးရတယ်။ ပြီးရင် တန်ဖိုးစိစစ်ရေးအဖွဲ့ထံ တင်ပြရ တယ်။ လိုအပ်တဲ့ ဝယ်ခွန်ထမ်းဆောင်ပြီးမှ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးပါတယ်''

''ကျွန်တော်တို့ကိစ္စက တရားစွဲ တယ်ဆိုတော့ ဘယ်သူ့ကို တရားစွဲရ မှာလဲ။ ရောင်းသူကို စွဲရမှာလား''

''ဟုတ်ပါတယ်။ သတင်းစာထဲမှာ ဆက်သွယ်ဖို့အကြောင်းကြားပေ မယ့် အဆက်အသွယ်မရလို့ တရားရုံး မှာ ရောင်းသူကို တရားစွဲဆိုရမှာဖြစ် ပါတယ်''

''အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးစေလိုမှုအဖြစ် တရားစွဲရမှာပေါ့''

''ဟုတ်ပါတယ်။ တရားရုံးကလည်း သတင်းစာကနေ ရုံးချိန်းလာ ရောက်ဖို့ သမ္မာန်စာ (အကြောင်း ကြားစာ) ထည့်သွင်းကြေညာပါ တယ်။ ကြေညာခကိုတော့ မိမိက တာဝန်ယူရမှာဖြစ်တယ်''

''တရားရုံးကိုလည်း မလာဘူးဆို ရင် ဆရာရယ်၊ ဘယ်လိုဖြစ်နိုင်သလဲ''

''တရားသူကြီးက တစ်ဖက် သတ်လျှောက်ထားသူကို စစ်မယ်၊ သက်သေစစ်မယ်၊ စာရွက်စာတမ်း အရ ဝယ်ယူထားပြီး လက်ရှိနေလျက်ရှိတာ ပေါ်လွင်မယ်။ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဘာကြောင့်မလျှောက် ထားရကြောင်း အကြောင်းပြချက် ခိုင်မာရင် ရောင်းသူအဖြစ် တရားရုံး ရှိ ဘိလစ်က တာဝန်ယူလက်မှတ် ရေးထိုးပြီး အရောင်းအဝယ်မှတ်ပုံ တင် စာချုပ်ကို မှတ်ပုံတင်ရုံးမှာ ချုပ် ဆိုခွင့်ရသွားမှာဖြစ်ပါတယ်''

''ဒါဆိုရင် တရားရုံးက တာဝန် ယူဆောင်ရွက်ပေးတဲ့ သဘောပေါ့''

''မှန်ပါတယ်။ ဒါကြောင့် တရားရုံးမှာ တရားစွဲ ဆောင်ရွက်ရမယ်ဖြစ်ပါတယ်''ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။

Credit to copy

လူနေထိုင်ခွင့် ( BCC) ဆိုတာဘာလဲ...တချို့နေရာတွေမှာ အဆောက်အဦးဆောက်လို့ပြီးနေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ...BCC ဆ...
22/05/2026

လူနေထိုင်ခွင့် ( BCC) ဆိုတာဘာလဲ...

တချို့နေရာတွေမှာ အဆောက်အဦးဆောက်လို့ပြီးနေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ...

BCC ဆိုတာ တိုက်ခန်းရောင်း၊ဝယ် လုပ်ရင် ဘယ်လိုအရေးပါသလဲ....ဆိုတာတွေကို အိမ်ပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေ သိထားရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်....

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ
************************************************
BCC စာရွက်ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင် အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ်။ အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး အဲ့ဒီစာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာနိုင်ပါတယ်။

ဘီစီစီစာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေ ရှိ နေပါတယ်။
ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ် ။
အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ် ။
ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။
ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်း မြင်ရော “လူနေခွင့်ပြုသည်” ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ် ။
ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ..။

ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ အပေါ်ဘီစီစီ ဆိုတာကို နားလည်နိုင်စေဖို့ ဖြစ်ပါတယ်။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။
လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။
လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ..။
ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။
တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။
ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။
ဘီစီစီစာရွက်ပါ ပါရပါတယ်..။
ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။
အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။
လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။
ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။
ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။
တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။
တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်လုံးတစ်လေ ရှိပါတယ်..။)
၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။

၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။

ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။

(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။

အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။
ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။
၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။

(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။

(စိတ်ကို တော်တော်လေသွားပါတယ်..။)

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။

မိမိနဲ့ တိုက်ခန်းဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ..။
BCC စာရွက်မူရင်းပုံစံကိုတွဲလျက်ဖော်ပြပေးလိုက်ပါတယ်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းအတွက် ပေးဆောင်ရမည့် အခကြေးငွေနှုန်းထားများစာရင်း
20/05/2026

စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းအတွက် ပေးဆောင်ရမည့်
အခကြေးငွေနှုန်းထားများစာရင်း

လက်ထပ်ထိမ်းမြားခြင်းကွာရှင်းခြင်းနှင့်ပစ္စည်းခွဲဝေခြင်းအကြောင်း... အပိုင်း(၂)°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°မြန်မာဗုဒ...
18/05/2026

လက်ထပ်ထိမ်းမြားခြင်းကွာရှင်းခြင်းနှင့်ပစ္စည်းခွဲဝေခြင်းအကြောင်း... အပိုင်း(၂)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြန်မာဗုဒ္ဓဘာသာ အမျိုးသားနှင့် အမျိုးသမီးတို့သည် အိမ်ထောင်ပြုလိုက်သည်နှင့် တပြိုင်နက် အခြား ဘာသာဝင် များနှင့်မတူပဲ ပစ္စည်းခန်း၌ လင်ပိုင်သည့် ပစ္စည်းတွင် မယားပိုင်ဆိုင်ခွင့် ရှိသကဲ့သို့ မယားပိုင်ဆိုင် သော ပစ္စည်း တွင်လည်း လင်ကပိုင်ဆိုင်ခွင့်ရှိသည့် အတူပိုင်ဆိုင် ကြသူများ ဖြစ်ကြသည်။ထိုသို့အတူ ပိုင်ဆိုင်ကြသူများ ဖြစ်သောကြောင့် မည်သည့်ပစ္စည်း များသည် လင်မယားတို့နှင့် သက်ဆိုင်​ပြီး အကျိုးခံစား ခွင့် ရှိကြောင်းကို ဆက်လက်ဖော်ပြပါမည်။

အောက်ဖော်ပြပါ အင်္ဂါရပ်အမျိုးအမည်များတွင် မြန်မာ ဗုဒ္ဓဘာသာ လင်နှင့်မယားတို့ အကျိုးခံစားခွင့် ရှိကြ သည်။၎င်းတို့မှာ-

၁။ ပါရင်း
၂။ အထက်ပါ
၃။ ခန်းဝင်
၄။ သာမန်လက်ထက်ပွား
၅။ နှစ်ပါးစုံ
၆။ အမွေရလက်ထက်ပွား တို့ဖြစ်ကြသည်။

၁။ ပါရင်း
••••••••••
ပါရင်းဆိုသည်မှာ ငယ်လင်၊ငယ်မယားဖြစ်ကြသည့် အိမ်ထောင်ဖက်များ၏ အိမ်ထောင်မပြုမီကတည်းက ပိုင်ခဲ့ပြီး အိမ်ထောင်ပြုရာတွင် ပါလာသည့်ပစ္စည်း ဖြစ်သည်။မြန်မာဗုဒ္ဓဘာသာနှစ်ဦးတို့သည် ထိမ်းမြား လကထပ်ပြီးသည်နှင့် တပြိုင်နက် တစ်ဦး၏ ပါရင်း ပစ္စည်းတွင် ကျန်တစ်ဦးက သုံးပုံတစ်ပုံ အကျိုးခံစား ခွင့် ရှိသည်။ပါရင်းပစ္စည်း ယူလာသူက သုံးပုံနှစ်ပုံ ရရှိသည်။

၂။ အထက်ပါ
•••••••••••••
အထက်ပါဆိုသည်မှာ တစ်ခုလပ် သို့မဟုတ် မုဆိုးဖို၊ မုဆိုး မ ဖြစ်သည့် အိမ်ထောင်ဖက်များ၊ အိမ်ထောင် ဟောင်းများ ဖြစ်သည့် အထက်အိမ်ထောင်၌ ပိုင်ခဲ့၍ အိမ်ထောင်သစ် ပြုရာတွင် ပါလာသည့်ပစ္စည်း ဖြစ်သည်။အထက်ပါ ပစ္စည်းမှာ ပါရင်းပစ္စည်း ကဲ့သို့ မဟုတ် မည်သည့်အခါမှ လင်မယားနှစ်ဦးပိုင် မဖြစ်ပါ။မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အိမ်ထောင်ကြီး များသည် တစ်ဦး၏ အထက်ပါ ပစ္စည်းတွင် ကျန် တစ်ဦးက အကျိုးသက်ဆိုင်ခွင့်ပါ။သို့ရာတွင် ၎င်းတို့ နှစ်ဥိီးအနက် တစ်ဦးဦး ကွယ်လွန်သော အခါ ကျန် တစ်ဦးက ကွယ်လွန်သူ၏အမွေကို ဆက်ခံခွင့် ရှိပေ သည်။

၃။ ခန်းဝင်
•••••••••••
ခန်းဝင်ဆိုသည်မှာ ထိမ်းမြားစဥ်က ထိမ်းမြားသူ နှစ်ဦးအား သူတို့၏ မိဘ၊ဘိုးဘွား၊ သားချင်း မိတ်ဆွေ သင်္ဂဟများက လင်နှင့်မယား နှစ်ဦးအကျိုးအတွက် လက်ဖွဲ့သော သို့မဟုတ် ပေးသော ပစ္စည်း ဖြစ်သည်။ပါရင်းပစ္စည်းကို ထိမ်းမြားစဥ် အခါ၌ ခန်းဝင်ပစ္စည်း အဖြစ် ကြေညာလျှင် ခန်းဝင်ပစ္စည်း ဖြစ်သွားသည်။ထိုသို့ ကြေညာသော်လည်း မရွှေ့မပြောင်း နိုင်သော ပစ္စည်းဖြစ်လျှင် မှတ်ပုံတင်ပေးရန် လိုအပ်သည်။ခန်းဝင်ပစ္စည်းတွင် လင်နှင့်မယားတို့ အညီအမျှ အကျိုး ခံစားခွင့် ရရှိကြသည်။

၄။ သာမန်လက်ထက်ပွား
••••••••••••••••••••••

သာမန်လက်ထက်ပွားဆိုသည်မှာ အိမ်ထောင်ပြုပြီး နောက် ဇနီးမောင်နှံ တစ်ဦးဦး၏ ကြိုးပမ်းမှုဖြင့် ဖြစ်ထွန်းရရှိသည့် ပစ္စည်းဖြစ်သည်။သာမန်လက်ထက် ပွားပစ္စည်းကို ခွဲဝေရာ၌ မြန်မာ့ဓလေ့ထုံးတမ်း ပစ္စည်း ခန်း ဥပဒေအရ ခွဲဝေရသည်။ပစ္စည်းခန်းဥပဒေတွင် မည်သူသည်နိဿယ(ထောက်ပံ့သူ) ဖြစ်သည် ၊ မည်သူသည် နိဿိတ(မှီခိုသူ)ဖြစ်သည် ဟူသော အခြေအနေအပေါ်မူတည်၍ ခွဲဝေရသည်။

နိဿယ(ထောက်ပံ့သူ) ဆိုသည်မှာ ထိုသူတစ်ဦးတည်း ၏ ကြိုးပမ်းရှာဖွေမှုဖြင့် သော်လည်းကောင်း ၊ ထိုသူ၏ ကုသိုလ်ကံဖြင့် အမွေရရှိ၍သော်လည်းကောင်း ရရှိ သည့်သူကို ခေါ်ခြင်းဆိုဖြစ်သည်။

နိဿိတ(မှိီခိုသူ) ဆိုသည်မှာ ထိုသူ၏ကုသိုလ်ကံတရား သို့မဟုတ် ကြိုးပမ်းမှုကို မှီခိုနေသည့်သူကို ခေါ်ဆိုခြင်း ဖြစ်သည်။

သာမန်လက်ထက်ပွား ပစ္စည်းအားခွဲဝေရာ၌ အိမ်ထောင်ကြီးချင်းဖြစ်စေ၊ တစ်ဦးက အိမ်ထောင်ကြီး ဖြစ်ပြီး ကျန်တစ်ဦးက အပျို၊ လူပျိုဖြစ်လျှင် ဖြစ်စေ နှစ်ဦးပိုင်ပစ္စည်းတို့တွင် အညီအမျှ ရခွင့်ရှိသော်လည်း လင်နှင့်မယားတို့သည် နိဿယနှင့် နိဿိတ အခြေနေ ဖြစ်ပါက နိဿယ(ထောက်ပံ့သူ)က သုံးပုံနှစ်ပုံ၊ နိဿိတ(မှီခိုသူ)က သုံးပုံတစ်ပုံ ရခွင့်ရှိသည်။

လင်မယားနှစ်ဦး သဘောတူကွာရှင်းကြရာတွင် နိဿယနှင့် နိဿိတ အခြေအနေဖြစ်ပါက ထောက်ပံ့သူ ကနှစ်ပုံ ၊ မှီခိုသူက တစ်ပုံရရှိသည်ဟုဆိုသော်လည်း "မခင်နှင့် မောင်ဖိုးစိန် ၊၆ ၊ ရန်ကုန် ၁ " အမှုတွင်-
"စီးသည့်ရေ ဆည်သည့်ကန်သင်းပမာ စီးပွားရှာရသူက ရှာပြီး အိမ်ထောင်ထိန်းသိမ်းသူက ထိန်းသိမ်းမှ စုဆောင်းမိမည်ဖြစ်၍ ထောက်ပံ့၊မှီခိုသည့် သဘော မထားပဲ နှစ်ဦးကြိုးပမ်းရရှိသည့် နှစ်ပါးစုံနှင့်မခြား လင်နှင့်မယားတို့ အညီအမျှ အကျိုးခံစားခွင့်ရှိသည်" ဟူ၍ စီရင်ထုံးဖွဲ့ထားသည်ကို တွေ့ရသည်။

အထက်ပါစီရင်ထုံးအား "ချစ်တီးကုန်တိုက် နှင့်မပု (၁၄ ရန်ကုန် ၆၉၇)အမှုတွင်လည်း သာမန်လက်ထက်ပွား ပစ္စည်း၌ လင်နှင့်မယားတို့ အညီအမျှ အကျိုးခံစားခွင့် ရှိကြသည်"ဟူ၍ လိုက်နာ ထုံးဖွဲ့ထားသည်ကို တွေ့ရ ပါသည်။

၅။ နှစ်ပါးစုံ
••••••••••••

နှစ်ပါးစုံဆိုသည်မှာ အိမ်ထောင်ပြုပြီးနောက် ဇနီး မောင်နှံ နှစ်ဦး အတူတူကြိုးပမ်းမှုဖြင့် ဖြစ်ထွန်းရရှိ သည့် ပစ္စည်းဖြစ်သည်။နှစ်ပါးစုံ ပစ္စည်းမှာ လင်နှင့် မယားတို့ နှစ်ဦးစလုံး ဒိုးတူဘောင်ဘက် ရှာဖွေရရှိသော ပစ္စည်းဖြစ်၍ အညီအမျှ အကျိုးခံစားခွင့် ရှိကြသည်။

၆။ အမွေရလက်ထက်ပွား
•••••••••••••••••••••••

အမွေရလက်ထက်ပွားဆိုသည်မှာ အိမ်ထောင်ပြု ပြီးနောက် ဇနီးမောင်နှံ တစ်ဦးဦး အမွေဆက်ခံ ရရှိသည့်ပစ္စည်း ဖြစ်သည်။အမွေရလက်ထက်ပွား ပစ္စည်း၌မူ အမွေရသူက သုံးပုံနှစ်ပုံ ၊ ကျန်သူက သုံးပုံတစ်ပုံ အကျိုးခံစားခွင့် ရှိသည်။

ခရစ်ယာန်ထိမ်းမြားခြင်း ဥပဒေတွင် လင်နှင့်မယား တို့၏ ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် ဥပဒေရေးရာ အနေအထား မှာ အစ္စလာမ် တရားဥပဒေနှင့် အလားတူဖြစ်ပြီး လင်ပိုင်ပစ္စည်းသည် မယားနှင့် မသက်ဆိုင်သကဲ့သို့ မယားပိုင်ပစ္စည်းသည်လည်း လင်နှင့်မသက်ဆိုင်ပါ။တစ်ဦးအမွေရသည့်ပစ္စည်းဖြစ်စေ ၊ ကြိုးပမ်းရှာဖွေ ရရှိသည့် ပစ္စည်းဖြစ်စေ၊ထိုသူ တစ်ဦးတည်းသာလျှင် ပိုင်ဆိုင်ခွင့်ရှိသည်။တစ်ဦးဦးသေဆုံးမှသာလျှင် အမွေခန်း ဥပဒေနှင့်အညီ ထိုက်သင့်သော အမွေစုကို ခံစားခွင့် ရှိကြသည်။

ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ မယားဖြစ်သူသည် လင်ယောက်ျား အသက်ရှင်လျှက်ရှိစဥ် အိမ်တွင် နေထိုင်ခွင့် နှင့် ကျွေးမွေးစောင့်ရှောက်မှု ခံယူခွင့်မှအပ လင်ယောက်ျား၏ ပစ္စည်းအပေါ် အခွင့်အရေး တစ်စုံတစ်ရာ မရှိပါ။လင်ယောက်ျား သေဆုံးသည့် အခါတွင်လည်း သားယောက်ျား ကျန်ရစ်လျှင် အိမ်တွင် နေထိုင်ခွင့်နှင့် ကျွေးမွေး စောင့်ရှောက်မှု ခံယူခွင့်မှအပ အခြားခံစားခွင့် မရှိကြောင်း ဖတ်ရှူ့မိသမျှပြန်လည်မျှဝေလိုက်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

{လက်ထပ်ထိမ်းမြားခြင်း၊ကွာရှင်းခြင်းနှင့်
ပစ္စည်းခွဲဝေခြင်းမှတ်စု.. အပိုင်း(၂)
}

စိန်၊ရွှေအစရှိသည့်ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာစာချုပ် ချုပ်ပြီးပေးကမ်းလို့လည်းရတယ်၊စာချုပ်မချုပ်ဘဲလ...
17/05/2026

စိန်၊ရွှေအစရှိသည့်ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာစာချုပ် ချုပ်ပြီးပေးကမ်းလို့လည်းရတယ်၊စာချုပ်မချုပ်ဘဲလည်းပေးလို့ရပါတယ်။

မြေ၊အိမ် အစရှိတဲ့မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတစ်စုံတစ်ရာကိုပေးကမ်းမယ်ဆိုလျှင်တော့ပေးကမ်းခြင်းစာချုပ်ပြုလုပ်ရပါမယ်။ပေးကမ်းစာချုပ်ဟာအောက်ပါအတိုင်းဖြစ်ရပါမည်။
၁။ စာချုပ်စာတမ်းပြုလုပ်ရပါမည်။
၂။ အနည်းဆုံးသက်သေ၂ယောက်လက်မှတ်ရေးထိုးရပါမည်။
၃။ အလိုအလျောက်ဖြစ်ပေါ်လာတဲ့မေတ္တာသက်၀င်မှုအရပေးတာဖြစ်ရပါမယ်။
၄။ ပစ္စည်းရသူ ဒါမှမဟုတ်သူ့ရဲ့ကိုယ်စားလှယ်ကပစ္စည်းပေးကမ်းတာကိုသဘောတူတဲ့အကြောင်း၊လက်ခံတဲ့အကြောင်း ဖွင့်ဟ၀န်ခံပြီး လက်မှတ်ရေးထိုးရပါမည်။
၅။ စာချုပ်ကိုရေစစ္စရီမှတ်ပုံတင်ပြုလုပ်ရပါမည်။
စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ်မှတ်ထားတဲ့တံဆိပ်ခေါင်းအလုံအလောက်ထမ်းဆောင်ဖို့လိုပါတယ်။တံဆိပ်ခေါင်းအက်ဥပဒေဇယား-၁၊အပိုဒ်၃၃အရပစ္စည်းရဲ့တန်ဖိုးအပေါ်မှာခေါင်းပါစာချုပ်နဲ့ရေးသားချုပ်ဆိုရပါမယ်။
ပစ္စည်းပိုင်ရင်အနေနှင့်မိမိပိုင်ပစ္စည်းတွေကိုမိမိဆန္ဒအလျောက်ပေးကမ်းခွင့်ရှိတယ်လို့အခြေခံသဘောအားဖြင့်ဆိုရမှာဖြစ်ပေမယ်ိ့မိပိုင်ပစ္စည်းအားလုံးပေးခွင့် ရှိ၊မရှိ ဆိုတဲ့ပြဿ်ာတစ်ရပ်ရှိလာပါတယ်။၁၉၄၉ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး၊လွှတ်တော်စာမျက်နှာ ၄၇၁ အမှုမှာပါတဲ့အချက်ဟာသတိပြုရမယ့်အချက်ပဲဖြစ်ပါတယ်။
အသက်၂၇နှစ်အရွယ်ရှိဒေါ်ရွှေရီဆိုသူဟာမသေမီ၉ရက်အလ်ိုမှာမှတ်ပုံတင်အရာရှိက်ိုအိမ်ကိုခေါ်ပြီးပေးကမ်းစာချုပ်ပြုလုပ်မှတ်ပုံတင်စေပါတယ်။စာချုပ်မှာသူ့ရှိသမျှပစ္စည်းအားလုံးကိုနှစ်ပေါင်းများစွာသူ့ကိုပြုစုနေခဲ့တဲ့သူကိုပေးကမ်းလိုက်ခြင်းဖြစ်ပါတယ်။ဒေါ်ရွှေရီဟာနှစ်ပေါင်းအတော်ကြာကြာကိုယ်ရေပြားရောဂါဖြစ်နေပြီးမှတ်ပုံတင်စာချုပ်ချုပ်လုပ်တဲ့အချိန်မှာတော့ကျန်းမာရေးမကောင်းတော့ပါ။ဒါကြောင့်ဒီစာချုပ်ကိုမြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့မညီညွတ်တဲ့အတွက်လွှတ်တော်ကအတည်မပြုပါ။တရားလွှတ်တော်ကအကြောင်းရင်းနှစ်ရပ်ပြပါသည်။
ပထမအကြောင်းကသေခါနီးဆဲဆဲပေးကမ်းတာဖြစ်ပါတယ်။
ဒုတိယအကြောင်းကသေသူဟာရှိသမျှပစ္စည်းအားလုံးကိုပေးကမ်းတာဖြစ်ပါတယ်။
အထက်စီရင်ထုံးနဲဓမ္မသတ်ခြောက်စောင်တွဲအခန်း၈၊ပုဒ်မ ၇၅တို့ကိုထောက်ထားပြီးပစ္စည်းရှင်ဟာမိမိပိုင်ပစ္စည်းကိုမိမိဆန္ဒအလျောက်ပေးကမ်းခွင့်ရှိပေမယ့်အမွေစားအမွေခံတွေရဲ့အခွင့်အရေးတွေကိုထိခိုက်လောက်အောင်ရှိသမျှပစ္စည်းအားလုံးပေးကမ်းခွင့်မရှိဘူးဆိုတဲ့သဘောပါ။
၁။မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုပေးကမ်းတာဆိုလျှင်စာချုပ်ပြုလုပ်ချုပ်ဆိုရပါမည်။
၂။အဆိုပါစာချုပ်ကိုမှတ်ပုံတင်ရပါမည်။
၃။အလိုအလျောက်မေတ္တာသက်၀င်ချစ်ခင်မှုဖြင့်ပေးကမ်းတာမျိုးဖြစ်ရပါမယ်။
၄။ပေးကမ်းခြင်းခံရသူကပေးကမ်းခြင်းကိုလက်ခံသဘောတူကြောင်းဖော်ပြပါရှိရပါမယ်။
၅။ပေးကမ်းတဲ့ပစ္စည်းစာရင်းဇယားဖော်ပြပါရှိရပါမယ်။
၆။ဆိုင်ရာကထုတ်ပေးတဲ့ပစ္စည်းတည်ရှိရာမြေပုံ၊မြေရာဇ၀င်ပူးတွဲပါရှိရပါမယ်။
၇။ပေးကမ်းသူပိုင်ဆိုင်ကြောင်းမရွေ့မပြောင်းနိုင်တဲ့ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားပူးတွဲဖော်ပြပါရှိရပါမယ်။
၈။စာချုပ်မှာအသိသက်သေနှစ်ဦးအနည်းဆုံးပါရှိရပါမယ်။
၉။ပေးကမ်းစဉ်မှာပေးသူအနေနဲ့အသက်ရှင်လျက်ရှိပြီးမှပေးနိုင်ခွင့်ရှိပါမယ်။
၁၀။လက်ခံသူအနေနဲ့လည်းအသက်ရှင်ဆဲလက်ခံနိုင်ပါမယ်။သေဆုံးမှဆိုလျှင်ပေးကမ်းခြင်းပျက်ပြယ်ပါမည်။
၁၁။တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်ပါ။
၁၂။အပေးခံရတဲ့သူဟာတစ်ဦးထက်ပိုနေပြီးတစ်ဦးကပေးကမ်းတာကိုလက်မခံရင် လက်မခံသူအတွက်သာပေးကမ်းခြင်းပျက်ပြယ်ပြီးကျန်လက်ခံသူတွေအတွက်တေတော့ပေးကမ်းခြင်းကအတည်ဖြစ်ပါတယ်။
၁၃။ပေးသူပိုင်ပစ္စည်းအားလုံးကိုပေးတာဆိုလျှင်ပေးစဉ်အခါကပေးသူမှာတင်ရှိနေတဲ့ကြွေးမြီးအားလုံးအတွက်ပေးတဲ့ပစ္စည်းနဲ့အညီလက်ခံသူအပေါ်မှာတာ၀န်ရှိပါသည်။
၁၄။ပစ္စည်းတန်ဖိုးအပေါ်တံဆိပ်ခေါင်းအက်ဥပဒေဇယား(၁)အပ်ိုဒ်၃၃နဲ့အညီတံဆိပ်တော်ခေါင်းထမ်းဆောင်ရပါမည်။

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကိုမိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့...
15/05/2026

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို
မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း
အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.
ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်
DVBlawlab ကူးယူဖော်ပြပါသည်။

ထန်းတပင်မြို့နယ်ရှိ ကျေးရွာမြေများမြေငှားဂရန် ထုတ်ပေးမည်။
14/05/2026

ထန်းတပင်မြို့နယ်ရှိ ကျေးရွာမြေများ
မြေငှားဂရန် ထုတ်ပေးမည်။

အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေလိုက်ပါသည်။အိမ်ခွန်အမည်ပြောင...
14/05/2026

အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေလိုက်ပါသည်။

အိမ်ခွန်အမည်ပြောင်း လျှောက်ထားရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-

(က)အမည်ပြောင်း လျှောက်ထားသည့်မြေနှင့် အဆောက်အအုံ ပိုင်ဆိုင်မှု အဆက်ဆက်၏ အမွေဆက်ခံ၊ ပေးကမ်း၊ စွန့်လွှတ် မှတ်ပုံတင်စာချုပ်နှင့် တရားရုံး ဒီကရီ အစရှိသည့် အထောက်အထား၊ ဂရန်နှင့် ဘိုးဘပိုင်မှတ်တမ်း မိတ္တူများ

(ခ)အခွန်ဌာနမှ ပစ္စည်းခွန် ကောက်ခံပြီးသည့် အိမ်ခွန်ပြေစာ မူရင်း(သို့မဟုတ်) မိတ္တူတစ်စောင်

(ဂ)လျှောက်ထားသူ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

(ဃ)သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ မြေနှင့်အဆောက်အအုံအား အမှန်တကယ်နေထိုင် ပိုင်ဆိုင်ကြောင်း ထောက်ခံချက်

(င)အမည်ပြောင်းလျှောက်ထားသည့် အဆောက်အအုံအတွက် အိမ်ခွန်ကြွေးကျန် ကင်းရှင်းကြောင်း အခွန်ဌာန၊ ငွေကျန်တောင်းဌာနစုမှ ထုတ်ပေးသော ထောက်ခံချက်
အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြလာပါက -

၁။
ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်းအမှုတွဲများ ကြာမြင့်ချိန် (စုစည်း၍ သတင်းစာ၌ ဖော်ပြခြင်း)

(က)ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကြာချိန် - ၁၄ရက်

(ခ)ကန့်ကွက်ချက်မရှိပါက မြေတိုင်းကွင်းဆင်းချိန် - ၄ရက်

(ဂ)ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက်

(ဃ)စုစည်းဆောင်ရွက်ပါက တစ်ဦးလျှင် အမည်ပြောင်းလျှောက်လွှာခ ၅၀၀/နှင့် သတင်းစာကြော်ငြာခ ကျပ် ၆၅၀၀/- ကျသင့်မည်ဖြစ်ကြောင်း ကြော်ငြာခွန် ကျသင့်ရန်

(၄)ဦး အနည်းဆုံးရှိမှ ကြော်ငြာထည့်၍ ဆောင်ရွက်နိုင်ပါသည်။

၂။တစ်ဦးတည်း ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်းအမှုတွဲများ ကြာမြင့်ချိန် (တစ်ဦးတည်း သတင်းစာ၌ ဖော်ပြခြင်း)

(က)ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကြာချိန် - ၁၄ ရက်

(ခ)ကန့်ကွက်ချက်မရှိပါက မြေတိုင်းကွင်းဆင်းချိန် - ၁ ရက်

(ဂ)ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက်

(ဃ)တစ်ဦးတည်း အမည်ပြောင်း ဆောင်ရွက်လိုပါက အမည်ပြောင်းလျှောက်လွှာခ ၅၀၀/နှင့် သတင်းစာကြော်ငြာခ ကျပ် ၁၈၀၀၀/- ကျသင့်ပါမည်။

၃။အထက်ပါစာရွက်စာတမ်းများအား ပြည့်စုံမှုရှိပါက အိမ်ခွန်အမည်ပြောင်းလျှောက်ထားမှုကို ကန့်ကွက် မည့်သူ ရှိ/မရှိ သတင်းစာကြော်ငြာကာ သတင်းစာ ကြော်ငြာ၍ (၂)ပတ်ပြည့်ပြီး ကန့်ကွက်မည့်သူမရှိပါက ကော်မတီသို့အဆင့်ဆင့်တင်ပြ၍ ကော်မတီအစည်းအဝေးမှ အမည်ပြောင်း ခွင့်ပြုချက်ရရှိပါက အောက်ပါ အမည်ပြောင်းနှုန်းထားများ ပေးသွင်းဆောင်ရွက်ရပါမည်။

(က)ထရံကာ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၂၀ဝ၀ဝ/-

(ခ)နံကပ်(၁)ထပ်မှ RC တိုက်(၃)ထပ်ထိ ကျပ် ၅၀ဝ၀ဝ/-

(ဂ)RC တိုက်(၄)ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၇၀ဝ၀ဝ/-

၄။အဆောက်အဦ ကွင်းဆင်းတိုင်းတာခ နှုန်းထားများအား အောက်ပါအတိုင်း ပေးသွင်းဆောင်ရွက်ရပါမည် -

(က)ထရံကာ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၁၀ဝ၀ဝ/-

(ခ)နံကပ်(၁)ထပ်မှ RC တိုက်(၃)ထပ်ထိ ကျပ် ၂၀ဝ၀ဝ/-

(ဂ)RC တိုက်(၄)ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၃၀ဝ၀ဝ/-
မှတ်ချက်

(က)အမည်ပြောင်း ကန့်ကွက်မှုရှိပါက ဆိုင်းငံ့

(ခ)ကွင်းဆင်းတိုင်းတာချိန် အိမ်ရှင်မရှိပါက ဆိုင်းငံ့
လျှောက်ထားရန်လိပ်စာမှာ
သို့
ဌာနမှူး
အခြန္ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (သို့မဟုတ်) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စသည်ဖြင့်လျှောက်ထားရန်ဖြစ်ပါသည်။ ဆိုင်ရာဌာနတွင် လျှောက်လွှာပုံစံတောင်းယူနိုင်ပါသည်။

crd .....ဆရာကြီးမိုးထက်

ဖော်ပြပါ တိုင်း/ပြည်နယ် ၇ ခုမှကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြ...
12/05/2026

ဖော်ပြပါ တိုင်း/ပြည်နယ် ၇ ခုမှ
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ
မွေးဖွားလာသော အသက်(၂)နှစ်အောက်
ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း
(MCCT) အစီအစဉ် အသိပေးနှိုးဆော်ခြင်း

ဆရာတိုက်ခန်းဝယ်ချင်လို့ လေ့လာတာအတော်အတန်တော့ သိရပြီ။ အခုဝယ်မယ့်တိုက်ခန်းက အပျောက်တိုက်ခန်းလို့ ပြောနေတယ်။ ကျနော်လည်း ခေါ...
11/05/2026

ဆရာတိုက်ခန်းဝယ်ချင်လို့ လေ့လာတာ
အတော်အတန်တော့ သိရပြီ။

အခုဝယ်မယ့်တိုက်ခန်းက
အပျောက်တိုက်ခန်းလို့ ပြောနေတယ်။
ကျနော်လည်း ခေါင်းနောက်သွားပြီး ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။
ရှင်းပြပေးပါလားခင်ဗျာ။

ဆရာဦးမြင့်လွင်(တရားလွှတ်တော်ရှေ့နေ)၊
သင်ပြပေးခဲ့တဲ့
အပျောက်တိုက်ခန်းအမျိုးအစားများကို
တစ်ခုခြင်းစီ ဖော်ပြပေးပြီး
ရှင်းပေးပါမယ်။

အေးဆေးအချိန်ယူဖတ်ပြီး လေ့လာမှတ်သားပါ။

(၁) အပျောက်တိုက်ခန်း

အပျောက်တိုက်ခန်းဆိုသည်မှာ ယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍ နေထိုင်ခွင့်နှင့် ထပ်ဆင့်လွဲှ ပြောင်း ငှားရမ်းပိုင်ခွင့်ရှိသော အိမ်ငှား ( TANANT) တစ်ဦးဖြစ်ပါသည်။ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သဖြင့် ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့် ယင်းဥပဒေကို လိုက်နာရပါမည်။

(၂) အပျောက်တိုက်ခန်း အမျိုးအစားများ

(က) ပုဂ္ဂလိကတိုက်ခန်း

ပုဂ္ဂလိက ပိုင်မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင်ငွေဖြင့်ဖြစ်စေ၊ ကန်ထရိုက်တာနှင့် အခန်းပေးအခန်းယူ ဆောက် လုပ်သည့်တိုက်ခန်းများဖြစ်ပြီး မြေရှင်အား အိမ်လခပေးနေရသော အခန်းများဖြစ်ပါသည်။ အိုးအိမ်မှ ပုဂ္ဂလိက သို့အပြီးအပြတ် ရောင်းချသော အခန်းများလည်းပါဝင်ပါသည်။ ယင်းတိုက်ခန်းအများကိုမူ အိမ်လခ တောင်းခံ ခြင်း မပါ။

(ခ) ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း

ပြည်သူပိုင် သိမ်းယူသော တိုက်ခန်းများအနက် နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့် အခန်းများအား ပြန် လည် စိစစ်၍ မူလပိုင်ရှင်များအား ပြန်လည်လွဲှပြောင်းပေးအပ်သည့် အခန်းအမျိုးအစားဖြစ်ပါသည်။

(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုက်ခန်း

တိုက်ခန်းနေထိုင်သူမှ ကြွေးမဆပ်နိုင်သဖြင့် စည်ပင်က ယာယီထိန်းသိန်းထားသည့် အခန်းဖြစ်ပြီး စည်ပင်ကြွေး ကို အိမ်ငှား (တိုက်ခန်းအပျောက်ဝယ်သူ) မှ ပေးဆပ်ရပြီးတိုက်ပိုင်ရှင်သို့ အိမ်လခပေးရန် မလိုဘဲ စည်ပင်ခွန် များကိုသာ ပေးဆောင်နေရသည့် အခန်းအမျိုးအစားဖြစ်ပါသည်။

(ဃ) ဘာသာရေးပိုင်အခန်းများ

ဗလီဝကဖ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင် အခန်းများ၊ တရုတ်ဘုံကျောင်းပိုင်အခန်းများအား အပျောက်စနစ် ဖြင့် ရောင်းချပြီး ရရှိသည့်ငွေများ အိမ်လခများကို ဘာသာရေးရန်ပုံငွေအဖြစ်အသုံးပြုသည့်အခန်း များဖြစ်ပါ သည်။ အဆိုပါအခန်းများ ရောင်းချခြင်း ဝယ်ယူခြင်း ပိုင်ဆိုင်မှုအမည်ပြောင်းခြင်းများကို သက်ဆိုင်ရာ ဂေါပက အဖွဲ့ လူကြီးမများက စီမံခန့်ခွဲကြပါသည်။

(င) ပြည်သူပိုင် (သို့) အစိုးရပိုင်အခန်းများ

၁ - အိုးအိမ်ခန်း

နိုင်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့် ဆောက်လုပ်ပြီး ဝန်ထမ်းများ အားနေထိုင်ခွင့် အငှားချထားသော အခန်းမျိုးဖြစ်သည်.( ဥပမာ- ဦးဝိစာရအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ဖဆပလ အိမ်ယာ) ထို့အပြင် ယခင်တိုင်းပြည်သူ့ ကောင်စီမှ ထိန်းသိမ်းထားသော ပြည်သူပိုင်အခန်းများအား အိုးအိမ်သို့ လွဲှအပ်ပေးလိုက်သော အခန်းများပါဝင် ပါသည်။

၂- ဌာနဆိုင်ရာအခန်းများ

အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှာ မိမိတို့ ဝန်ထမ်းများနေထိုင်ရေးအဆင်ပြေစေရန်အတွက် နိုင်ငံ တော်မှ စိစဉ်ဆောက်လုပ်ပေးသော အဆောက်အဦ တိုက်ခန်းဖြစ်ပါသည်။ ပြည်သူပိုင်အဖြစ်ပြုလုပ်ထားသော အခန်းများပါဝင်ပါသည်။

၃- တိုင်းချခန်း

ယခင်အတိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ တစ်ဖန်တိုင်းပြည်သူ့ကောင်စီသည် တိုင်းအဆင့်စီမံခန့်ခွဲမှု၊ အုပ် ချုပ်မှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား ချပေးသောအခန်းဖြစ်ပါသည်။

၄- နိုင်ငံခြားပြန်အခန်း

နိုင်ငံခြားသားပိုင်အခန်းဖြစ်ပြီးမိမိတို့၏ နိုင်ငံသို့အပြီးအပိုင်ပြန်ကြရာတွင် ယင်းအခန်းများ နိုင်ငံတော်သို့ အပ်နံှ ခြင်း (သို့) နိုင်ငံတော်မှ သိမ်းယူထားသော အခန်းဖြစ်သည်။

၅- စည်ပင်ယာယီထိန်းအခန်း

စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း ညွှန်ကြားချက် များအား မလိုက်နာခြင်းတို့ကြောင့် စည်ပင်သာယာရေးကော်မတီမှ ယာယီထိန်းသိမ်း ထားသောအခန်း ဖြစ်ပါသည်။

(စ) အခြားအခန်းများ

ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ( မူးယစ်ဆေးဝါး၊ ချဲ၊ထီ စသည့်) အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ် သိမ်းယူ ခြင်း ခံရသည့်အခန်းများဖြစ်သည်။

ပုံစံ_၇ရှိသောလယ်ယာမြေကိုပေါင်နှံ_ငှားရမ်းခြင်းအတွက်သတိပြုရမည့်အချက်များ လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိသူက လယ်ယာမြေကို ရောင်း...
09/05/2026

ပုံစံ_၇ရှိသောလယ်ယာမြေကိုပေါင်နှံ_ငှားရမ်းခြင်းအတွက်သတိပြုရမည့်အချက်များ

လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိသူက လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်း တရားဝင်ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် -

(က) ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး စာချုပ်ချုပ်ရမယ်။

(ခ) စာချုပ် ချုပ်ပြီးရင် ရက်ပေါင်း ၁၂၀ အတွင်း မြို့နယ်မြေစာရင်းဌာနမှာ မှတ်ပုံတင်ရမယ်။

(ဂ) ပုံစံ ၇ အမည်ပြောင်းဖို့အတွက် ပုံစံ ၉ နဲ့ မြို့နယ်မြေစာရင်းဌာနမှာ လျှောက် ထားရမယ်။

(ဃ) ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်းအားလုံး အတွက် ဒီအဆင့်လေးဆင့်နဲ့ လုပ်ရမယ်လို့သာ ပြဌာန်းထားပြီး တစ်ခုချင်းအတွက် အသေးစိတ် မပါဝင် ပါဘူး။ ဆိုလိုတာက ရောင်းချမှုအတွက် ဘယ်လိုလုပ်၊ ပေါင်နှံခြင်းအတွက် ဘယ်လိုလုပ်၊ ငှားရမ်းခြင်းအတွက် ဘယ်လိုလုပ်စသည်ဖြင့် အသေးစိတ် မပါဝင်တာဖြစ်ပါတယ်။ ရောင်းတာ၊ စွန့်တာ၊ လှူတာ၊ အမွေပေးတာက အပြီးအပိုင်ဆောင်ရွက်လိုက်တာမျိုးဆိုတော့ ကိစ္စမရှိပါဘူး၊ ပေါင်တာနဲ့ ငှားတာက အပြီးအပိုင် လုပ်ဆောင် လိုက်တာမဟုတ်ပါဘူး။ အပေါင်ခံသူ အငှားရသူက ပုံစံ ၇ ကို သူ့အမည်နဲ့ အမည်ပြောင်းလုပ်ရမှာလား၊ လုပ်နိုင်တာလား ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။

ပုံစံ (၇) အမည်ပြောင်းတယ် ဆိုတာကလည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို သားစဉ်မြေးဆက်ထိ အဆက် ဆက် ရရှိခံစားရစေနိုင်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာမြေကို ခေတ္တအပေါင်ထားခြင်း၊ ငှားရမ်းခြင်းများက မြေကိုအပြီးအပိုင်လွှဲပြောင်းမှု ဆောင်ရွက်ခြင်း မဟုတ်တဲ့အတွက် ပုံစံ ၇ ရှိသူ/ အပေါင် ခံသူ/ အငှားရသူများအားလုံး သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပုံစံ ၇ အမည်ပေါက် ပိုင်ဆိုင်သူနဲ့ သက်ဆိုင်ရာ ဌာနကသတိပြုရမှာ ဖြစ်ပါတယ်။ ဌာနကလည်း ပေါင်နှံ ငှားရမ်းထားတဲ့ လယ်ယာမြေကို ဥပဒေအရ အပေါင်စာချုပ်၊ အငှားစာချုပ်များ မှတ်ပုံတင်ပေးနိုင်သော်လည်း ပုံစံ ၇ အမည်ပြောင်းဖို့ တင်ပြလာရင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ အမွေဆက်ခံခြင်းကိုတော့ တရားရုံးရဲ့ အမွေဆက်ခံခွင့်ရှိကြောင်း အထောက် အထား တင်ပြလာရင် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ချုပ်စရာမလိုပဲ မြေစာရင်းဌာနမှာ ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပေါင်နှံခြင်း၊ ငှားရမ်းခြင်းအတွက် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုရမယ်၊ စာချုပ်ကို မှတ်ပုံ တင်ရမယ်၊ ဒီစာချုပ်တွေအရ ပုံစံ ၇ အမည်ပြောင်းပေးလို့မရပါဘူး။ ဥပဒေ၊ နည်းဥပဒေမှာလည်း ပြဌာန်း ထားခြင်းမရှိပါဘူး။ အပေါင်ဆုံး၊ အပေါင်စာချုပ် သက်တမ်းကုန်၊ ပေါင်ထားတဲ့ သက်တမ်းကာ လအတွင်း ပြန်မရွေးရင်တော့ ဥပဒေအရ အမည်ပြောင်းပေးလို့ရပါတယ်။

အနှစ်ချုပ် တင်ပြရရင် ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့် လွှတ်ခြင်းများ ဆောင်ရွက်ရာမှာ...

၁။ ရောင်းဝယ်၊ လွှဲပြောင်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို ရပ်ကျေးလယ်စီရှေ့မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန် ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ ပုံစံ (၉) နဲ့အမည်ပြောင်း လျှောက်ထားပြီး ပုံစံ ၇ အမည်ပြောင်းပြု လုပ်ရပါမယ်။

၂။ လယ်ယာမြေ အမွေဆက်ခံခြင်းကို ရပ်ကျေးလယ်စီရှေ့မှောက်မှာ စာချုပ်ဖို့မလိုပါဘူး၊ တရားရုံးက ထုတ် ပေးတဲ့ အမွေဆက်ခံခြင်းလက်မှတ်ကို မြေစာရင်း ဌာနမှာ တင်ပြပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၃။ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းကို ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန် ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ အပေါင်ဆုံးမှ ပုံစံ ၇ အမည်ပြောင်းနိုင်မယ်၊ ငှားရမ်းခြင်းအတွက် ပုံစံ ၇ အမည်ပြောင်းမရ/ ဆောင်ရွက်ပေးလို့မရ။

မျိုးမင်းထွန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဥပဒေရေးရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category