03/01/2024
ကျွန်တော်တိုမြန်မာလူမျိုးတွေရဲ့စကားပုံတခုရှိပါတယ် " အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ "
ဆိုတဲ့စကားပုံလေးပါ။ ရဲစခန်း၊တရားရုံးဆိုတာဘယ်သူမှမသွားချင်၊မလာချင်ကြတဲ့နေရာမျိုးပါ။အကြောင်းကြောင်းကြောင့်သွားလာရရင်လည်းအင်မတန်စိတ်ညစ်ကြရပါတယ်။ဒီအချိန်မျိုးမှာ လူတွေက ကျွန်တော်တို့ရှေ့နေတွေကိုအပူတပြင်းအားကိုးတတ်ကြပါတယ်။ဒါကြောင့်ရှေ့နေတစ်ယောက်ဟာ ကို့အမှု့သည်ယုံကြည်လေးစားထိုက်တဲ့ပညာ၊သီလ၊သမာဓိ၊သိက္ခာပြည့်စုံဖို့အင်မတန်မှလိုအပ်လှပါတယ်။ကျွန်တော်တို့ရှေ့နေများဟာအမှု့လိုက်တာဘဲဖြစ်ဖြစ်၊အကြံပေးဆွေးနွေးတာဘဲဖြစ်ဖြစ်ရှေ့နေများလိုက်နာရတဲ့ကျင့်ဝတ်တွေကိုစောင့်ထိန်းလိုက်နာရပါတယ်။ရှေ့နေလောကမှာလေးစားအားကျရတဲ့ စီနီယာရှေ့နေကြီးတွေအများကြီးရှိပါတယ်။အဆိုပါပုဂ္ဂိုလ်ကြီးများဟာရှေ့နေကျင့်ဝတ်နဲ့အညီကောင်းသတင်းကျော်စောစွာနဲ့အမှု့လိုက်နေကြသူများဖြစ်ကြပါတယ်။ဒါကြောင့်ကျွန်တော့်ရဲ့စီနီယာရှေ့နေများကိုအင်မတန်လေးစားပါတယ်။
ဂျူနီယာရှေ့နေညီလေး၊ညီမလေးများကိုလည်းအမြဲလမ်းညွှန်ဆုံးမပေးပါတယ်။ရှေ့နေဆိုတာဥပဒေဘွဲ့ရရုံနဲ့မဖြစ်ပါဘူး။အချိန်တွေ၊ငွေတွေအချိန်အတိုင်းတာတခုထိပေးဆပ်ကြရပါတယ်။
ဒါကြောင့်.....ညီငယ်ညီမငယ်တို့အနေနဲ့...
(၁)မိမိ၏အသက်မွေးဝမ်းကြောင်းအလုပ်ကိုလေးစားပါ၊ချစ်ခင်ပါ၊တန်ဖိုးထားပါ။
(၂) ဇွဲရှိဖို့လိုပါတယ်။ရှေ့နေပညာဟာချက်ချင်းလုပ်ချက်ချင်းမတတ်ပါဘူး။အချိန်တွေပေးဆပ်ပြီးအတွေ့ကြုံတွေသင်ယူရပါတယ်။
(၃)ငွေနောက်မလိုက်မိပါစေနဲ့။ပညာနောက်ကိုသာလိုက်ပါ။ပညာနောက်လိုက်ရင်းငွေကကိုယ့်နောက်လိုက်လာပါလိမ့်မယ်။
(၄)ကိုယ့်ရဲ့အမှုသည်တွေအပေါ်သစ္စာရှိပါ။ကိုယ့်ကိုယုံကြည်သူတွေရဲ့အားကိုးမှုကိုအရယူပါ။
(၅)ကိုယ့်လုပ်ငန်းအပေါ်လေးစားပါ။အချိန်ကိုတိကျပါ။ငွေများစွာရသည့်အမှုဖြစ်စေ၊နည်းပါးစွာရသည့်အမှု့ဖြစ်စေ တတန်းတည်းထားဆောင်ရွက်ပေးပါ။မခွဲခြားပါနှင့်။
(၆)အမှု့သည်ကို ကိုကဦးဆောင်သူသာဖြစ်ပါစေ။
သိပ်သိသိပ်တတ်နေသောအမှု့သည်အားကိုယ်တိုင်ဆောင်ရွက်ပါဟုဆိုကာပါဝါရုတ်သိမ်းပေးလိုက်ပါ။
(၇)မိမိ၏လုပ်ဖော်ကိုင်ဘက်ရှေ့နေများ၊စီနီယာများ၊ဂျူနီယာများအပေါ်အမြဲလေးစားပါ။သင်ယူပါ။
(၈)ရှေ့နေပီသစွာနေထိုင်ပြီးအမှု့ပွဲစားယောင်ယောင်၊ရှေ့နေယောင်ယောင်မလုပ်ပါနှင့်။
(၉)ဥပဒေစာအုပ်များကိုအချိန်ပေးဖတ်ပါ။စာဖတ်မပျင်းပါနှင့်။လုံလောက်သောဗဟုသုတ၊ညဏ်ပညာပြည့်ဝဖို့စာများများဖတ်ကြပါ။သုတ၊ရသစာအုပ်များကိုလည်းအချိန်ရရင်ရသလိုဖတ်ကြစေလိုပါတယ်။
(၁၀)ရှေ့နေတစ်ယောက်ဟာရှေ့နေခတောင်းတတ်ရပါတယ်။ကျွန်တော်၏ chamber master
ဆရာကဆုံးမခဲ့တာမှတ်မိပါသေးတယ် "ငါ့တပည့်မင်းရှေ့နေခတောင်းတတ်ရင် ရှေ့နေတဝက်ဖြစ်ပြီ" ဟူ၍.....။ဒါကြောင့်အမှုသည်ထံမှရှေ့နေခတောင်းတတ်သောရှေ့နေများဖြစ်အောင်လေ့လာပါလေ.....
ကျွန်တော်လည်းယနေ့ချိန်ထိအထက်ပါအချက်များအတိုင်းဘဲနေထိုင်ပြုမူလျှက်ပါ...
လေးစားမှု့များစွာဖြင့်
ဦးသူရကျော်
တရားလွှတ်တော်ရှေ့နေ....