Corporate Counsel

Corporate Counsel Sharing experience with regard to corporate legal practices

“နေရာတိုင်းမှာ သုံးနိုင်တဲ့ အရည်အချင်းတွေ”ပြောင်းလဲအသုံးပြုနိုင်တဲ့ အရည်အချင်းတွေ (Transferable Skills) ဆိုတာ ကိုယ်က ဘယ်...
08/12/2025

“နေရာတိုင်းမှာ သုံးနိုင်တဲ့ အရည်အချင်းတွေ”

ပြောင်းလဲအသုံးပြုနိုင်တဲ့ အရည်အချင်းတွေ (Transferable Skills) ဆိုတာ ကိုယ်က ဘယ်အလုပ်ကိုပဲ လုပ်လုပ် အသုံးပြုလို့ရတဲ့ အရည်အချင်းတွေဖြစ်ပြီး၊ နည်းပညာပိုင်းဆိုင်ရာ မဟုတ်သလို သီးခြားပညာရပ် သင်ယူထားဖို့ လည်း မလိုနေပါဘူး။

မိမိက ရှေ့နေဖြစ်ဖြစ်၊ မန်နေဂျာဖြစ်ဖြစ်၊ အကြီးတန်းကြီးကြပ်သူဖြစ်ဖြစ် ဒီလို အရည်အချင်းတွေကို မြှင့်တင် ထားရင် အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ ကိုယ်နဲ့ အရည်အချင်းချင်း တူတဲ့ တခြားသူတွေကြားထဲမှာ ထူးခြားပေါ်လွင်နေစေမှာပါ။ ရာထူးတိုးချင်တာပဲဖြစ်ဖြစ်၊ အလုပ်အကိုင် ပြောင်းချင်တာပဲဖြစ်ဖြစ် ဒီအရည်အချင်း တွေက အများကြီး အထောက်အကူဖြစ်စေပါတယ်။

အောက်ပါ အရည်အချင်းတွေကတော့ နေရာတိုင်းမှာ အသုံးပြုနိုင်တဲ့ အရည်အချင်‌တွေပဲ ဖြစ်ပါတယ်။

#ခေါင်းဆောင်မှု (LEADERSHIP)
အပိုတာဝန်တွေ ယူလုပ်ဖို့ တောင်းဆိုပါ။ ကိုယ့်အဖွဲ့ထဲက တခြားသူတွေကို ဦးဆောင်နိုင်ကြောင်း၊ အကောင်းဆုံး ရလဒ်တွေ ရအောင် လုပ်နိုင်ကြောင်း ပြသနိုင်ရင် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ရာထူးတွေအတွက် ကိုယ့်ကို စဉ်းစားလာဖို့ အခွင့်အရေး ပိုများပါတယ်။ ဒါပေမယ့် သတိထားရမှာက ကိုယ်တစ်ယောက်တည်း တိုးတက်နေလို့ မရပါဘူး။ ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ တခြားသူတွေကိုလည်း ကိုယ့်နဲ့အတူ ရှေ့ကို ခေါ်ဆောင် သွားနိုင်သူ ဖြစ်ပါတယ်။

#အသင်းအဖွဲ့စိတ်ဓာတ် (TEAMWORK)
စီမံကိန်းတွေမှာ အဖွဲ့သားတွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ခြင်းဖြင့် ကိုယ်ဟာ အဖွဲ့နဲ့ စည်းလုံးကြောင်း တစ်သားတည်းဖြစ်ကြောင်း ပြသပါ။ ဒါ့အပြင် သူတို့ မတောင်းဆိုခင် ကတည်းက ကူညီပေးဖို့ ကမ်းလှမ်းတာ၊ ကိုယ့်ရဲ့အလုပ်ကိုလည်း တခြားသူတွေရဲ့ အကြံဉာဏ် တွေ ပေးခွင့်ပြုတာမျိုး လုပ်ပေးရပါမယ်။

#ပြဿနာဖြေရှင်းနိုင်မှု (PROBLEM SOLVING)
ကိုယ့်ဌာနမှာ ပြဿနာတစ်ခုခုပေါ်လာရင် နောက်ကွယ်မှာ ငြိမ်နေပြီး သူ့ဘာသာ အလိုလို ပြီးသွား မလားဆိုပြီး မစောင့်နေပါနဲ့။ ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားပြီး အဖွဲ့ကို တင်ပြရမှာပါ။ ဒီပြဿနာ ကို ဘယ်လို ကျော်လွှားမယ်၊ ဘာကြောင့် ကိုယ့်အကြံပြုချက်က အလုပ်ဖြစ်မယ် ထင်တယ်ဆိုတာကိုပါ ရှင်းပြဖို့လိုပါမယ်။ ကိုယ်ပေးတဲ့ ဖြေရှင်းနည်းက အဆင်မပြေရင်တောင်မှ ဘာမှမလုပ်ဘဲ နေတာ ထက် စာရင် ကြိုးစားဖြေရှင်းတာက ပိုကောင်းပါတယ်။

#စည်းရုံးနိုင်မှု (ORGANISATION)
အမြဲတမ်း တစ်လှမ်းရှေ့က ကြိုတင်ပြင်ဆင်ထားနိုင်သူဖြစ်ကြောင်း သက်သေပြပါ။ ဒါမှ ကိုယ့် မန်နေဂျာ က အခြေအနေတစ်ခုခုကို Update လုပ်ခိုင်းတဲ့အခါတိုင်း ကိုယ်က ဘယ်အဆင့်ကို ရောက်နေပြီ၊ ဒီအလုပ် ဘယ်တော့ ပြီးမယ်ဆိုတာကို အတိအကျ သိနေမှာဖြစ်ပါတယ်။

#ဆက်သွယ်ပြောဆိုနိုင်မှု (COMMUNICATION)
ဌာနတွေကြားမှာ ဒါမှမဟုတ် အဖွဲ့အတွင်းမှာ ဆက်သွယ်ပြောဆိုမှု အားနည်းရင် အမှားတွေ မကြာ ခဏ ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ တိုက်ရိုက်ကြီးကြပ်သူတွေနဲ့ မကြာခဏ စကားပြောပါ။ ကိုယ် လုပ်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အီးမေးလ် စာတွဲတွေကိုလည်း သိမ်းထားပါ၊ လိုအပ် လာရင် ပြန်ကြည့်နိုင်ရန်ပေါ့။

#မိမိကိုယ်ကိုသိရှိနားလည်မှု (SELF-AWARENESS)
ဒီအရည်အချင်းကို လူတော်တော်များများက မေ့လျော့ထားတတ်ကြပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင် ရည်တွေ ကို ကိုယ်တိုင်သိဖို့က တခါတလေ ခက်ခဲပါတယ်။ ကိုယ့်စွမ်းရည်အပေါ် ယုံကြည်မှု နည်းနေတာမျိုး ဒါမှမဟုတ် ကိုယ်တာဝန်ယူနိုင်တာထက် ပိုများတဲ့ အရာတစ်ခုကို ယူလုပ် လိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို စိန်ခေါ်တာ၊ အသစ်တွေ သင်ယူတာက ကောင်း ပေမယ့် နောက်ပိုင်း ပြဿနာမဖြစ်အောင် ကိုယ့်ရဲ့ ကန့်သတ်ချက် (ဘောင်) ကို သိထားဖို့တော့ လိုတာပေါ့။

#လှုံ့ဆော်မှုနှင့် စိတ်အားထက်သန်မှု (MOTIVATION AND ENTHUSIASM)

ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေး နိုင် တာ ဟာ အင်မတန်ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုဖြစ်ပြီး မန်နေဂျာတွေအတွက် လိုအပ်တဲ့ အရည် အသွေးတစ်ခုပါ။ ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင် နေတယ်ဆိုရင်၊ ကိုယ့် အဖွဲ့ကိုလည်း လှုံ့ဆော်ပေးနေတာ ထင်ရှားရင် ရာထူးကြီးတွေအတွက် ကိုယ့်ကို ပိုပြီး အလေးထား စဉ်းစား လာပါလိမ့်မယ်။

#ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု (INITIATIVE)
ကိုယ့်ဘာသာကိုယ် စဉ်းစားပြီး ယုံကြည်ချက်ရှိရှိ ဆုံးဖြတ်ချက်တွေ ချမှတ်တာက တခြားသူတွေကို အလုပ်တစ်ဝက် လုပ်ခိုင်းမယ့်အစား ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း ပြသရာရောက်ပါတယ်။ အလုပ်မှာ လူတိုင်း ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်သာ လုပ်နိုင်ရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို အဲဒီ လုပ်ငန်းစဉ်ထဲမှာ ထည့်သွင်းပေးဖို့ ကြိုးစားရမှာပါ။

#ပြောင်းလွယ်ပြင်လွယ်ရှိမှု (FLEXIBILITY)
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေနဲ့ လုပ်ချင်တဲ့ အလုပ်ချိန်တွေမှာ အရမ်းတင်းကျပ်နေရင် ရာထူးမြင့်တဲ့ အလုပ်အတွက် ကိုယ့်ကို စဉ်းစားဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဒါက ကိုယ်က အပတ်တိုင်း နာရီ ပေါင်းများစွာ အပိုလုပ်ရမယ်၊ ဘာမှပြန်မရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အစည်းအဝေးတစ်ခုအတွက် စောစောလာဖို့ ဒါမှမဟုတ် အလုပ်ပြီးအောင် နောက်ကျမှ ပြန်ဖို့ တောင်းဆိုလာရင် အဲဒါက ကောင်းတဲ့ အကြောင်းရင်းတစ်ခုခု ရှိနေလို့ပါပဲ။

ဒီလို ပြောင်းလဲနိုင်တဲ့ အရည်အချင်းတွေကို မြှင့်တင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အကိုင် တိုးတက်မှုအတွက် အသုံးဝင်ရုံသာမကဘဲ၊ လုံးဝမတူညီတဲ့ အခန်းကဏ္ဍတစ်ခုမှာ အသက်မွေးဝမ်းကျောင်း ပြောင်းလုပ်ဖို့ ဆုံးဖြတ် ခဲ့ရင်တောင်မှ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

မူရင်းဆောင်းပါး
https://www.michaelpage.ae/advice/career-advice/growing-your-career/how-develop-transferable-skills?

"🎼 🎶 ကိုယ်စွမ်းသလောက်တော့ ကြိုးစားခဲ့ပါတယ်ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်...🎵🎶"တစတစနဲ့ ယနေ့ချိန်မှာတော့ စ...
27/10/2025

"🎼 🎶 ကိုယ်စွမ်းသလောက်တော့ ကြိုးစားခဲ့ပါတယ်
ထိပ်ဆုံးထိမရောက်ခဲ့ရတောင်
အလယ်အလတ်တော့ မကပါတယ်...🎵🎶"

တစတစနဲ့ ယနေ့ချိန်မှာတော့
စုသိမ်းထားတဲ့ပမဏမှလွှဲပြီး
ဆိုင်တင်ရောင်းဖို့ မကျ‌န်တော့ပါဘူး

ဝယ်ယူအားပေးသူတိုင်းကို
ကျေးဇူးတင်ရသည့်အလျောက်
စာအုပ်ဖြစ်မြောက်အောင် အားထုတ်ပေးတဲ့
Top Publishing House နဲ့ Power Life Printing တို့ကို
အထူးကျေးဇူးတင်ရပါတယ်

ပွဲဦးထွက် ကြိုးစားအားထုတ်မှုဖြစ်ပေမယ့်
ဒီလိုကာလမှာ တတိတိနဲ့ တဖြေးဖြေးနဲ့
ရောင်းကုန်သွားတာကို ကျေနပ်ဝမ်းသာရပြန်ပါတယ်

တေးရေးဆရာ စိုင်းခမ်းလိတ်၊ တေးဆို စိုင်းထီးဆိုင်တို့ရဲ့
လူမှုဘဝမှာ ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တတ်ဖို့ရည်စူးတဲ့
သီချင်းလေးနဲ့ ကျေနပ်နှစ်သိမ့်ရပါတယ် ..

ဆက်ပြီး ဆက်ပြီးတော့ ကြိုးစားနေရုံသာ....

၃၁-၁၀-၂၀၂၂ မှ ၂၇-၁၀-၂၀၂၅ ထိ
(၃) နှစ်တာကာလ အမှတ်တရ မှတ်တမ်းလေးပါ

၂၇-၁၀-၂၀၂၅
တနင်္လာနေ့

"ကျေးဇူးတင်ပါတယ်" ဒီနေ့ ၂၅-၁၀-၂၀၂၅ ရက်နေ့ ည ၇ နာရီမှာ"ကုမ္ပဏီဝန်ထမ်းတို့ ချုပ်ဆိုရသော ပဋိညာဉ်စာချုပ်များ"ခေါင်းစဉ်နဲ့ ‌မ...
25/10/2025

"ကျေးဇူးတင်ပါတယ်"

ဒီနေ့ ၂၅-၁၀-၂၀၂၅ ရက်နေ့ ည ၇ နာရီမှာ

"ကုမ္ပဏီဝန်ထမ်းတို့ ချုပ်ဆိုရသော ပဋိညာဉ်စာချုပ်များ"

ခေါင်းစဉ်နဲ့ ‌မျှဝေတဲ့ Online Webinar ကို
စာရင်းသွင်း၊ တက်ရောက်ပေးကြတဲ့
ဆရာ ဆရာမတို့အားလုံးကို ကျေးဇူးတင်ပါတယ်

စာရင်းပေးထားပြီး အခြေအနေအရပ်ရပ်ကြောင့်
မတက်ရောက်နိုင်တဲ့ ဆရာ ဆရာမတို့အနေနဲ့
အကျိုးမမဲ့စေဖို့အတွက်

မျှဝေတဲ့ မှတ်စုနဲ့ Video Record ကို စာရင်းပေး၊ အတည်ပြုထားသူ တစ်ယောက်စီတိုင်းဆီ
အီးမေးလ်ကနေ ပေးပို့ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ

လေးစားစွာဖြင့်

“ကုမ္ပဏီဝန်ထမ်းတို့ ချုပ်ဆိုရသော ပဋိညာဉ်စာချုပ်များ”                          [Online Webinar]စီးပွားရေးလုပ်ငန်းလောကမှာ ...
01/10/2025

“ကုမ္ပဏီဝန်ထမ်းတို့ ချုပ်ဆိုရသော ပဋိညာဉ်စာချုပ်များ”
[Online Webinar]

စီးပွားရေးလုပ်ငန်းလောကမှာ
ကိုယ်ပိုင်လုပ်ငန်းမတည်ထောင်နိုင်သေးတဲ့
ဝန်ထမ်းများ... နဲ့
ဝန်ထမ်းမရှိရင် မဖြစ်တဲ့ ကုမ္ပဏီများ...ဟာ
အပြန်အလှန် မှီခိုနေကြရဆဲပါ...

ဒီလိုအပြန်အလှန် မှီခိုနေကြရချိန်မှာ
နှစ်ဦးနှစ်ဖက်အကြား ပြေလည်ကောင်းမွန်တဲ့
ဆက်ဆံရေးတွေ အခိုင်အမာနဲ့ အစဉ်အမြဲ
ရှိနေဖို့ လိုအပ်နေတာပါပဲ...

ဒီလို နှစ်ဦးနှစ်ဖက်အကြား ဆက်ဆံရေးတွေ
အခိုင်အမာနဲ့ အစဉ်အမြဲရှိနေစေဖို့
အခိုင်အမာဖြစ်စေတဲ့ နည်းလမ်းတွေနဲ့
ရစ်ပတ်ဖွဲ့နှောင်ထားကြပြန်ပါတယ်...

အဲလို ရစ်ပတ်နှောင်ဖွဲ့ဖို့ နည်းလမ်းတွေနဲ့
ဆောင်ရွက်ကြပေမယ့်လည်း
အစေးမကပ်မှု၊ အငြင်းအခုံ၊
အကြိမ်းအမောင်း ဖြစ်ရမှုတွေကြောင့်
တိတ်တဆိတ်ကော.. ပေါ်ပေါ်ထင်ထင်ကော
လမ်းခွဲကြရတာလည်း ရှိနေကြတာပါပဲ..

ဒါကြောင့်မို့ ကုမ္ပဏီများနဲ့ ဝန်ထမ်းများအကြားမှာ
ဘယ်လိုသော နည်းလမ်းတွေနဲ့
ရစ်ပတ်ဖွဲ့နှောင်ထားကြတာလဲ...
ဘယ်ကဲ့သို့သော နည်းလမ်းတွေနဲ့
သိမ်းသွင်း ဆွဲဆောင်ထားကြတာလဲ...

ဆိုတာကို ဒီ...

“ကုမ္ပဏီဝန်ထမ်းတို့ ချုပ်ဆိုရသော ပဋိညာဉ်စာချုပ်များ”
- Online Webinar –

မှာ တင်ပြ မျှဝေ သွားမှာဖြစ်ပါတယ်...

ဒီ “Online Webinar” ကို

အသေးစားအလတ်စား လုပ်ငန်းရှင်များ၊
ကုမ္ပဏီအရာထမ်း၊ ဝန်ထမ်းများ၊
ရှေ့နေများနှင့် စိတ်ပါဝင်စားကြသူများ
တက်ရောက် လေ့လာနိုင်ပါတယ်...။

တင်ပြမျှဝေသူ

ဦးနေအောင် /(ကလောင်အမည်) ရှမ်းနေအောင်
LL.B., D.B.L., D.M.L., M.A. (Business Law)
တရားလွှတ်တော်ရှေ့နေ

ကော်ပိုရိတ်ရှေ့နေလုပ်သက် ၁၂ နှစ်ကျော်ရှိပြီး လက်ရှိတွင် Construction, Infrastructure, Building Materials, Real Estate, Estate Management, Mixed Use Development Project, Shopping Centers, Food & Beverage, Hotel, Film Theatre လုပ်ငန်းများ၊ Online Broadcasting လုပ်ငန်းနှင့် အခြားသော စီးပွားရေး လုပ်ငန်းများကို ဥပဒေအကြံပေးနေလျက်ရှိပါတယ်။ #“ကော်ပိုရိတ်ရှေ့နေ အသက်မွေးမှုနှင့် ကော်ပိုရိတ်လက် တွေ့” စာအုပ်ကိုလည်း ရေးသားထုတ်ဝေထားပါတယ်..။

တက်ရောက်လေ့လာလိုသူအနေဖြင့် ...

အောက်ပါ Link ထဲဝင် စာရင်းပေးသွင်းပြီးနောက် --

Commitment Fees [ကတိကဝတ်ပြုသည့်တန်ဖိုး] - ၁၀,၀၀၀ိ/- ကျပ်ကို ပေးသွင်း၍
တက်ရောက်လေ့လာနိုင်ပါတယ်။

အချက်အလက်မှာ -

နေ့ရက် - 25 – 10 – 2025 [Saturday]
အချိန် - 07 : 00 – 09 : 00 PM
နေရာ - Online – Zoom Meeting
မှတ်စု - Power Point Slide ကို Register ပါ Email Address သို့ ပေးပို့သွားပါမယ်

စာရင်းပေးသွင်းရန် Link
https://docs.google.com/forms/d/e/1FAIpQLSe3tSvHvbFpaY9baIbnYp62-kADzriDHHN6mZ4fFKBSIx0LNQ/viewform?usp=header

"Completion of Training"ယနေ့ ၂၈-၉-၂၀၂၅ ရက်နေ့မှာLegal Training for Corporate Legal Practices Batch - 4 ပြီးဆုံးသွားပါပြီ...
28/09/2025

"Completion of Training"

ယနေ့ ၂၈-၉-၂၀၂၅ ရက်နေ့မှာ

Legal Training for Corporate Legal Practices
Batch - 4

ပြီးဆုံးသွားပါပြီ

တက်ရောက် နားထောင် အားပေးကြသူ
ဆရာ၊ ဆရာမတို့ အားလုံးကို
ကျေးဇူးတင်ပါတယ်

မျှဝေသင့်တာတွေ
မျှဝေခွင့်ရခဲ့လို့
အားရကျေနပ်ရပါတယ်

ပိုအကျိုးများတာတွေ
ပိုမျှဝေပေးနိုင်ဖို့

ဆက်လက်ကြိုးစားနေပါမယ်
💞💞💞

29/07/2025

"တစ်ယောက်တည်း တော်နေလို့မရပါ"

ကော်ပိုရိတ် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ
ကော်ပိုရိတ် နေ့စဉ်လုပ်ငန်းတွေမှာ

ဒါရိုက်တာ ဖြစ်စေ၊ စီအီးအိုဖြစ်စေ၊
ဌာနတာဝန်ခံဖြစ်စေ၊ မန်နေဂျာ ဖြစ်စေ၊

စာရင်းကိုင်၊ စာရင်းစစ်၊ ရှေ့နေ ဖြစ်စေ
တစ်ဦးတည်းထီးထီးကြီး တော်နေရုံနဲ့
လုပ်ငန်း မအောင်မြင်နိုင်တာ လက်တွေ့ပါပဲ

သက်ဆိုင်ရာလုပ်ငန်းမှာ
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးက
ပူးပေါင်း ဆွေးနွေး တိုင်ပင် အကြံပြုပြီး
အတူတကွ ဆောင်ရွက်မှသာ
လုပ်ငန်းအောင်မြင်ကြတာ လက်တွေ့ပါပဲ

ဒါကြောင့်

ကော်ပိုရိတ်မှာ ဝင်ရောက်ပြီး
ဥပဒေအကြံပြုလိုတဲ့ ရှေ့နေတွေ
ကော်ပိုရိတ်ရှေ့နေဘဝကို
အခြေချလိုတဲ့ ရှေ့နေတွေ နဲ့

အဲလိုရှေ့နေတွေဆီကနေ
ဥပဒေအကြံဉာဏ်ယူပြီး
မိမိဌာနတာဝန်လုပ်ငန်းတွေကို
ပြီးမြောက်အောင်မြင်လိုတဲ့
ဌာနတာဝန်ခံ၊ မန်နေဂျာတွေ အတွက်

အထောက်အကူဖြစ်စေမယ့်

ကော်ပိုရိတ်ဥပဒေလက်တွေ့ သင်တန်း
Corporate Legal Practices တစ်ခု ဖြစ်ပါတယ်

အပြန်အလှန် ဆွေးနွေးချိန်လုံလောက်စွာရရှိဖို့
လူဦးရေ ကန့်သတ်ထားရာမှာ သတ်မှတ် လူဦးရေ
ပြည့်တော့မှာမို့ စိတ်ဝင်စားသူအနေဖြင့်
အချိန်မနှောင်းမီ အောက်ပါ Link မှာ
ဝင်ရောက်စာရင်းသွင်း လိုက်ပါ....။

Sharing experience with regard to corporate legal practices

12/07/2025

“Legal Training for Corporate Legal Practices”

*Online Class* ဒုတိယအကြိမ် ဖွင့်လှစ်ပါပြီ..

သင်တန်းသင်ရိုးရဲ့ ကျောရိုးကတော့

(၁) ဥပဒေ/စီးပွားရေးလုပ်ငန်း အခြေခံသဘောတရား၊
(၂) ဥပဒေ/စီးပွားရေး လက်တွေ့လုပ်ငန်းစဉ်များ၊
(၃) လက်တွေ့လုပ်ငန်းမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲများကို ဖြေရှင်းကုစားခြင်းများ
ဆိုပြီး အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်..။

မည်သည့်လုပ်ငန်းနယ်ပယ်မှာမဆို -

(၁) အခြေခံသဘောတရားကို နားမလည်ပါက လက်တွေ့လုပ်ငန်းမှာ အခက်အခဲဖြစ်တတ်ပါတယ်..
(၂) ဆိုင်ရာလုပ်ငန်းတွေကို လက်တွေ့လုပ်တဲ့အခါ လုပ်ငန်းဆိုင်ရာ အခက်အခဲဆိုတာ ပေါ်လာစမြဲဖြစ်ပါတယ်..
(၃) လုပ်ငန်းဆိုင်ရာ အခက်အခဲဆိုတာ ရှောင်ဖယ်လို့မရပဲ ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်..

ဒါကြောင့် ဒီသဘောတရား၊ လက်တွေ့၊ ဖြေရှင်းကုစားခြင်းများကို ရှင်းလင်းလမ်းညွှန်ပြမယ့်

Legal Training for Corporate Legal Practices - *Online Class* ကို

ကော်ပိုရိတ်နယ်သို့အခြေချလိုသော ရှေ့နေများနှင့် Commercial Contract များကို တာဝန်ယူဆောင်ရွက်နေရ သော ကုမ္ပဏီအရာထမ်းများ၊ ဝန်ထမ်းများ တက်ရောက်နိုင်ပါတယ်..။

သင်ရိုးခေါင်းစဉ်များ

အပိုင်း - ၁ #အခြေခံသဘောတရား

သင်ရိုး (၁) အခြေခံ သိနားလည်ခြင်း

- ကော်ပိုရေးရှင်း၏ သဘောသဘာဝ
- စီးပွားရေးလုပ်ငန်း၏ အခြေခံသဘောသဘာဝ
- ကော်ပိုရိတ်ရှေ့နေ၏ အခန်းကဏ္ဍ

သင်ရိုး (၂) အခြေခံအရည်အချင်း

- ကော်ပိုရိတ်ရှေ့နေအနေဖြင့် အခြေခံရှိရမည့်အရည်အချင်း
- ကော်ပိုရိတ်ရှေ့နေ၏ အခြေခံလုပ်ငန်းတာဝန်များ
- ကော်ပိုရိတ်ရှေ့နေ စောင့်ထိန်းရမည့်အဓိကကျင့်ဝတ်များ

သင်ရိုး (၃) အခြေခံသိနားလည်ထားရမည့် ဥပဒေများ

- မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ
- ပဋိညာဥ်အက်ဥပဒေ
- အခွန်ဥပဒေများ

အပိုင်း - ၂ #လက်တွေ့လုပ်ငန်းစဉ်များ

သင်ရိုး (၄) ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများ

- စာပေးစာယူနှင့် ရုံးစာများ ရေးသားခြင်း နည်းလမ်းများ
- လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲဆောင်ရွက်ခြင်း နည်းလမ်းများ

သင်ရိုး (၅) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဥပဒေများကို လေ့လာခြင်း

- သက်ဆိုင်ရာ လုပ်ငန်းသဘောသဘာဝကို လေ့လာရမည့် နည်းလမ်းများ
- လုပ်ငန်းသဘာဝနှင့် သက်ဆိုင်ရာ ဥပ‌ဒေများကို ဆက်စပ်သုံးသပ်ရမည့် နည်းလမ်းများ

သင်ရိုး (၆) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဥပဒေများကို အသုံးချအဆင့်လေ့လာခြင်း

- လုပ်ငန်းသဘာဝနှင့် သက်ဆိုင်ရာဥပ‌ဒေများကို ဆက်စပ်အသုံးချရမည့်နည်းလမ်းများ
- မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ
- ပဋိညာဥ်အက်ဥပဒေ
- ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ
- ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများ
- ကုန်ရောင်းကုန်ဝယ်ဥပဒေ
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ

အပိုင်း - ၃ #ဖြေရှင်းကုစားခြင်းများ

သင်ရိုး (၇) ဥပဒေအကြံပြုခြင်းနည်းလမ်းများ
သင်ရိုး (၈) စီးပွားရေးလုပ်ငန်းဆိုင်ရာသဘောတူစာချုပ်များကို ကုစားခြင်း
သင်ရိုး (၉) လုပ်ငန်းဆိုင်ရာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ခြင်းနည်းလမ်းများ

#ထပ်တိုးမျှဝေသည့် ခေါင်းစဉ်များ

(၁) Legal Due Diligence (သဘောတရားနှင့် လက်တွေ့)
(၂) ကုမ္ပဏီဆန္ဒအလျောက်ဖျက်သိမ်းခြင်း (သဘောတရား)

အထက်ပါ သင်ရိုးများနှင့်စပ်လျဉ်းပြီး ကိုယ်တိုင်ရေးဆွဲလက်တွေ့အသုံးပြုခဲ့သော -

✅ ပစ္စည်းရောင်းချတပ်ဆင်ခြင်းသဘောတူစာချုပ် (ရှင်းလင်းချက်)
✅ လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ် (ရှင်းလင်းချက်)
✅ မြေနှင့်အဆောက်အအုံငှားရမ်းခြင်းသ‌ဘောတူစာချုပ် (စိစစ်ရန်)
✅ ရုံးတွင်းစာအရေးအသားပုံစံနမူနာများ (မြန်မာ-အင်္ဂလိပ်)
✅ ကုန်စည်ဖြန့်ဖြူးခြင်းသဘောတူစာချုပ် (Research, Assignment & Group Discussion)
✅ အငှားကိုယ်စားလှယ်သဘောတူစာချုပ် (Research, Assignment & Group Discussion)
✅ လက်တွေ့ပြဿနာများနှင့်အကြံပြုချက်နမူနာများ(English - Myanmar)
✅ ပြင်ဆင်/ထပ်တိုး/လွှဲပြောင်း/အစားထိုး/ရပ်စဲခြင်းသဘောတူစာချုပ်များ (English Version)

စသည်တို့ကို သင်ရိုးအလိုက် ကြိုတင်ပေးပို့ပြီး ဥပမာပြ ရှင်းလင်းလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်...။

Trainer

ဦးနေအောင် /(ကလောင်အမည်) ရှမ်းနေအောင်
LL.B., D.B.L., D.M.L., M.A. (Business Law)
တရားလွှတ်တော်ရှေ့နေ

ကော်ပိုရိတ်ရှေ့နေလုပ်သက် ၁၂ နှစ်ကျော်ရှိပြီး လက်ရှိတွင် Construction, Infrastructure, Building Materials, Real Estate, Estate Management, Mixed Use Development Project, Shopping Centers, Food & Beverage, Hotel, Film Theatre လုပ်ငန်းများ၊ Online Broadcasting လုပ်ငန်းနှင့် အခြားသော စီးပွားရေး လုပ်ငန်းများကို ဥပဒေအကြံပေးနေလျက်ရှိပါတယ်။ #“ကော်ပိုရိတ်ရှေ့နေ အသက်မွေးမှုနှင့် ကော်ပိုရိတ် လက်တွေ့” စာအုပ်ကိုလည်း ရေးသားထုတ်ဝေထားပါတယ်..။

သင်တန်းကြေး

အပိုင်း ၁ + ၂ (၁)လ သင်တန်း - ၂၀၀,၀၀၀/- ကျပ်
အပိုင်း ၂ + ၃ (၁)လ သင်တန်း - ၂၀၀,၀၀၀/- ကျပ်
သင်တန်းကြေးကို (၁)လ ချင်း အရစ်ကျပေးသွင်းနိုင်ပါတယ်။

***အထူးနှုန်းထား****
တစ်ကြိမ်တည်း ပေးသွင်းမယ်ဆိုပါက အထူးနှုန်းထား - ၃၀၀,၀၀၀/- ကျပ်။

သင်တန်းအချက်အလက်မှာ -

သင်တန်းဖွင့်လှစ်မည့်နေ့ - ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့
သင်တန်းနေ့ - စနေနေ ၊ တနင်္ဂနွေ (အပတ်စဉ်)
သင်တန်းအချိန် - ည ၀၇ : ၀၀ နာရီမှ ၀၈ : ၃၀ နာရီထိ
သင်တန်းကာလ - (၂) လ
သင်တန်းနေရာ - Online – Zoom Meeting
သင်ရိုးမှတ်စု - Telegram/ Viber မှ Softcopy များကို သင်ရိုးအလိုက် ပေးပို့သွားပါမယ်
သင်တန်းဆန်းစစ်ချက် - Objective Questions, Assignments & Short Questions Examination

# မှတ်ချက် -
*Certificate* ပေးအပ်ခြင်းမပြုပါ။ လုပ်ငန်းခွင်လက်တွေ့အသုံးပြုခဲ့သော နမူနာများကို ပေးအပ်ပါမည်။

အောက်ပါ Link တွင် စာရင်းပေးသွင်းလိုက်ပါ...

https://docs.google.com/forms/d/e/1FAIpQLSd9TvUzaFbKGcxw0iLdnYens3J6983KAcGIFbCCz6nI5ZdlQg/viewform

Sharing experience with regard to corporate legal practices

AI vs. Legal (ဉာဏ်ရည်တု နဲ့ ဥပဒေ) - ၂ဥပဒေအသက်မွေးဝမ်းကျောင်းလုပ်ငန်းနယ်ပယ်မှာ AI က အတိုင်းအတာတစ်ခုအထိ ဝင်ရောက်နေပါပြီ။ ဖ...
14/06/2025

AI vs. Legal (ဉာဏ်ရည်တု နဲ့ ဥပဒေ) - ၂

ဥပဒေအသက်မွေးဝမ်းကျောင်းလုပ်ငန်းနယ်ပယ်မှာ AI က အတိုင်းအတာတစ်ခုအထိ ဝင်ရောက်နေပါပြီ။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Legal Technology Software (Legal Tech) တွေသုံးပြီး ဥပဒေဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင် နေကြရာကနေ အခုနောက်ပိုင်းမှာတော့ AI ပါဝင်လာတဲ့ Legal Tech တွေ (AI driven – Legal Technology Software) ကို ရေးဆွဲပြီး အသုံးပြုလာကြပါပြီ။ အဲဒီ AI driven – Legal Tech တွေကို ကျွန်တော်တို့ လက်လှမ်းမမှီနိုင်သေးပေမယ့် ChatGPT, Gemini, Deepseek စတဲ့ Free Version AI တွေကို ကျွန်တော်တို့က အသုံးပြုနိုင်နေကြတာကြောင့် AI ရဲ့ အကျိုးသက်ရောက်မှုကို မျက်မြင်တွေ့နေကြရပါပြီ။ ဒါကြောင့် AI က ဥပဒေနဲ့ စပ်လျဉ်းပြီး သူပေးနေတဲ့ ဝန်ဆောင်မှု တွေနဲ့ စဉ်းစားချင့်ချိန်ရမယ့် အချက်အလက်တွေကို ထပ်ဆင့်မျှဝေလိုက်ပါတယ်..။
..............။.............

၁။ ဥပဒေလုပ်ငန်းမှာ Generative AI ရဲ့ သက်ရောက်မှု

Generative AI (GenAI) နည်းပညာတွေ တအားတိုးတက်လာတာကြောင့် ဥပဒေလုပ်ငန်းက နည်းပညာတော်လှန်ရေးရဲ့ အစွန်းကို ရောက်နေပါပြီ။ ရှေ့နေရုံး (Law Firm) တွေနဲ့ သူတို့ရဲ့ ကော်ပိုရိတ်ဖောက်သည်တွေက ဒီ GenAI တွေကို ပိုပြီး သုံးလာတာနဲ့အမျှ ဥပဒေဝန်ဆောင်မှုနယ်ပယ်တစ်ခုလုံးလည်း အခြေခံကျကျ ပြောင်းလဲနေပါပြီ။ "Generative AI in Professional Services Report” အရ GenAI ကို ပေါင်းစပ်အသုံးပြုတာဟာ ခေတ်ရေစီးကြောင်းတစ်ခုတည်း မဟုတ် ဘဲ၊ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ လုပ်ငန်းခွင်မှာ ရပ်တည်နိုင်ဖို့နဲ့ ဖောက်သည်တွေရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်ဖို့ ကြိုးစားနေတဲ့ Law Firm တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာတစ်ရပ်ပဲ ဖြစ်ပါတယ်။

GenAI က လူသားတွေလို စာသားတွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို လုပ်ပေးနိုင်တဲ့အတွက် စာရွက်စာတမ်းတွေ ပြန်လည် သုံးသပ်တာကနေ ဥပဒေရေးရာ သုတေသနလုပ်တာ၊ အကျဉ်းချုပ်မူကြမ်းတွေ ရေးဆွဲတာအထိ အမျိုးမျိုးသော ဥပဒေ ရေးရာလုပ်ငန်းတွေမှာ အသုံးဝင်လာပါတယ်။ ဒီပြောင်းလဲမှုဟာ ပုံမှန်လုပ်ရတဲ့ အလုပ်တွေကို အလိုအလျောက် လုပ်ဆောင်ပေးရုံတင်မကဘဲ ဥပဒေလုပ်ငန်းရဲ့ အရည်အသွေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုပါ ပိုပြီးကောင်းမွန်လာ စေပါတယ်။ ဒါပေမယ့် ဒီလိုတိုးတက်မှုတွေနဲ့အတူ GenAI ကို တာဝန်ယူမှုရှိရှိနဲ့ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ Law Firm တွေအနေနဲ့ ရင်ဆိုင်ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုကြီးတွေလည်း ရှိနေပါတယ်။

၂။ *အဓိကအသုံးပြုပုံများ* စာရွက်စာတမ်း ပြန်လည်စစ်ဆေးခြင်း၊ ဥပဒေရေးရာ သုတေသနပြုခြင်း၊ အကျဉ်း ချုပ်မူကြမ်း ရေးဆွဲခြင်း

(က) စာရွက်စာတမ်း ပြန်လည်စစ်ဆေးခြင်း။

အစီရင်ခံစာတွေအရ ဥပဒေလုပ်ငန်းမှာ GenAI ကို အသုံးအများဆုံး ကတော့ စာရွက်စာတမ်း ပြန်လည်စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဒီအလုပ်က အရင်ကဆိုရင် အချိန်အများကြီးယူရပြီး လူအင်အားလည်း အများကြီးလိုပါတယ်။ ဥပဒေအထောက်အကူပြုဝန်ထမ်းတွေနဲ့ အငယ်တန်းရှေ့နေတွေက စာရွက် စာတမ်းပုံကြီးတွေကို လိုက်ရှာဖွေရတာမျိုးပါ။ GenAI က သက်ဆိုင်ရာ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရှာဖွေ ပေးတာ၊ ပြဿနာရှိနိုင်တဲ့ အချက်တွေကို ညွှန်ပြပေးတာ၊ အဓိကအချက်တွေကိုတောင် အကျဉ်းချုပ်ပေးတာမျိုး လုပ်ပေးနိုင်လို့ ဒီပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို သိသိသာသာ မြန်ဆန်စေလာပါတယ်။ ဒါက အချိန်ကုန်သက်သာ စေရုံတင်မကဘဲ လူကြောင့်ဖြစ်တတ်တဲ့ အမှားအယွင်းတွေကို လျှော့ချပေးပြီး အရေးကြီးတဲ့ အသေးစိတ်အချက် အလက်တွေ မျက်စိလျှန်းသွားတာမျိုးမဖြစ်အောင်လည်း အထောက်အကူပေးပါတယ်။

(ခ) ဥပဒေရေးရာ သုတေသနပြုခြင်း။

ဥပဒေရေးရာ သုတေသနလုပ်ငန်းကလည်း GenAI က သိသိသာသာ သက်ရောက်မှုရှိစေတဲ့ နောက်ထပ် နယ်ပယ်တစ်ခုပါ။ GenAI Tools တွေက ဥပဒေစာပေ၊ တရားစီရင်ထုံးနဲ့ ဥပဒေတွေ ကို အတော်ကြီးကို မြန်မြန်ဆန်ဆန် ခွဲခြမ်းစိတ်ဖြာပြီး ပြည့်စုံမှန်ကန်တဲ့ နောက်ဆုံးပေါ် အချက်အလက်တွေကို ထုတ် ပေးနိုင်ပါတယ်။ ဒီစွမ်းရည်က ရှုပ်ထွေးတဲ့ တရားစွဲဆိုမှုတွေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ တော်တော်လေး အသုံးဝင် လာပါတယ်။ သက်ဆိုင်ရာ အချက်အလက်တွေကို မြန်မြန်ဆန်ဆန်ရယူပြီး ပေါင်းစပ်နိုင်တာက လုပ်ငန်းပြီးမြှောက် စေနိုင်တဲ့ ယန္တရားတစ်ခုဖြစ်သွားပါတယ်။ ဒါ့အပြင် GenAI က လူ့သုတေသီတွေ မတွေ့နိုင်တဲ့ ပုံစံတွေနဲ့ လမ်းကြောင်း တွေကိုလည်း ဖော်ထုတ်ပေးနိုင်ပြီး ဥပဒေရေးရာ ပြဿနာတွေကို ပိုမိုနက်နဲစွာ နားလည်လာစေနိုင်ပါတယ်။

(ဂ) အကျဉ်းချုပ်မူကြမ်း ရေးဆွဲခြင်း။

အကျဉ်းချုပ်မူကြမ်းရေးဆွဲတာက ဥပဒေလုပ်ငန်းရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ GenAI ကို ပိုပြီး အသုံးပြုလာကြပါတယ်။ GenAI ကိရိယာတွေက ဥပဒေဆိုင်ရာ အကျဉ်းချုပ်တွေ၊ မှတ်စုတွေနဲ့ တခြားစာရွက်စာတမ်းတွေရဲ့ အစပိုင်းမူကြမ်းတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါတွေကို ရှေ့နေတွေက ပြန်လည်ပြင်ဆင်တာမျိုး လုပ်ရုံပါပဲ။ ဒါက မူကြမ်းရေးဆွဲတဲ့ လုပ်ငန်းစဉ်ကို မြန်ဆန်စေရုံတင်မကဘဲ ကနဦးစာရွက်စာတမ်းက ကောင်းကောင်းမွန်မွန်ဆောင်ရွက်ထားတာ၊ လိုအပ်တဲ့ ဥပဒေဆိုင်ရာ အငြင်းပွားချက်တွေနဲ့ ကိုးကားချက်တွေ အားလုံးပါဝင်တယ်ဆိုတာကို သေချာအောင်လုပ်ပေးပါတယ်။ အကျဉ်းချုပ်မူကြမ်းရေးဆွဲခြင်းရဲ့ အစပိုင်း အဆင့်တွေကို အလိုအလျောက်လုပ်ဆောင်ပေးခြင်းအားဖြင့် GenAI က ရှေ့နေတွေကို မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချတာနဲ့ ဖောက်သည်တွေနဲ့ ဆက်သွယ်တာလို ပိုမိုတန်ဖိုးရှိတဲ့ အလုပ်တွေမှာ အာရုံစိုက်ခွင့် ပေးလိုက် တာ ပါပဲ။

၃။ *အကျိုးကျေးဇူးများ* အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခြင်း

အစီရင်ခံစာအရ Law Firm တွေက GenAI ကို အသုံးပြုလာတာဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို သိသိ သာသာ မြှင့်တင်ပေးနိုင်မယ့် အကျိုးကျေးဇူးတွေအများကြီး ရှိတယ်လို့ဆိုတာ တွေ့ရပါတယ်။ အနီးစပ်ဆုံးနဲ့ အထင်ရှားဆုံး အကျိုးကျေးဇူးတစ်ခုကတော့ အချိန်ကုန်သက်သာတာ ပါပဲ။ GenAI က နာရီပေါင်းများစွာ ဒါမှမဟုတ် ရက်ပိုင်းအထိ ကြာမယ့် အလုပ်တွေကို အချိန်တိုအတွင်းမှာ လုပ်ဆောင်ပေးနိုင်လို့ Law Firm တွေအနေနဲ့ ရှိပြီးသား အရင်းအမြစ် တွေနဲ့ပဲ အမှုတွေနဲ့ ဖောက်သည်တွေကို ပိုပြီးကိုင်တွယ်နိုင်လာပါတယ်။ ဒီလို လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက် လာတာ က ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။ ဘာလို့လဲဆိုတော့ Law Firm တွေက အထောက်အကူပြု ဝန်ထမ်း အဖွဲ့တွေ အများကြီး လိုအပ်တာကို လျှော့ချနိုင်ပြီး လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကိုလည်း လျှော့ချနိုင်လို့ပါ။ Law Firm ငယ်လေးတွေကလည်း GenAI ကိရိယာတွေရဲ့ အထောက်အကူနဲ့ Law Firm ကြီးတွေနဲ့ ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိ လာတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် GenAI က တိကျမှန်ကန်ပြီး တစ်သမတ်တည်းရှိတဲ့ ရလဒ်တွေ ပေးနိုင်တာကြောင့် ဥပဒေလုပ်ငန်း ခြုံငုံနိုင်တဲ့ စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ပုံမှန်လုပ်ရတဲ့ အလုပ်တွေကို အလိုအလျောက်လုပ်ဆောင် ပေးတဲ့ အတွက် ရှေ့နေတွေက သူတို့ရဲ့ အလုပ်ထဲက ပိုရှုပ်ထွေးပြီး မဟာဗျူဟာကျတဲ့ အပိုင်းတွေမှာ ပိုပြီး အာရုံစိုက်နိုင် လာစေပါတယ်။ ဒါက ဥပဒေဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို တိုးတက်စေရုံတင်မကဘဲ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဘာလို့လဲဆိုတော့ Law Firm တွေက ပိုမိုမြန်ဆန်ပြီး ပိုတိကျတဲ့ ရလဒ် တွေကို ပေးနိုင်လာလို့ပါပဲ။

၄။ *စိန်ခေါ်မှုများ* တိကျမှန်ကန်မှု၊ ဥပဒေမဲ့ ကျင့်သုံးမှု၊ ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ

GenAI ရဲ့ အကျိုးကျေးဇူးတွေက ရှင်းလင်းနေပေမယ့် အစီရင်ခံစာက Law Firm တွေ ဖြေရှင်းရမယ့် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

အဓိက စိုးရိမ်စရာတွေထဲက တစ်ခုကတော့ တိကျမှန်ကန်မှု ပါပဲ။ GenAI ကိရိ ယာတွေက အစွမ်းထက်ပေမယ့် အမှားမရှိတာတော့ မဟုတ်ပါဘူး။ ဥပဒေရေးရာကိစ္စတွေမှာ ဆိုးရွားတဲ့ အကျိုးဆက် တွေ ဖြစ်စေနိုင်တဲ့အမှားတွေ ဒါမှမဟုတ် မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ဖြစ်နိုင်ခြေက အမြဲရှိနေပါတယ်။ Law Firm တွေအနေနဲ့ GenAI ကနေ ထုတ်ပေးတဲ့ အကြောင်းအရာတွေဟာ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရတယ်ဆိုတာ သေချာစေဖို့ ခိုင်မာတဲ့အရည်အသွေး ထိန်းချုပ်မှုနည်းလမ်းတွေကို အကောင်အထည်ဖော်ရပါမယ်။ ပြီးတော့ ဥပဒေ လုပ်ငန်းဆိုင်ရာ ထုတ်ကုန်အားလုံးကို အမြဲတမ်းရှေ့နေတစ်ဦးက ပြန်လည်စစ်ဆေးပြီး အတည်ပြု လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

နောက်ထပ် ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုကတော့ ဥပဒေမဲ့ ကျင့်သုံးမှု ပါပဲ။ လိုင်စင်ရ ရှေ့နေတစ်ဦးသာ လိုအပ်တဲ့ အလုပ် တွေကို GenAI ကို သုံးပြီး လုပ်ဆောင်တာက ကျင့်ဝတ်နဲ့ဥပဒေရေးရာ စိုးရိမ်စရာတွေကို ဖြစ်ပေါ်စေပါတယ်။ Law Firm တွေက GenAI ကို ပညာရပ်ဆိုင်ရာစံနှုန်းတွေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ သတ်မှတ်ချက်တွေကို မချိုး ဖောက်တဲ့နည်းလမ်းနဲ့ အသုံးပြုတယ်ဆိုတာ သေချာအောင် သတိထားရမှာဖြစ်ပါတယ်။ ဒါက GenAI အသုံးပြုမှု အတွက် ရှင်းလင်းတဲ့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေကို ချမှတ်တာ၊ အဖွဲ့သားအားလုံးက ကန့်သတ်ချက်ဘောင်တွေကို နားလည်အောင် ဆက်လက်လေ့ကျင့်ပေးတာတွေ ပါဝင်နိုင်ပါတယ်။ တချို့ Law Firm တွေက ဖောက်သည်တွေဟာ စားသုံးသူအဆင့် GenAI ကိရိယာတွေနဲ့ ရေးဆွဲထားတဲ့ စာရွက်စာတမ်းတွေ ယူလာတာကိုလည်း တွေ့နေရပါတယ်။ အဲဒီစာရွက်စာတမ်းတွေက သိသိသာသာ သို့မဟုတ် သိမ်သိမ်မွေ့မွေ့နည်းလမ်းတွေနဲ့ အမှားတွေပါနိုင်ပါတယ်။

ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကလည်း GenAI နယ်ပယ်မှာ အရေးပါပါတယ်။ လွဲမှားစေတဲ့ သို့မဟုတ် ဘက်လိုက် တဲ့ အကြောင်းအရာတွေ ထုတ်ပေးတာလိုမျိုး အလွဲသုံးစားလုပ်နိုင်ခြေကို ဖြေရှင်းရပါမယ်။ Law Firm တွေက GenAI ကို တာဝန်ယူမှုရှိရှိနဲ့ ပွင့်လင်းမြင်သာစွာ အသုံးပြုတယ်ဆိုတာ သေချာစေဖို့ ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကြီးကြပ် မှုယန္တရားတွေကို ချမှတ်ရပါမယ်။ ဒီလမ်းညွှန်ချက်တွေနဲ့ ကြီးကြပ်မှုယန္တရားတွေက GenAI အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဖောက်သည်တွေနဲ့ ပွင့်လင်းမြင်သာရှိတာ၊ ပြီးတော့ GenAI ရဲ့ တိကျမှန်ကန်မှုနဲ့ ယုံကြည်စိတ်ချရမှု ရှိစေဖို့ လုပ် ဆောင် ထားတဲ့ အဆင့်တွေကို ပြောပြတာတွေ ပါဝင်ရမှာဖြစ်ပါတယ်။

၅။ အနာဂတ်အတွက် ပြင်ဆင်ခြင်း

GenAI ကို ဥပဒေဝန်ဆောင်မှုလုပ်ငန်းတွေထဲ ပေါင်းစပ်ထည့်သွင်းတာဟာ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု တည်း မဟုတ်ဘဲ၊ Law Firm တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာတစ်ရပ်ပါပဲ။ GenAI ကို လက်ခံ အသုံးပြုခြင်း အားဖြင့် Law Firm တွေဟာ သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မယ်၊ ကုန်ကျစရိတ်တွေကို လျှော့ချနိုင် မယ်၊ ပြီးတော့ ပိုမိုအရည်အသွေးမြင့်မားတဲ့ ဥပဒေဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် GenAI ကို တာဝန်ယူမှုရှိရှိနဲ့ ထိရောက်စွာ အသုံးပြုဖို့ဆိုရင် သူနဲ့အတူပါလာတဲ့ စိန်ခေါ်မှုတွေနဲ့ ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှု တွေကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။

ဥပဒေနယ်ပယ်က ဆက်ပြီး ပြောင်းလဲနေတာကြောင့် Law Firm တွေအနေနဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရာမှာ တက်ကြွနေဖို့လိုပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းက မှန်ကန်တဲ့ နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ရှင်းလင်းတဲ့ မူဝါဒ တွေနဲ့ လမ်းညွှန်ချက်တွေကို ချမှတ်တာ၊ ပြီးတော့ အဖွဲ့ဝင်အားလုံး GenAI ခေတ်ပြောင်းရေစီးကြောင်းကို ကောင်းကောင်း ရင်ဆိုင် နိုင်ဖို့ ဆက်လက် လေ့ကျင့်ပေးတာတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် Law Firm တွေဟာ ယှဉ်ပြိုင်မှုမှာ ရပ်တည်နိုင်ရုံသာမက ဥပဒေလုပ်ငန်းရဲ့ အနာဂတ်ကို ပုံဖော်ရာမှာလည်း ဦးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။
...............။...............

ဆောင်းပါးအနှစ်ချုပ်အရ ယနေ့ခေတ် ဥပ‌ဒေအသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ GenAI ပေါ် အများကြီး မှီခိုလာ နေကြပါပြီ။ GenAI ဟာ ကောင်းကျိုးကိုလည်း ဖြစ်စေသလို ဆိုးကျိုးကိုလည်း ဖြစ်စေနိုင်တာပါပဲ။ သူ့ကို အသုံးပြုသူရဲ့ စိတ်ရည်ရွယ်ချက်အပေါ်များစွာ မူတည်လာမှာဖြစ်ပါတယ်။ ကောင်းကျိုးအားဖြင့် ကျွန်တော်တို့ နေ့စဉ်လုပ်ကိုင်နေတဲ့ ဥပဒေဆိုင်ရာဝန်ဆောင်မှုတွေကို အချိန်တိုအတွင်း အမြန်ပြီးစီးနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး ဆိုးကျိုးအားဖြင့် သူက ထုတ်ပေးလာတဲ့အချက်အလက်များကို များစွာမှီခိုလာပြီး ပြန်လည်စိစစ်ခြင်းမရှိတော့တာကြောင့် ဥပဒေဆိုင်ရာ အမှားအယွင်းတွေကို ဖြစ်စေနိုင်တာပါပဲ။

မည်သို့ဆိုစေ GenAI ဆက်လက် တိုးတက်လာနေမှာဖြစ်တာကြောင့် အနာဂတ်မှာ သူနဲ့အတူယှဉ်တွဲ လုပ်ကိုင်သွားနိုင်ဖို့အတွက်တော့ ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ရှေ့နေတွေအနေနဲ့ အချက်အလက်ကို အထူးပြုတဲ့ဘက်ကို အလေးပေးဦးတည်ခြင်းမပြုတော့ပဲ အချက်အလက်တွေကို ခြုံငုံသုံးသပ်ခြင်း၊ ပြန်လည်စိစစ်ခြင်း၊ ၎င်းအချက်အလက်တွေကို အထောက်အထားပြုပြီး မိမိ ကိုင်တွယ်နေတဲ့ လုပ်ငန်းကိစ္စရပ်တွေအပေါ် ချင့်ချိန် အသုံးချခြင်း၊ လုပ်ငန်းရှင်တွေကို အကြံပြုခြင်း၊ ဆွေးနွေးတိုင်ပင် ခြင်း၊ အငြင်ပွားမှုတွေကို အဖြေရှာပေးခြင်း၊ ဖြေရှင်းပေးခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေကို သာ ဦးတည်ပြီး ဆောင်ရွက်လာရမှာ ဖြစ်ပါတယ်..။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေကို ကြိုး စားအားထုတ် ဆောင်ရွက်သွားရမယ့် အခြေအနေဆီ စတင်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

စနေနေ့
၁၄ - ၆ - ၂၀၂၅

မူရင်းဆောင်းပါး

Generative AI in Professionals Services Report on workflows
May 29, 2025, legal.thomsonreuters.com

ဓါတ်ပုံ - အင်တာနက်

AI vs Legal (မှတ်ဉာဏ်တု နဲ့ ဥပဒေ) ယနေ့ခေတ်ကတော့  Artificial Intelligence – AI (မှတ်ဉာဏ်တု) ခေတ်လို့ဆိုရမှာပါ။ တစ်ဆင့်ထက်...
07/06/2025

AI vs Legal (မှတ်ဉာဏ်တု နဲ့ ဥပဒေ)

ယနေ့ခေတ်ကတော့ Artificial Intelligence – AI (မှတ်ဉာဏ်တု) ခေတ်လို့ဆိုရမှာပါ။ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာတဲ့ AI တွေဟာ လူသားတွေရဲ့ နေစဉ်ဘဝ စကားတွေထဲမှာပါ နေရာယူလာကြပါပြီ။ထို့အတူ လူသားတွေရဲ့ လုပ်ငန်းခွင်လောကထဲမှာပါ နေရာယူလာကြပါပြီ။ ဒါကြောင့် ဥပဒေအသက်မွေးဝမ်းကျောင်းနယ်ပယ်ထဲမှာကော AI က ဘယ်အတိုင်းအတာထိ ဝင်ရောက်နေရာယူနေပြီလဲဆိုတာ သိမြင်ထားဖို့ လိုအပ်လာတာကြောင့် နိုင်ငံတကာ ပညာရှင်များရဲ့ အတွေးအမြင်များကို စုစည်းကောက်နှုတ်ဖော်ပြလိုက်ပါတယ်..
.................။...............

#၁။ AI ကြောင့် စာချုပ်ကိစ္စအများစုမှာ ရှေ့နေတွေ မလိုအပ်တော့ဘူး

AI တွေ၊ စက်ရုပ်တွေက ရှေ့နေတွေရဲ့အလုပ်ကို လာလုမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီထက်ပိုပြီး စိတ်ဝင် စားစရာ ကောင်းတဲ့ အပြောင်းအလဲတစ်ခုတော့ ဖြစ်ပေါ်နေပါတယ်။ အဲဒါကတော့ ကုမ္ပဏီတွေဟာ စာချုပ်အများစု အတွက် ရှေ့နေတွေကို မလိုအပ်ဘူးဆိုတာကို သဘောပေါက်လာကြတာပါပဲ။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလုံး အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေက သူတို့ရဲ့စာချုပ်တွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းလဲဆိုတာကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့အချက်ကတော့ အံ့အားသင့်စရာပါ။ ဖောက်သည် ၁,၅၀၀ ကျော်ထဲက ၆၅ ရာခိုင်နှုန်းရှိတဲ့ ဖောက်သည်တွေဆီမှာ ဥပဒေအကြံပေးအဖွဲ့ လုံးဝမရှိနေသလို ဝန်ထမ်း တွေ ထဲမှာလည်း ရှေ့နေတစ်ယောက်မှ မရှိနေတာပါပဲ။

၂၀၂၃ ခုနှစ် Thomson Reuters ရဲ့ လေ့လာမှုတစ်ခုအရ ဥပဒေဌာနတွေရဲ့ ၇၆ ရာခိုင်နှုန်းဟာ ပုံမှန်စာချုပ်ဆိုင်ရာ လုပ်ငန်းတွေကို အခြားသူများထံ ပြင်ပလွှဲပြောင်းဆောင်ရွက်စေပြီး ကုမ္ပဏီအများအပြားကလည်း စာချုပ်စီ မံခန့်ခွဲပိုင်ခွင့်ကို လုပ်ငန်းလည်ပတ်ရေးနဲ့ ဘဏ္ဍာရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးနေကြတယ်လို့ ဆိုပါတယ်။ ဒီအသွင်ကူးပြောင်းမှုဟာ တကယ်ဖြစ်ပျက်နေတာပါ။ (ကျွန်တော် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများလည်း စာချုပ်ကို သက်ဆိုင်ရာလုပ်ငန်းဌာနများက တာဝန်ယူ စေ့စပ်ဆောင်ရွက်ပြီး စာချုပ်မူရင်းများကို ဘဏ္ဍာရေးဌာန က သိမ်းဆည်းကြတာပါ။)
တကယ်တမ်းမှာတော့ ဒီကုမ္ပဏီတွေဟာ ရုန်းကန်နေရတာမျိုး မဟုတ်ပါဘူး။ သူတို့ဟာ အောင်မြင်ကြီးပွား နေကြ တာပါ။

#၂။ စာချုပ်များဟာ ဥပဒေဆိုင်ရာ စာရွက်စာတမ်းတွေ မဟုတ်တော့ဘူး

စာချုပ်တစ်ခုရဲ့ တကယ့်သဘောတရားက ဘာလဲဆိုတာ ရိုးရိုးသားသား ကြည့်လျှင် ဒါဟာ ဥပဒေဆိုင်ရာ စာရွက် စာတမ်းတစ်ခု မဟုတ်နေပဲ စီးပွားရေးလုပ်ငန်းစဉ်တစ်ခုသာ ဖြစ်နေပါတယ်။

မိတ်ဆွေက တစ်ခုခုဝယ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို အလုပ်ခန့်သည် ဖြစ်စေ၊ အဲဒီ လုပ်ငန်းစဉ်ကြား အလယ်မှာ စာချုပ်ဆိုတာ အမြဲရှိပါတယ်။ ဒါဟာ ဆက်ဆံရေးတစ်ခုကို စတင်တဲ့ နည်းလမ်းဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာကဏ္ဍက အစိတ်အပိုင်းတစ်ခုမျှပဲ ဖြစ်နေ တာပါ။ ဒါက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ပြောင်းလဲလာတာကတော့ ကုမ္ပဏီတွေဟာ ဒီသဘောအတိုင်းကို လက်တွေ့အကောင် အထည် ဖော်လာကြတာပါပဲ။

ယေဘုယျအားဖြင့် စာချုပ်တွေဆိုတာ "ဥပဒေဌာနရဲ့ ပြဿနာ" လို့ သတ်မှတ်ခံထားရပါတယ်။ ဒါက အရင်က တည်းက လက်ခံထားတဲ့ အယူအဆပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို တွေ့မြင်လာခဲ့ပါတယ်။ CFO (ဘဏ္ဍာရေးအရာရှိချုပ်) တွေနဲ့ COO (လုပ်ငန်းလည်ပတ် ရေးအရာရှိချုပ်) တွေက စာချုပ်တွေကို ဥပဒေဆိုင်ရာကိစ္စရပ်အဖြစ် မမြင်တော့ဘဲ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စာမှတ်စာတမ်းတွေ အဖြစ် သဘောထားပြီး တာဝန်ယူကိုင်တွယ်လာကြပါတယ်။

ဒီလိုပြောင်းလဲလာတဲ့လမ်းကြောင်းကို အချက်အလက်တွေကလည်း ထောက်ခံနေပါတယ်။ KPMG ရဲ့ ၂၀၂၃ ခုနှစ် 'စာချုပ်စီမံခန့်ခွဲမှုဆိုင်ရာ စစ်တမ်း' အရ၊ စာချုပ်စီမံခန့်ခွဲမှု တာဝန်ဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ လွန်ခဲ့တဲ့ ငါးနှစ်က ၃၅ ရာခိုင်နှုန်းသာရှိရာကနေ အခုအခါမှာတော့ ကုမ္ပဏီတွေရဲ့ ၅၇ ရာခိုင်နှုန်းမှာ ဘဏ္ဍာရေးနဲ့ လုပ်ငန်း လည်ပတ်ရေးဌာနတွေက စာချုပ်ကိုင်တွယ်မှုအပိုင်းကို ထိန်းချုပ်နေပြီဖြစ်တာကို တွေ့ရှိရပါတယ်။

ဘာကြောင့်လဲ...ဘာလို့လဲဆိုတော့ ဒီလိုလုပ်တာက အကျိုးသင့်အကြောင်းသင့် ရှိလို့ပါပဲ။ CFO တွေက ကုမ္ပဏီရဲ့ ငွေအဝင်အထွက်ကို စီမံခန့်ခွဲရပါတယ်။ စာချုပ်တွေက အဲ့ဒီငွေကြေးလည်ပတ်မှုတွေကို ထိန်းချုပ်ထား တာပါ။ မိတ်ဆွေအနေနဲ့ စာချုပ်တွေကို ဥပဒေရှုထောင့်တစ်ခုတည်းကနေ ကြည့်တာကို ရပ်လိုက်မယ်ဆိုရင် ဒီဆက်စပ်မှု ကို ရှင်းရှင်းလင်းလင်း မြင်လာမှာပါ။ (ကျွန်တော် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများလည်း ဝန်ဆောင်မှုတစ်ခု အတွက် ငွေပေးချေရာမှာ စာချုပ်ချုပ်ဆိုပြီးမှ စာချုပ်ပါ သတ်မှတ်ထားတဲ့အတိုင်း ဘဏ္ဍာရေးဌာနက ငွေပေးချေ လေ့ရှိတာ ဖြစ်ပါတယ်။)

#၃။ ထင်သလောက် ညှိနှိုင်းမှုတွေ မလုပ်ကြတော့ဘူး

နောက်ထပ်လက်တွေ့ကျတဲ့ အချက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ လက်မှတ်ထိုးထားတဲ့ စာချုပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ညှိနှိုင်းမှု လုံးဝမရှိဘဲ လက်မှတ်ထိုးကြတာပါ။

မိတ်ဆွေဆောင်ရွက်နေတဲ့ ကိုယ်ပိုင်စာချုပ်တွေအကြောင်း စဉ်းစားကြည့်ပါ-

• HR စာရွက်စာတမ်းတွေက ပုံစံချထားပြီး သုံးနေတာ

• customer စာချုပ်တွေလည်း ပုံစံချထားပြီး သုံးနေတာ

• ရောင်းသူတစ်ဦးနဲ့ စာချုပ်ချုပ်တဲ့အခါ သူတို့ရဲ့ စာချုပ်ပုံစံကို အသုံးပြုတာ

သုတေသနတစ်ခုအရ ကုမ္ပဏီအများစုက စာချုပ်တွေရဲ့ ၁၀ ရာခိုင်နှုန်းသာ သိသိသာသာ ညှိနှိုင်းမှုတွေ လုပ်ကြ တာပါ။ ကျန်တဲ့စာချုပ်တွေအတွက် ဥပဒေပိုင်းဆိုင်ရာ ပြန်လည်စစ်ဆေးတာက အချိန်ကုန်စေပေမယ့် တန်ဖိုးတက် လာတာ မရှိပါဘူး။

ထက်မြက်တဲ့ ကုမ္ပဏီတွေက ဒါကို နားလည်ကြပါတယ်။ ဘယ်တိုက်ပွဲတွေက တိုက်သင့်တဲ့ တိုက်ပွဲဆိုတာ သူတို့သိပါတယ်။ ပုံမှန်သဘောတူညီချက်တွေအတွက်ဆိုရင် ဥပဒေပိုင်းဆိုင်ရာ ပြန်လည်စစ်ဆေးတာကို လုံးဝ ကျော်ဖြတ်လာကြပါပြီ။ (ကျွန်တော် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများအနေဖြင့် ကျွန်တော် ရေးဆွဲပေးထား သော ဝန်ဆောင်မှုစာချုပ်များ၊ အရောင်းစာချုပ်များ၊ အငှားစာချုပ်များသည် ငွေရေးကြေးရေး အပေးအယူမှ အပ ကျန်သော စည်းကမ်းချက်များကို ညှိနှိုင်းဆွေးနွေးခြင်းမပြုတော့ပဲ ပုံသေပုံစံအတိုင်း စာချုပ် ချုပ်ဆိုနေကြပါသည်။)

#၄။ AI က ဒီပြောင်းလဲမှုကို ဖြစ်စေတာမဟုတ်ပဲ ပိုမိုမြန်ဆန်အောင် အရှိန်မြှင့်တင်ပေးတာ

ဆောင်းပါး၊ သတင်းခေါင်းစီးသတင်းတွေက AI က ရှေ့နေတွေကို အစားထိုးလိမ့်မယ်လို့ ဖော်ပြရတာကို သဘော တွေ့နေကြပါတယ်။ ဒါဟာ အဓိကအချက်ကို လုံးဝလွဲချော်နေတာပါ။ AI က ဒီလမ်းကြောင်းကို ဖန်တီးနေတာ မဟုတ်ပါဘူး၊ ရှိပြီးသား ပြောင်းလဲမှုကို ပိုမိုမြန်ဆန်အောင် အရှိန်မြှင့်တင်ပေးနေတာပါ။

AI စွမ်းရည်တွေပါတဲ့ စာချုပ်စီမံခန့်ခွဲမှု software တွေက လူတိုင်းကို အရင်က မရှိခဲ့တဲ့ ဥပဒေရေးရာ ဗဟုသုတတွေ ကို ရရှိစေပါတယ်။ သင့်စာချုပ်ကို ChatGPT ဒါမှမဟုတ် Concord AI လိုမျိုး အထူးပြု software တွေထဲ ထည့် လိုက်ရုံနဲ့ ပြဿနာရှိမရှိ (ပြဋ္ဌာန်းချက်တစ်ခု ပျောက်ဆုံးနေတာ၊ စကားလုံးဖွဲ့စည်းပုံ မကောင်းတာ၊ သို့မဟုတ် မကိုက်ညီမှုတွေရှိတာ) ကို ချက်ချင်း ပထမအဆင့် စစ်ဆေးမှုကို ရရှိနိုင်ပါတယ်။
ဒီပထမအဆင့် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အရင်ကတော့ ရှေ့နေတစ်ဦး လိုအပ်ပါတယ်။ အခုတော့ ဘယ်သူမဆို လုပ်နိုင်ပါပြီ။

American Bar Association ကတောင် AI ကိရိယာတွေဟာ ပုံမှန်သဘောတူညီချက်တွေအတွက် ပထမအဆင့် စာချုပ်ပြန်လည်စစ်ဆေးမှုတွေကို ၉၀ ရာခိုင်နှုန်းကျော် တိကျမှန်ကန်မှုနဲ့ လုပ်ဆောင်နေပြီဆိုတာကို အသိ အမှတ်ပြုထားပါတယ်။ ကျွန်တော်တို့ အနာဂတ်နည်းပညာအကြောင်း ပြောနေတာ မဟုတ်ပါဘူး၊ ဒါက အခုပဲ ဖြစ်ပေါ်နေတာပါ။

ကျွန်တော်တို့ မြင်နေရတာက ရှေ့နေတွေကို အစားထိုးတာ မဟုတ်ဘဲ ဥပဒေရေးရာ ဗဟုသုတကို ဒီမိုကရေစီ ဆန်ဆန် လူတိုင်း ရရှိလာခြင်းပဲ ဖြစ်ပါတယ်။ ရလဒ်ကတော့ ဥပဒေရေးရာအဖွဲ့တွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုက တကယ့်တန်ဖိုးတိုးစေမယ့် တကယ်ကို ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေအပေါ် ပိုမိုအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ (ဆိုလိုရင်း က အချက်အလက်တွေကို အေအိုင်က ကူညီပံ့ပိုးနေမှာဖြစ်ပြီး အချက်အလက်များကို အသုံးချပြီး အကြံပြုတာ၊ ဆွေးနွေးညှိနှိုင်းတာ၊ ပညာရပ်ဆိုင်ရာ အဆုံးအဖြတ်ပြုတာစတဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကိုပဲ လူသား ရှေ့နေတွေက လုပ်ကိုင်ဖို့ လိုလာမှာဖြစ်ပါတယ်။)

#၅။ စာချုပ်တွေရဲ့အနာဂတ်ဟာ သင်ထင်ထားသလို မဟုတ်နေပါဘူး

ကျွန်တော်တို့အနေနဲ့ အခြေအနေကို ပြန်ဆန်းစစ်ပြီး ဒီနေ့မှ စာချုပ်တွေကို စတင်တီထွင်မယ်ဆိုရင် အခုလက်ရှိ အသုံးပြုနေတဲ့ စာရွက်စာတမ်းတွေနဲ့ လုံးဝကွဲပြားခြားနားတဲ့ ပုံစံတစ်ခုကို ဖန်တီးမိမှာပါ။
လက်ရှိစာချုပ်တွေဟာ သိပ်ပြီးတော့ အကျိုးမဖြစ်ထွန်းပါဘူး။ သူတို့အားလုံးက တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ အရေးကြီးတဲ့ အချက်အလက်တွေဟာ အပိုဒ် ၁၅ ခုလောက်ရဲ့ အလယ်မှာ မြှုပ်ထားသလိုဖြစ်နေပါတယ်။ အရေးကြီးတဲ့ ရက်စွဲတွေက စာမျက်နှာ ဒါဇင်ပေါင်းများစွာအနှံ့ ပြန့်ကျဲနေလေ့ရှိပါတယ်။

World Economic Forum ရဲ့ ခန့်မှန်းချက်အရ စာချုပ်တွေရဲ့ ထိရောက်မှုမရှိခြင်းကြောင့် ကမ္ဘာ့စီးပွားရေးမှာ နှစ်စဉ် ဒေါ်လာ ၂ ထရီလီယံကျော် ကုန်ကျနေပါတယ်။ ဒါဟာ ဥပဒေရေးရာပြဿနာတစ်ခုတည်း မဟုတ်သလို ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ဆွဲအားတစ်ခုလည်း ဖြစ်ပါတယ်။

၁၀ နှစ်အတွင်းမှာ AI ဟာ စာချုပ်တွေကို စည်းကမ်းသတ်မှတ်ချက်စာရွက်များ (term sheets) လိုမျိုး ပိုမိုပြောင်း လဲပေးနိုင်မှာပါ။ အဲဒါက သဘောတူညီချက်ရဲ့ အဓိပ္ပာယ်ကို တိတိကျကျပြသတဲ့ ရိုးရှင်းတဲ့ ဇယားတွေပေါ့။ ဒါကြောင့် ဖောက်သည်စာချုပ်ပဲဖြစ်ဖြစ်၊ ရောင်းချသူနဲ့ သဘောတူညီချက်ပဲဖြစ်ဖြစ် ဘယ်နေရာမှာ ကြည့်ရမယ် ဆိုတာကို ချက်ချင်းသိနိုင်မှာပါ။

ရေရှည်မှာ ကျွန်တော်တို့ဟာ စမတ်စာချုပ်များ (smart contracts) ဆီကို ဦးတည်နေပါတယ်။ ဒါက blockchain အခြေခံစာချုပ်တွေ ဖြစ်ချင်မှဖြစ်ပါမယ်။ ဒါပေမယ့် လူသားတွေ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေအပေါ် အခြေခံပြီး ကွန်ပျူတာတွေက တစ်ခုနဲ့တစ်ခု တိုက်ရိုက်ညှိနှိုင်းတဲ့ သဘောတူညီချက်တွေ ဖြစ်နေမှာပါ။ ဒါက သိပ္ပံစိတ်ကူးယဉ် မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ရှိမြင်နေရတဲ့ လမ်းကြောင်းတွေရဲ့ ယုတ္တိတန်တဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။

#၆။ SMBs နှင့် အလယ်အလတ်ဈေးကွက် ကုမ္ပဏီများအတွက် ဆိုလိုရင်း

ဝန်ထမ်း ၅၀၀ အောက် ကုမ္ပဏီတစ်ခုကို သင်ဦးစီးနေတယ်ဆိုရင် နိမိတ်ပုံက ရှင်းပါတယ်။ ၂၀၃၅ ခုနှစ်ရောက်ရင် သင့်ရဲ့ ပုံမှန်စာချုပ်ကိစ္စတွေမှာ ဥပဒေရေးရာလူပုဂ္ဂိုလ်တွေ လုံးဝမလိုအပ်တော့ပါဘူး။ ဒါက ခန့်မှန်းချက် သက်သက် မဟုတ်ပါဘူး။ လက်တွေ့မှာ ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့အပတ်က တက္ကဆက်ပြည်နယ်က ဝန်ထမ်း ၃၀၀ ရှိပြီး နှစ် ၇၀ သက်တမ်းရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုနဲ့ ကျွန်တော်တွေ့ခဲ့ပါတယ်။ သူတို့မှာ ဥပဒေရေးရာအဖွဲ့ မရှိတော့ပါဘူး။ စာချုပ်တွေကို စီမံခန့်ခွဲဖို့အတွက် စာချုပ်ခွဲခြမ်းစိတ်ဖြာရေး software တွေ အသုံးပြုပြီး အရာအားလုံးကို အပြင်က အဖွဲ့အစည်းတွေဆီ လွှဲအပ်ထား ပါတယ်။

McKinsey ရဲ့ သုတေသနအရ ဒီပုံစံဟာ ပိုမိုအရှိန်အဟုန်မြှင့်နေပါတယ်။ သူတို့ရဲ့ လေ့လာစိစစ်မှုက ၂၀၃၀ ခုနှစ် ရောက်ရင် လက်ရှိ ဥပဒေရေးရာလုပ်ငန်းရဲ့ ၂၃ ရာခိုင်နှုန်းခန့်ဟာ အပြည့်အဝ အလိုအလျောက်စနစ် ဖြစ်လာမယ်လို့ ပြသထားပါတယ်။ နောက်ထပ် ၃၀ ရာခိုင်နှုန်းကလည်း နည်းပညာနဲ့ သိသိသာသာ မြှင့်တင်ခံရမယ် လို့ ဆိုပါတယ်။ ဒီရာခိုင်နှုန်းတွေက ပုံမှန်စာချုပ်လုပ်ငန်းတွေအတွက်ဆိုရင် ပိုတောင်များပါသေးတယ်။

ဥပဒေရေးရာအဖွဲ့တွေကို ဆက်လက်ထားရှိတဲ့ ကုမ္ပဏီတွေအတွက်ဆိုရင်လည်း သူတို့ရဲ့အခန်းကဏ္ဍက အကြီး အကျယ် ပြောင်းလဲနေပါတယ်။ ပုံမှန်သဘောတူညီချက်တစ်ခုရဲ့ ဆယ့်ငါးကြိမ်မြောက် ပြင်ဆင်မှုကို ပြန်လည် သုံးသပ်နေမယ့်အစား၊ သူတို့ရဲ့ ကျွမ်းကျင်မှုက တကယ်ကိုအရေးပါတဲ့ မဟာဗျူဟာပိုင်းနဲ့ အရေးကြီးကိစ္စတွေ အပေါ်မှာ အာရုံစိုက်နေကြမှာဖြစ်ပါတယ်။

#၇။ ယနေ့ခေတ် စာချုပ်စီမံခန့်ခွဲမှုရဲ့ လက်တွေ့အခြေအနေ

ဒီပြောင်းလဲမှုက လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ တိတိကျကျ နားလည်ဖို့ လိုအပ်ပါသလား။ ဒီကိန်း ဂဏန်းတွေကို စဉ်းစားကြည့်ပါ။

• လျှို့ဝှက်ချက်စောင့်စည်းခြင်းသဘောတူညီချက် (NDA) နဲ့ ရောင်းချသူသဘောတူညီချက် ၉၀% ဟာ ဘာပြင်ဆင်မှုမှမရှိဘဲ အတည်ပြုလက်မှတ်ထိုးနေကြတာ

• ကုမ္ပဏီ ၄၀% က ပုံမှန်ဥပဒေရေးရာလုပ်ငန်းတွေကို အပြင်က အဖွဲ့အစည်းတွေကို လွှဲအပ်လုပ်ကိုင် နေကြတာ

• ဥပဒေရေးရာဌာနတွေထက် CFO (ဘဏ္ဍာရေးအရာရှိချုပ်) တွေက စာချုပ်လုပ်ငန်းစဉ်တွေကို ပိုမို တာဝန်ယူလုပ်ကိုင်လာကြတာ

MIT Sloan Management Review က မကြာသေးမီက Fortune 500 ကုမ္ပဏီတွေမှာ ဒီအသွင်ကူးပြောင်းမှု ဘယ်လိုမြင်သာနေပြီလဲဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဥပဒေရေးရာဌာနတွေဟာ စာချုပ်စစ်ဆေးသူ အခန်း ကဏ္ဍကနေ "စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးသူ" အခန်းကဏ္ဍတွေဆီ ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကြီးတွေက ဒီလိုရွေ့လျားနေတယ်ဆိုရင် အလယ်အလတ်ဈေးကွက်ကုမ္ပဏီတွေလည်း လိုက်ပါလာမှာ သေချာပါတယ်။

ဒီအခြေအနေသစ်မှာ အောင်မြင်မယ့် ကုမ္ပဏီတွေဟာ စာချုပ်တွေကို ၁၉၉၀ ပြည့်နှစ်ကလို သဘောထားတာ ရပ်တန့်ပြီး မဟာဗျူဟာမြောက် စီးပွားရေးပိုင်ဆိုင်မှုတွေအဖြစ် စတင်အသုံးပြုကြမယ့် ကုမ္ပဏီတွေ ဖြစ်လာပါ လိမ့်မယ်။

ဥပဒေရေးရာပညာရှင်တွေအတွက်တော့ မက်ဆေ့ချ်က ရှင်းပါတယ်။ ပြောင်းလဲပါ၊ မပြောင်းလဲရင်တော့ နေ့စဉ်သုံး စာချုပ်လုပ်ငန်းအများစုအတွက် အရေးမပါတော့တဲ့သူ ဖြစ်သွားပါလိမ့်မယ်။ အမြင့်ဆုံးတန်ဖိုးက ပုံမှန် သဘောတူ စာချုပ်တွေကို စစ်ဆေးတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး၊ မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးတာနဲ့ ရှုပ်ထွေးတဲ့ ညှိနှိုင်းမှုတွေမှာ ရှိနေပါလိမ့်မယ်။

#၈။ အကျဉ်းချုပ်က ပိုအဓိပ္ပာယ်ရှိတာ

ဒီသင်ခန်းစာကို ကျွန်တော် ခက်ခက်ခဲခဲ သင်ယူခဲ့ရပါတယ်။

ငါးနှစ်အကြာတုန်းက ကျွန်တော်တို့ရဲ့ platform ကို တည်ဆောက်တဲ့အခါ "code နောက်ထပ် ၁၀ လိုင်းလောက်ပဲ" လို့ တွန်းအားပေးခဲ့တဲ့သူက ကျွန်တော်ပါ။ အခုတော့ အဲဒီနည်းလမ်းအတွက် ကျွန်တော်တို့ ဘာတွေပေး ဆပ်နေ ရတယ်ဆိုတာ မြင်နေရပါပြီ။ နည်းပညာကြွေးမြီ (technical debt) ဆိုတာ တကယ်ရှိပြီး စာချုပ်တွေမှာလည်း အတူတူပါပဲ။

အနာဂတ်ဟာ ရိုးရှင်းမှုကို ပိုင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။ စာချုပ်တွေနဲ့ ပတ်သက်လာရင်တော့ အကျဉ်းချုပ်က ပိုအဓိပ္ပာယ်ရှိပါတယ်။

ဒီအသွင်ကူးပြောင်းမှု ဖြစ်လာမလားဆိုတာက မေးခွန်းထုတ်စရာ မဟုတ်ပါဘူး။ မိတ်ဆွေက ခေတ်ရှေ့ပြေးနေ မလား ဒါမှမဟုတ် နောက်ကလိုက်နေရမလား ဆိုတာကသာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
.....................။...................

ဒီဆောင်းပါးအရ AI ဟာ ကျွန်တော်တို့ ဥပဒေအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အစားထိုးဖို့ဆိုတာထက် ဒီလုပ် ငန်းစဉ်မှာ ပိုမိုမြန်ဆန်လာအောင်၊ ပိုမိုအကျိုးဖြစ်ထွန်းလာအောင် ပံ့ပိုးပေးမယ့် နည်းပညာတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အချက်အလက်တွေကို ရှာဖွေရာမှာ၊ သုတေသနလုပ်ရာမှာ၊ စာချုပ်စာတမ်းတွေ ရေးဆွဲရာမှာ၊ စာချုပ်စာတမ်းတွေကို ကနဦး စိစစ်ရာမှာ AI တွေကို အသုံးပြုပြီး၊ AI က ပေးတဲ့အချက်အလက်တွေကို ကျွန်တော် တို့က ကောက်နှုတ်စိစစ်ပြီး အကြံပြုခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေပညာရပ်ဆိုင်ရာ အဆုံး အဖြတ်ပြု ခြင်းစတဲ့ မဟာဗျူဟာကျတဲ့ လုပ်ငန်းစဉ်တွေကိုပဲ လုပ်ကိုင် ဆောင်ရွက်ဖို့လိုလာမှာဖြစ်ပါတယ်..။

အကြောင်းအရာတစ်ခုရဲ့အဆုံး ဝိုက်ကွင်းနဲ့ ရေးထားတဲ့စာတွေဟာ ကျွန်တော် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်း များက လက်တွေ့ဆောင်ရွက်ပုံတွေကို ထောက်ခံဖော်ပြထားတာဖြစ်ပါတယ်။

ဥပဒေအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် AI ရဲ့ စွမ်းဆောင်ရည်နဲ့စပ်လျဉ်းတဲ့ ဆောင်းပါးများကို အလျဉ်းသင့် သလို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်..

07 – 06 – 2025
စနေနေ့

မှီငြမ်းချက် ၊ မူရင်းဆောင်းပါး
AI Will Make Lawyers Irrelevant for Most Contracts, Artificial Lawyer, 21st May 2025
by Matt Lhoumeau, CEO, Concord

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when Corporate Counsel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share