Luminous Myanmar Law Firm

Luminous Myanmar Law Firm Legal Service
Legal Case
Copyright
Trademark Registration

ရရှိလာသောအွန်လိုင်းမှတ်ပုံတင်လက်မှတ်များ
11/01/2026

ရရှိလာသောအွန်လိုင်းမှတ်ပုံတင်လက်မှတ်များ

01/01/2026

စက်မှုဒီဇိုင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်

စက်မှုဒီဇိုင်း ဆိုသည်မှာ မျဉ်းကြောင်းများ၊ ကောက်ကြောင်းများ၊ အရောင်အသွေးများ၊ ပုံသဏ္ဌာန်၊ မျက်နှာ ပြင်အနေအထား၊ ယက်ထည်အသား၊ ထုတ်ကုန်ပစ္စည်းတို့၏ သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အလှအပအဆင်တန်ဆာ သို့မဟုတ် ယင်းတို့၏ သွင်ပြင်လက္ခဏာများနှင့် အလှအပအဆင်တန်ဆာတို့မှ ပေါ်ထွက်လာသော စက်မှုထုတ်ကုန် သို့မဟုတ် လက်မှုထုတ်ကုန်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတို့၏ အပြင်ပန်းပုံသဏ္ဌာန်ကို ဆိုသည်။

မှတ်ပုံတင်ရရှိနိုင်သော စက်မှုဒီဇိုင်း
အသစ် ဖြစ်ရမည်၊

တုပမှုကင်းစွာဖန်တီးထားရမည်။

၁။ စက်မှုဒီဇိုင်းတစ်ရပ်ရပ်သည် အသစ် ဖြစ်သည့်အပြင် တုပမှုကင်းစွာဖန်တီးထားခြင်းဖြစ်ပါက အကာ အကွယ်ရရှိမည်။

၂။ နိုင်ငံတော်တွင် စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသည့် နေ့မတိုင်မီ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုလျှောက်ထားပါက ယင်းဦးစားပေးအခွင့်အရေး တောင်းဆိုသည့် နေ့မတိုင်မီ ယင်းစက်မှုဒီဇိုင်းကို အများပြည်သူသိရှိစေရန် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ စာဖြင့် ဖော်ပြခြင်း၊ အသုံးပြုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ခင်းကျင်းပြသခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထုတ်ဖော် အသိပေးခဲ့ခြင်း မရှိလျှင် ယင်းစက်မှုဒီဇိုင်းသည် အသစ်ဖြစ်သည်ဟု မှတ်ယူမည်။

၃။ စက်မှုဒီဇိုင်းသည် အများသိရှိထားပြီးဖြစ်သော စက်မှုဒီဇိုင်း၏သွင်ပြင်လက္ခဏာများ စုပေါင်းထား ခြင်းဖြစ်လျှင် သို့မဟုတ် အများသိရှိထားပြီးဖြစ်သော စက်မှုဒီဇိုင်းများနှင့် သိသာထင်ရှားစွာ ကွဲပြားခြားနားမှုမရှိလျှင် ယင်းစက်မှုဒီဇိုင်းသည် အသစ်ဖြစ်သည်ဟု မမှတ်ယူပါ။

မှတ်ပုံတင်ခွင့်မပြုနိုင်သော စက်မှုဒီဇိုင်း

(၁) နည်းပညာဆိုင်ရာ သို့မဟုတ် လုပ်ဆောင်ချက်ဆိုင်ရာ ဖန်တီးပြုလုပ်မှုများ၊

(၂) အများပြည်သူ၏ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုကို ဖြစ်စေ၊ နိုင်ငံတော်၏ အမွန်အမြတ်ထားအပ်သော ယဉ်ကျေးမှုကိုဖြစ်စေ ထိပါးမှုများ။

************************************************************************************************************************************************************************************************

အကာအကွယ်ပေးသည့်ကာလ
လျှောက်ထားချက်တင်သွင်းသည့် နေ့မှ ငါးနှစ်၊
ငါးနှစ်သက်တမ်းနှစ်ခု တိုးနိုင်သည်(စုစုပေါင်း ၁၅ နှစ် ဖြစ်သည်)။

မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်း၏ မှတ်ပုံတင်သက်တမ်းသည် စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားချက် တင်သွင်းသည့်နေ့မှစ၍ ငါးနှစ်ဖြစ်သည်။ စက်မှုဒီဇိုင်းမှတ်ပုံတင်သက်တမ်းကို တစ်ကြိမ်လျှင် ငါးနှစ်စီဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်သည်။

မည်သူ လျှောက်ထားနိုင်သလဲ?

၁။ ဖန်တီးသူ
၂။ ဖန်တီးသူ၏ တရားဝင်အမွေဆက်ခံ
၃။ ဖန်တီးသူ၏ တရားဝင်လွှဲပြောင်းပေးခြင်းခံရသူ

MSME တိုးတက်ဖို့ မှတ်ပုံတင်ကြစို့သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro...
15/12/2025

MSME တိုးတက်ဖို့ မှတ်ပုံတင်ကြစို့

သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises – MSMEs) သည် နိုင်ငံ့စီးပွားရေး တိုးတက်မှု၏ အခြေခံကျသော လုပ်ငန်းအမျိုးအစားများ ဖြစ်ပါသည်။ အရင်းအနှီးအသင့်အတင့်ရင်းနှီးရုံမျှဖြင့် င့် လုပ်ငန်းသစ်များ လုပ်ငန်းသစ်များ စတင်နိုင်ခြင်း၊ စတင်နိုင်ခြင်း၊ အလုပ်အကိုင်ဖန်တီးနိုင်ခြင်း၊ ဒေသထုတ်ကုန်တိုးတက်နိုင်ခြင်းနှင့် ဝင်ငွေတိုးတက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။

MSME များသည် စီးပွားရေးတိုးတက်မှုတွင် အရေးကြီးပန်းတိုင် တစ်ခုအဖြစ် ပါဝင်ပံ့ပိုးပေးလျက်ရှိပါသည်။ ဤမျှအရေးပါလှသော MSME လုပ်ငန်းများကို စနစ်တကျ မှတ်ပုံတင်၍ လုပ်ငန်းဆောင်ရွက် ခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးနေရုံ သာမက စီးပွားရေး အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေး နေခြင်းလည်းဖြစ်ပါသည်။ MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်းသည် လုပ်ငန်းတိုးတက်မှုအတွက် အခြေခံအဆင့်တစ်ခုဖြစ်ပြီး ယုံကြည်မှု၊ ငွေကြေးဝန်ဆောင်မှုနှင့် အစိုးရပံ့ပိုးမှုများ ရရှိနိုင်သည့် အခွင့်အလမ်း လည်း ရရှိနိုင်ပါသည်။ မှတ်ပုံတင်ခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် မလွဲမသွေ လုပ်ဆောင်သင့်သည့် အဆင့်တစ်ခု ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ရန် လိုအပ်မှု

နိုင်ငံတိုင်း၏ စီးပွားရေးဆိုင်ရာဥပဒေများတွင် လုပ်ငန်းတစ်ခုကို တရားဝင်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လုပ်ငန်းမှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားရှိသောကြောင့် မှတ်ပုံတင်ခြင်းမရှိသော လုပ်ငန်းများမှာ တရားမဝင်လုပ်ငန်းများ (Illegal Business)ဟု ယူဆနိုင်ပါသည်။ မိမိဆောင်ရွက်နေသည့်လုပ်ငန်းကို မှတ်ပုံတင်လိုက်သည်နှင့် မိမိလုပ်ငန်းသည် ဥပဒေနှင့် ညီညွတ်သောလုပ်ငန်းတစ်ခု ဖြစ်လာပြီး ဥပဒေအရအခွင့်အရေးရှိသည့် စာချုပ်ချုပ်ဆိုခြင်း၊ ငွေချေးယူခြင်း တို့တွင် တရားဝင်အဖွဲ့အစည်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းအမည်နှင့် Business Bank Account ဖွင့်နိုင်ရန်အတွက် လုပ်ငန်းကို မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းအပေါ်ယုံကြည်စိတ်ချမှု ရရှိနိုင် ရန်အတွက်လည်း လုပ်ငန်းကို မှတ်ပုံတင်ထားရှိသင့်ပါသည်။ လုပ်ငန်းများ မှတ်ပုံတင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

(က) ဥပဒေနှင့်အညီဖြစ်ခြင်း။ မိမိလုပ်ကိုင်နေသောလုပ်ငန်း ကို မှတ်ပုံတင်ခြင်းဖြင့် မိမိလုပ်ငန်းသည် ဥပဒေအရ အသိအမှတ်ပြုလုပ်ငန်းတစ်ခုဖြစ်လာပြီး နိုင်ငံအတွင်း စီးပွားရေးလုပ်ဆောင်ခွင့်ကို လွတ်လပ်စွာ လုပ်ဆောင်နိုင် မည် ဖြစ်ပါသည်။

(ခ) ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုရရှိခြင်း။ ဘဏ်ချေးငွေ၊ လုပ်ငန်းဖွံ့ဖြိုးရေးအတိုးနည်းချေးငွေများရရှိရန် လွယ်ကူ လာမည် ဖြစ်ပါသည်။

(ဂ) အစိုးရအထောက်အပံ့များရယူနိုင်ခြင်း။ အစိုးရနှင့် အေဂျင်စီများက ပံ့ပိုးပေးသော အထောက်အပံ့များ၊ စီးပွားတိုးတက်ရေးဆိုင်ရာ နည်းလမ်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှပို့ချသော သင်တန်းများကို ရရှိနိုင်မည် ဖြစ်ပါသည်။

(ဃ) အမှတ်တံဆိပ်နှင့် ယုံကြည်မှုတိုးတက်ခြင်း။ အစိုးရ အသိအမှတ်ပြုလုပ်ငန်းဖြစ်လာသောကြောင့် မိမိ၏ ကုန်အမှတ်တံဆိပ်နှင့် ထုတ်ကုန်များအပေါ် ဝယ်ယူသူ များနှင့် ပူးပေါင်းလုပ်ဆောင်သူများ၏ ယုံကြည်မှုကို ပိုမို ရရှိနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် လုပ်ငန်းအရွယ်အစားချဲ့ထွင်နိုင်ခြင်း၊ နည်းပညာသစ် များ ရယူသုံးစွဲနိုင်ခြင်း၊ ပူးပေါင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များ ပိုမိုရရှိနိုင်ခြင်းနှင့် နိုင်ငံတကာဈေးကွက်ထဲသို့ ဝင်ရောက်နိုင် သည့် အခွင့်အလမ်းများ စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။

မိမိလုပ်ငန်းကို မှတ်ပုံတင်ထားခြင်းမရှိသော လုပ်ငန်းများသည် ဥပဒေအရလုပ်ကိုင်ခြင်း မဟုတ်သော လုပ်ငန်းများဖြစ်ပြီး အစိုးရ၏ ပံ့ပိုးမှုအစီအစဉ်များတွင် ပါဝင်နိုင်မည် မဟုတ်သကဲ့သို့ ဘဏ်ချေးငွေ များရရှိရန် အခက်အခဲရှိသည့်အတွက် စီးပွားရေးယှဉ်ပြိုင်မှုတွင် နောက်ကျကျန်ရစ်နေမည်ဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းများအနေ ဖြင့် မိမိလုပ်ငန်းများကို မှတ်ပုံတင်ထားရှိ၍ အခွင့်အလမ်းများ ရယူ စေလိုပါသည်။

လုပ်ငန်းမှတ်ပုံတင်ရှိခြင်းအပေါ် နိုင်ငံတကာ၏ အလေးထားမှု

နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်း (Business Registration)ကို အရေးကြီးလုပ်ငန်းအဖြစ် အလွန်အလေးထား ကြပါသည်။ မှတ်ပုံတင်ထားရှိသော လုပ်ငန်းများကသာ ဥပဒေအရတရားဝင်မှုရှိခြင်း (Legal Entity) ဖြစ်လာပြီး အခွန်ပေးသည့်အဖွဲ့၊ ငွေချေးနိုင်သောအဖွဲ့၊ နိုင်ငံတကာအဆင့်တွင် လုပ်ငန်းဆောင်ရွက် နိုင်သောအဖွဲ့အဖြစ် အသိအမှတ်ပြုခံရပါသည်။ လုပ်ငန်းမှတ်ပုံတင် ရှိသော လုပ်ငန်းများကသာ နိုင်ငံတကာအဆင့် ရင်းနှီးမြှုပ်နှံသူ (Investor)များ၊ ပူးပေါင်းဆောင်ရွက်မှုများ၏ ယုံကြည်မှုကိုရရှိပြီး မှတ်ပုံတင်မရှိသောလုပ်ငန်းများကို မည်သည့်ဘဏ်၊ မည်သည့် ရင်းနှီး မြှုပ်နှံသူမျှ ယုံကြည်မှု မရှိကြပါ။

နိုင်ငံတကာဘဏ်များသည် လုပ်ငန်းမှတ်ပုံတင်ရှိသော လုပ်ငန်း များကိုသာ ဘဏ်အကောင့်ဖွင့်ခြင်းနှင့် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက် ပေးပြီး မှတ်ပုံတင်မရှိသော လုပ်ငန်းအဖွဲ့အစည်းများကို ဘဏ် အကောင့်ဖွင့်ခြင်းနှင့် ငွေလွှဲလုပ်ငန်းများကို လက်ခံဆောင်ရွက် ပေးခြင်းမရှိပါ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား သယ်ယူပို့ဆောင်မှု၊ ဝန်ဆောင်မှု(Import/ Export Contracts)များတွင် အတည်ပြု လုပ်ငန်းမှတ်ပုံတင်နံပါတ် (Business Registration Number) မရှိဘဲ လုပ်ငန်းစာချုပ်ချုပ်ဆိုခြင်း မဖြစ်နိုင်သောကြောင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား လုပ်ငန်းဆက်ဆံရေးအတွက် လုပ်ငန်းမှတ်ပုံတင် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံတကာစီးပွားရေးစနစ်အတွင်း ထိပ်တန်း အဆင့်ထိ ဝင်ရောက်နိုင်ရန်အတွက်လည်း လုပ်ငန်းမှတ်ပုံတင်ခြင်းကို မလွဲမသွေဆောင်ရွက်ရမည် ဖြစ်ပါသည်။ နိုင်ငံတကာတွင် စီးပွားရေး လုပ်ငန်း မှတ်ပုံတင်ခြင်းကို ယုံကြည်မှု၊ တရားဝင်မှုနှင့် ငွေရေးကြေး ရေးလုပ်ဆောင်နိုင်မှုအတွက် အခြေခံသက်သေတစ်ခုအဖြစ် အလွန် အရေးကြီးကြောင်း အလေးထားဆောင်ရွက်ကြပါသည်။

လုပ်ငန်းများမှတ်ပုံတင်ခြင်း

မြန်မာနိုင်ငံတွင်လည်း SME ဥပဒေအရ လုပ်ငန်းအရွယ်အစားနှင့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ ဌာနဆိုင်ရာများတွင် လုပ်ငန်း မှတ်ပုံတင်ပြုလုပ်ရန် ပြဋ္ဌာန်းထားရှိပါသည်။ သို့သော် နိုင်ငံအတွင်းရှိလုပ်ငန်းအားလုံး၏ ၈၃ ရာခိုင်နှုန်းသည် တရားမဝင် လုပ်ကိုင်နေကြ သည်ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (၂၀၁၃ ခုနှစ်)က ခန့်မှန်းထားပါသည်။

မှတ်ပုံတင်ပြုလုပ်ရာတွင်လည်း အစိုးရအေဂျင်စီများအကြား တာဝန်ဝတ္တရားများ မရှင်းလင်းသောကြောင့် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အခက်အခဲများ ရှိနေပါသေးသည်။ မြန်မာ နိုင်ငံတွင်ဌာန၊ အဖွဲ့အစည်းအများအပြားက စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်းများ ရှိသောကြောင့် စီးပွား ရေးလုပ်ငန်းများသည် ဌာနတစ်ခုထက်ပို၍ မှတ်ပုံတင်ကြပြီး ခွင့်ပြု ချက်များစွာ ကိုင်ဆောင်ထားကြပါသည်။ SME အဖြစ် သတ်မှတ်ရန် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICAတွင် မှတ်ပုံတင်ရပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဌာန (SSID)၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI)၊ စည်ပင် သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဌာန စသည်တို့တွင် မှတ်ပုံတင်ပြုလုပ်နိုင်ပါသည်။ လက်တွေ့တွင် စည်ပင်သာယာရေးအဖွဲ့ များ၌ စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို အဓိကဆောင်ရွက်ကြပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄) အရ တိုင်းဒေသကြီး ခြောက်ခုရှိကုန်ထုတ်လုပ်မှုလုပ်ငန်းစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်က စည်ပင် သာယာရေးအဖွဲ့တွင် မှတ်ပုံတင်ထားရှိကြပါသည်၊၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စုစုပေါင်းလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ၂၈ ရာခိုင်နှုန်း စသည် ဖြင့် လုပ်ငန်းမှတ်ပုံတင်ထားရှိကြကြောင်းလည်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ လုပ်ငန်းအပေါ်မူတည်၍ ဌာနတစ်ခုထက်ပို၍ လုပ်ငန်းမှတ်ပုံတင်ပြုလုပ်နိုင်သည့် အခြေအနေအရ လုပ်ငန်းများ အနေဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် ဌာနတစ်ခုတည်း၌ မှတ်ပုံတင်သည့်လုပ်ငန်း ၂၅ ရာခိုင်နှုန်း၊ ဌာန နှစ်ခု၌ မှတ်ပုံတင်သည့် လုပ်ငန်း ၄၅ ရာခိုင်နှုန်း၊ ဌာနသုံးခု၌ မှတ်ပုံတင်သည့်လုပ်ငန်း ၂၁ ရာခိုင်နှုန်းနှင့် ဌာနလေးခုနှင့် အထက်တွင် မှတ်ပုံတင်သည့် လုပ်ငန်း ခုနစ်ရာခိုင်နှုန်းရှိကြောင်းလည်း တွေ့ရှိရပါသည်။ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍ၊ အဖျော်ယမကာလုပ်ငန်းကဏ္ဍနှင့် သစ်နှင့်သစ်ထုတ်ကုန် (ပရိဘောဂမပါ) လုပ်ငန်းကဏ္ဍရှိ လုပ်ငန်း အများစုသည် ဌာနလေးခုနှင့် အထက်တွင် မှတ်ပုံတင်ကြကြောင်း တွေ့ရှိရပါသည်။

လုပ်ငန်းအများစုမှာ မှတ်ပုံတင်ပြုလုပ်ရာတွင် သမားရိုးကျ နည်းလမ်းဖြင့် စာရွက်စာတမ်းအသုံးပြု မှတ်ပုံတင်ကြပြီး အွန်လိုင်း စနစ်ကို အသုံးပြု၍ မှတ်ပုံတင်ခြင်းပြုလုပ်ခဲ့သည့်လုပ်ငန်း သုံးရာခိုင် နှုန်းကျော်သာ ရှိပါသည်။

လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ လုပ်ငန်းမှတ်ပုံတင်ခြင်းကို ဌာနတစ်ခုထက်ပို၍ မှတ်ပုံတင်ရခြင်းကြောင့် တစ်နေရာတည်းတွင် မှတ်ပုံတင်နိုင်သော One Stop Service စနစ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အဆင်ပြေစေရန်နှင့် အွန်လိုင်းမှတ်ပုံတင်စနစ်ကို အသုံးပြုနိုင်ရန် လုပ်ငန်းများအား အသိပညာပေးခြင်း၊ အွန်လိုင်းလုံခြုံရေးနှင့် လုပ်ငန်း စဉ်များကို လွယ်ကူစွာနားလည်နိုင်ရန် အခမဲ့သင်တန်းများ ဖွင့်လှစ် ပေးခြင်းနှင့် လွယ်ကူသော Mobile Application များ ဖော်ဆောင် ခြင်းတို့ ဆောင်ရွက်ပေးပါက လုပ်ငန်းမှတ်ပုံတင်မှု ပိုမိုလွယ်ကူခြင်းမှ မှတ်ပုံတင်ထားခြင်းမရှိသော လုပ်ငန်းများ မှတ်ပုံတင်ပြုလုပ်လာနိုင် ပါကြောင်းနှင့် လုပ်ငန်းများအနေဖြင့်လည်း ရရှိသင့်ရရှိထိုက်သော အခွင့်အရေးများ ရရှိနိုင်ရန် လုပ်ငန်းမှတ်ပုံတင်ကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

References:

မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (ကုန်ထုတ်လုပ်မှု စစ်တမ်း) ၂၀၁၇ အစီရင်ခံစာ

Organisation for Economic Co-operation and Development (OECD). (2017)

Business Registration Pillars: Good Regulatory Practice for ASEAN. OECD Regulatory Policy Working Papers, No. 9. OECD Publishing

https://www.oecd.org/en/publications/business-regulation pillars 971154c7-en.html

United Nations Commission on International Trade Law (UNCITRAL). (2019) Legislative Guide on Key Principles of a Business Registry. United Nations

https://uncitral.un.org/sites/uncitral.un.org/sites/files/media-documents/uncitral/en/lg-business-registry-e.pdf

Linkedin Pulse. (2022). The Importance of Business Registration

https://www.linkedin.com/pulse/what-i-wish-knew-series-importance-business- registration-9t8ef

Al အသုံးပြု၍ထုတ်လုပ်ထားသော Content များအတွက် မူပိုင်ခွင့်များ (၁)AI နည်းပညာကို ကဏ္ဍပေါင်းစုံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလ...
09/12/2025

Al အသုံးပြု၍ထုတ်လုပ်ထားသော Content များအတွက် မူပိုင်ခွင့်များ (၁)

AI နည်းပညာကို ကဏ္ဍပေါင်းစုံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ယနေ့ခေတ်တွင် အကြောင်းအရာ content များ ဖန်တီးထုတ်လုပ်ရာ၌ AI ကို ပုံစံ တစ်မျိုးမျိုး (သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် အသုံးပြုလျက်ရှိကြသည်။ ရိုးရှင်းသည့်နည်းလမ်းဖြစ်သော Chat GPT ကိုသုံး၍ စာသားများရေးခြင်း၊ blog တစ်ခုအတွက်( သို့) ဆောင်းပါးတစ်ပုဒ်အတွက် (သို့) အီးမေးလ်များ ပေးပို့ခြင်းများအတွက် အသုံးပြုသလို အချို့ ရုပ်ပုံများ ထုတ်လုပ်သကဲ့သို့ ဆန်းပြား ရှုပ်ထွေးသည့် အရာများဖန်တီးရာတွင်လည်း AI ကို အသုံးပြုကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများအတွက် AN ကို အသုံးပြုပြီး ရေးသားထုတ်လုပ်လာသည့်အပေါ် မူပိုင်ခွင့် ဥပဒေက မည်ကဲ့သို့ သတ်မှတ်သလဲ၊ မြန်မာနိုင်ငံတွင်လည်း N အသုံးပြု၍ ထုတ်လုပ်ထားသည့် Content များအတွက် မူပိုင်ခွင့်များကို မည်ကဲ့သို့ သတ်မှတ်ထားသလဲဆိုသည်မှာ မေးစရာ ဖြစ်လာပါသည်။

မူပိုင်ခွင့်ကာကွယ်မှုဥပဒေ သတ်မှတ်ပြဋ္ဌာန်းရန်ဆိုသည်မှာ

Al နည်းပညာသည် တစ်ရက်ထက်တစ်ရက် တိုးတက်ပြောင်းလဲနေသည့်အတွက် Al အသုံးပြု ရေးသားဖန်တီးမှုအပေါ်မူပိုင်ခွင့်ကာကွယ်မှုဥပဒေ သတ်မှတ်ပြဋ္ဌာန်းရန်ဆိုသည်မှာ အလွန်ပြောင်းလဲနေသည့် ဥပဒေနယ်ပယ်တစ်ရပ်ဟု ပြောရပါမည်။ နေ့စဉ်နေ့တိုင်းလိုလို နိုင်ငံအသီးသီးတွင် မတူညီသောတရားစီရင်ပိုင်ခွင့်များမှ စီရင်ထုံးအသစ်များ ထွက်ပေါ်လာလျက်ရှိနေပြီး အမေရိကန်၊ အီးယူ၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့၏ တရားရုံးများ၊ မူဝါဒ ချမှတ်သူများ၊ မူဝါဒရုံးများသည် အလွန်တက်ကြွ သောသဘောဖြင့် ဤနယ်ပယ်အတွက် အမှန်တကယ် စိတ်ဝင်စားစွာလုပ်ဆောင်နေကြပါသည်။

တရားရုံးများက မည်သည့်အတွက်ကြောင့် အလွန်စိတ်အားထက်သန်စွာ တက်ကြွနေရသနည်းဟု တွေးမိကောင်းတွေးမိနိုင်ပါသည်။ အဆိုပါ နိုင်ငံများတွင် AI နှင့်ပတ်သက်သည့် တရားစွဲဆိုသည့် အမှုများ အများကြီးရှိနေခြင်းကြောင့် ဖြစ်ပါသည်။ အချို့သော ဂျာနယ်လစ်များ (သို့မဟုတ်) ထုတ်ဝေသူများက ၎င်းတို့ ရေးသားထုတ်ဝေထားသည့် အကြောင်းအရာများ၊ ၎င်းတို့၏ စာအုပ်များကို အသုံးပြုနေသည်ဟု AI ကုမ္ပဏီများကို တရားစွဲဆိုကြသည်။ ထိုသို့ဆိုပါက AI အသုံးပြုထုတ်လုပ်ထားသည့် အလုပ်(Al Generated work)ဆိုသည်မှာ မည်သို့နည်း။

Al မှ ထုတ်လုပ်သော လက်ရာများသည် အတော်လေး ပြည့်ပြည့်စုံစုံရှင်းပြပေးနိုင်သည်။ သို့သော် ၎င်းတို့သည် အဓိကအားဖြင့် အမျိုးအစားနှစ်ခု ကွဲပြားနေပါသည်။ တစ်မျိုးမှာ ကိုယ်ပိုင် အုပ်ချုပ်စေခိုင်းခွင့် (Autonomous) အမျိုးအစားဖြစ်ပြီး နောက်တစ်ခုမှာ အထောက်အကူပြု (Assisted Work) အမျိုးအစားဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်စေခိုင်းခွင့်ရှိသော AI ဖန်တီးထားသည့် အလုပ်ဆိုသည်မှာ အခြေခံအားဖြင့် လူသား ပါဝင်ပတ်သက်မှု မရှိသော အလုပ်ကိုဆိုလိုပါသည်။ ဥပမာအားဖြင့် chat GPT တွင် ပန်းသီးပုံတစ်ပုံကို ထုတ်လုပ်ပေးပါ (သို့မဟုတ်) ပန်းသီးစားနေသော လူသားရုပ်ပုံတစ်ခု ထုတ်လုပ်ပေးပါဟုပြောပါက ထိုအရာသည် ကိုယ်ပိုင်အုပ်ချုပ်စေခိုင်းခွင့်ဖြင့် AI ကို အသုံးပြုထုတ်လုပ်သည့် အလုပ်လက်ရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအလုပ်တွင် လူသားအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ လူသားသည် အမိန့်ပေးရုံဖြင့် အလိုအလျောက်စေခိုင်းနိုင်သော AI က ထုတ်ပေးသည့်အလုပ်၏ ဥပမာတစ်ခုဖြစ်သည်။

အထောက်အကူပြု (Assisted Work) အမျိုးအစားဆိုသည်မှာ မိမိမှ AI ကို အချက်အလက် အများကြီးပေး၍ လိုချင်သော အနေအထားဖြစ်အောင် ခိုင်းစေခြင်းဖြစ်သည်။ ဥပမာ - ပန်းသီးတစ်လုံးစားနေသည့် အမျိုးသားတစ်ယောက် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည့်ပုံကို ကြည်လင်ပြတ်သားသည့်နောက်ခံဖြင့် လိုချင်ပါသည်၊ ထိုလူသည် လူမျိုးတစ်မျိုးမျိုးနှင့် တူသည့်ပုံ ဖြစ်ရပါမည်ဟု အချက်အလက်ပေးခြင်းဖြစ်ပါသည်။ အခြေခံအားဖြင့် စာရေးဆရာတစ်ဦး (သို့မဟုတ်) ထုတ်လုပ်သူတစ်ဦးအနေဖြင့် ကိုယ်ပိုင်ထည့်သွင်း မှု(Inputs) များစွာကို ပေးဆောင်ရပြီး ထွက်ပေါ် လာသောရလဒ်သည် AI မှ အကူအညီပေးသည့် အလုပ် (သို့မဟုတ်) AI ထုတ်ပေးသည့်အလုပ် (Al Generated Work)၏ ဥပမာတစ်ခုဖြစ်သည်။ ထို့ကြောင့် AI အကြောင်းပြောသည့်အခါ လုပ်ဆောင်ချက် နှစ်မျိုးရှိသည်ဟု မှတ်သားထားရ မည် ဖြစ်ပါသည်။ တစ်ခုက AI သက်သက် ထုတ်လုပ်ပေးသည့် အလုပ်နှင့် Al ကို inputs များပေးပြီး ထုတ်လုပ်ခိုင်းသည့် အလုပ်တို့ဖြစ်ပါသည်။

အမှန်တကယ် သတိထားရမည့်အချက်

အကြောင်းအရာဖန်တီးသူများနှင့် မီဒီယာတွင် အလုပ်လုပ်နေသူများအနေဖြင့် AI ထုတ်ပေးသည့် လက်ရာများနှင့်ပတ်သက်၍ အမှန်တကယ် သတိထားရမည့်အချက်မှာ မိမိတို့အလုပ်အတွက် AI ကို အားကိုးရုံသာမက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက် Al ကို လုံးလုံးလျားလျား မှီခိုနေခြင်းဖြစ်သည်။ မိမိတို့လိုချင်သော နောက်ဆုံးရလဒ်ကို ထုတ်လုပ်ပေးရန်အတွက် AI ကို အမိန့်များပေးခြင်း (သို့ မဟုတ်) ညွှန်ကြားချက်အချို့ပေးခြင်း (prompts) စသည်ဖြင့် လူသားထည့်သွင်းမှု အဆင့်အချို့ကို ပေး၍ အသုံးပြုလျက်ရှိနေသည်။

မူပိုင်ခွင့်ဥပဒေ (Copyright Law) ၏ အရင်းခံမူမှာ အလုပ်ကို ရေးသားဖန်တီးလုပ်ဆောင်သူမှာ လူသားတစ်ဦးသာဖြစ်သည်ဟူသော အချက်ကို အာရှ၊ အမေရိကနှင့် ဥရောပတစ်ခွင်လုံး အလုံးစုံ ကျင့်သုံးနေခြင်းကြောင့် Al မှ ထုတ်လုပ်သော လက်ရာများ၏မူပိုင်ခွင့်ကို အဓိကထား၍ ပြောကြားရမည်ဆိုပါက ရေးသားဖန်တီးမှုလက်ရာ၏ ပိုင်ရှင်သည် လူသားဖြစ်ရမည် (သို့မဟုတ်) Corporate ကော်ပိုရိတ်တစ်ခုဖြစ်ရမည်။ ဥပမာအားဖြင့် သတင်းထောက်တစ်ဦးသည် BBC တွင် အလုပ် လုပ်သည်ဆိုပါက BBC ၏ သတင်းထောက်တစ်ဦးအဖြစ် လုပ်ဆောင်နိုင်သည့် စွမ်းရည်ဖြင့် တိကျသေချာသော အကြောင်းအရာတစ်ခုကို ထုတ်လုပ်ရာတွင် BBC ၏ အချိန်ပြည့် ဝန်ထမ်းတစ်ဦးလည်း ဖြစ်ပါက ထိုအကြောင်းအရာ ထုတ်လုပ်မှု၏ မူပိုင်ခွင့်ကို BBC က ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။

သို့ရာတွင် အလွတ်တန်းသတင်းသမားတစ်ယောက်ဆိုပါက စာချုပ်ဆိုင်ရာ အစီအစဉ် သဘောတူညီချက်များအပေါ်အမှန်တကယ် မူတည်ပါသည်။ မူပိုင်ခွင့်ဥပဒေသည် အင်မတန် ရှင်းလင်းနေသည့်အတွက်ကြောင့် ယခုလို အခြေအနေမျိုးများတွင် လူသားပဲဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုကပဲဖြစ်ဖြစ် AI အကူအညီရယူ၍ လုပ်ဆောင်သော အလုပ်များကို တွက်ချက်ရန်အတွက် မူပိုင်ခွင့်အကာ အကွယ်ပေးမှုကို လွှမ်းမိုးနိုင်သောအခြားတရားစီရင် ပိုင်ခွင့်မရှိပါ။ ထိုကဲ့သို့အနေအထားမျိုးကို မည်သည့်နိုင်ငံမှာမှ ဥပဒေပြဋ္ဌာန်းထားခြင်းမရှိသေးပါ။ ဥပမာအားဖြင့် အိန္ဒိယကဲ့သို့ နိုင်ငံအချို့တွင် စက်ဖြင့် ဖန်တီးထုတ်လုပ်သည့်အလုပ်များ (machine generated works) ဟု ရည်ညွှန်းလေ့ရှိသော်လည်း ဥပဒေကို ရေးဆွဲသောအခါတွင် စက် (machine) ဟူသောအသုံးအနှုန်းသည် ကွန်ပျူတာများကို အမှန်တကယ်ရည်ညွှန်းခြင်းဖြစ်ပြီး AI ကို ရည် ညွှန်းထားခြင်းမဟုတ်ပါ။

လက်ရှိတရားရုံးများတွင် ပေါ်ပေါက်နေသည့် ဥပဒေ၏ အငြင်းပွားဖွယ်နောက်တစ်ခုမှာ Paint Brush လိုမျိုး ရိုးရှင်းသည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး computer စတင်သုံးစွဲစဉ်အချိန်တုန်းကဆိုလျှင် Paint Brush ၏ tool တချို့ကိုသုံးပြီး ရုပ်ပုံတချို့ကို ဖန်တီးနိုင်ခဲ့ဖူးကြသည်။ ဥပမာအားဖြင့် ဂရပ်ဖစ် ဒီဇိုင်းဆွဲသည့် tool တစ်ခုခုကို သုံး၍ (သို့) Micro-soft ဂရပ်ဖစ်ဒီဇိုင်းကိရိယာများနှင့် ရိုးရိုးပုံဆွဲနည်း ကို အသုံးပြုပြီး ပုံတစ်ခုခုဆွဲသည်ဆိုပါက ဤအရာ သည် Al မှ ထုတ်ပေးသည့်အလုပ်မဟုတ်ဘဲ ကွန်ပျူတာ(စက်)မှ ထုတ်လုပ်သည့် အလုပ်ဖြစ်ပါသည်။

AI သည် မည်သည့်အဖွဲ့ အစည်းအတွက်မဆို မရှိမဖြစ် လိုအပ်

ထို့ကြောင့် ဤအဆင့်သည် ဥပဒေ၌ ကွဲပြားမှုရှိသည်။ အချို့သောနိုင်ငံများတွင် စက်ဖြင့် ထုတ်လုပ်ထားသော အလုပ်များကို ရည်ညွှန်းခြင်းဖြစ်ပြီး Al မှ ထုတ်လုပ်သောအလုပ်များ မဟုတ်သည့်အတွက် ဤနေရာ၌ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည်။ ယခုအချိန်တွင် AI သည် မည်သည့်အဖွဲ့ အစည်းအတွက်မဆို မရှိမဖြစ် လိုအပ်သည့် အစိတ် အပိုင်းတစ်ခုဖြစ်ပြီး အကြောင်းအရာ ဖန်တီးသူများ အနေဖြင့် AI သည်လည်း အဖွဲ့ဝင်အသင်းသားတစ်ယောက်ဖြစ်နေသည်။

သို့ဖြစ်၍ တရားဥပဒေ၏ အဓိကမေးခွန်းမှာ “စာရေးသူကမည်သူနည်း” “Who is the author?”။ Al သည် စာရေးဆရာတစ်ဦးဖြစ်နိုင်လား၊ လူသား၏ ဖန်တီးနိုင်စွမ်းကဲ့သို့ စွမ်းဆောင်မှု လုံလောက်ပါသလား။ နိုင်ငံတကာအဆင့်တွင် Berne Convention ဟု ခေါ်သည့် စာချုပ်တစ်ခု ရှိပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် Berne Convention တွင် Berne လက်မှတ်ရေးထိုးထားသူများဖြစ်ပြီး Convention ၏ အာရှတိုက်အတွင်း တစ်ခုတည်း သော ခြွင်းချက်နိုင်ငံမှာ အီရန်နိုင်ငံဖြစ်သည်။ Berne Convention အောက်တွင် လူသားစာရေးဆရာ လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး စက်တစ်လုံးသည် စာရေးဆရာဖြစ်ခြင်း၊ မဖြစ်ခြင်း နှင့်ပတ်သက်၍ မည်သို့မျှ ရည်ညွှန်းထားခြင်းမရှိပါ။ ထို့အတွက်ကြောင့် ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင် မူပိုင်ခွင့်ဥပဒေများကို ရေးဆွဲကြသည့်အခါ နိုင်ငံတကာစံနှုန်းကို လိုက်နာရသည့်အတွက် လူသားစာရေးဆရာ (သို့မဟုတ်) စာရေးဆရာဆိုပါက လူသားများကိုသာ ရည်ညွှန်းကြောင်းကိုလည်း ထည့်သွင်းရေးသားထားဖို့ လိုပါသည်။

နောက်ထပ် TRIPS Agreement (Trade Related Aspects of Intellectual Property Rights) ဟုခေါ်တွင်သော ဉာဏပစ္စည်းမူပိုင်ခွင့် ဆိုင်ရာကဏ္ဍများကို ရောင်းဝယ်ဖောက်ကားခြင်း သဘောတူညီချက်ဆိုသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က စီမံခန့်ခွဲသည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုဖြစ်သည်။

လက်ရှိအငြင်းပွားမှုများအတွက် အဓိက မေးခွန်းနှစ်ခု

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် နိုင်ငံတစ်နိုင်ငံသည် အဖွဲ့ဝင်ဖြစ်လိုပါက ၎င်းတို့သည် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်သဘောတူညီချက်ဖြစ်သည့် TRIPS Agreement ကို လက်မှတ်ရေးထိုးရန် လိုအပ်သည်။ ထိုစာချုပ်တွင် အဖွဲ့ဝင်များ (သို့မဟုတ်) အဖွဲ့ဝင်နိုင်ငံများသည် တီထွင်ဖန်တီးမှု လက်ရာများကို ကာကွယ်ရန်လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ယခု တရားရုံးများရှေ့မှောက်နှင့် နိုင်ငံတကာပညာရှင်များ ရှေ့မှောက်ရှိ မေးခွန်းမှာ တီထွင်ဖန်တီးမှုလက်ရာများ ဆိုသည်မှာ မည်ကဲ့သို့နည်း။ တီထွင်ဖန်တီးမှု လက်ရာများကို စက်တစ်ခု (သို့မဟုတ်) AI က ဖန်တီးနိုင်စွမ်းရှိပါလား။ ထို့ကြောင့် လက်ရှိ အငြင်းပွားမှုများအတွက် အဓိက မေးခွန်းနှစ်ခုမှာ လူသားစာရေးဆရာဆိုသည်မှာ မည်ကဲ့သို့နည်းနှင့် တီထွင် ဖန်တီးမှုလက်ရာများဆိုသည်မှာ မည်ကဲ့သို့နည်းဖြစ်သည်။

နိုင်ငံတကာသဘောတူစာချုပ် နှစ်ခုစလုံးဖြစ်သည့် Berne Convention နှင့် TRIPS Agreement များတွင် Al နှင့်ပတ်သက်၍ မည်သည့် လမ်းညွှန်မှုမျှမရှိပါ။ အမှန်တကယ်တွင် စက် (Machine) များနှင့်ပတ်သက်၍လည်း လက်ရှိတွင် မည်သည့်ရည်ညွှန်းချက်မှ ကိုးကားစရာမရှိသေးပါ။ ထို့ကြောင့် ယခု ကိုးကားပြောဆိုနေခြင်းသည် စက် (Machine) အတွက် မူပိုင်ခွင့်ပိုင်ရှင်များဟု ပြဋ္ဌာန်းချက် အချို့ရှိသည့် နိုင်ငံများအကြောင်းဖြစ်ပြီး အဆိုပါ နိုင်ငံများသည်လည်း သူတို့၏ မူပိုင်ခွင့် ဥပဒေကို ခေတ်နှင့်အညီပြောင်းလဲလိုက်ခြင်းကြောင့်ဖြစ်သည်။

သို့ရာတွင် အဆိုပါနိုင်ငံတကာသဘောတူ စာချုပ်နှစ်ခု (Berne Convention နှင့် TRIPS Agreement) သည် စက်တစ်လုံးသည် စာရေး ဆရာဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သို့မျှ ရည်ညွှန်းအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။ သို့ဖြစ်ပါက အမေရိကန်ပြည်ထောင်စု၏ မူပိုင်ခွင့်နှင့် ပတ်သက်သည့် လက်ရှိအခြေအနေမှာ မည်ကဲ့သို့ နည်း။ အမေရိကန်ပြည်ထောင်စုတွင် မူပိုင်ခွင့်ကို စီမံခန့်ခွဲသည့် အခြေခံအဖွဲ့အစည်းဖြစ်သည့် US မူပိုင်ခွင့်ရုံးဟု လူသိများသည့် ၎င်းတို့၏ မူပိုင်ခွင့်ရုံးမှ မူဝါဒစာတမ်းနှစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ မူပိုင်ခွင့်နှင့် ပတ်သက်သည့် အဆိုပါမူဝါဒစာတမ်းနှစ်စောင်တွင် လူသား၏စာရေးသားဖန်တီးမှု လိုအပ်ကြောင်းနှင့် AI တစ်ခုတည်း ဖန်တီးထားသည့်အလုပ်ကို မူပိုင်ခွင့် အကာအကွယ်မပေးနိုင်ကြောင်း မူပိုင်ခွင့်ရုံးက ရှင်းလင်းထားပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် ၎င်းတို့ပြောလိုသည်မှာ Al အသုံးပြုထုတ် လုပ်ထားသည့် လက်ရာများကို အမေရိကန်နိုင်ငံ (US) မူပိုင်ခွင့်ဥပဒေအောက်တွင် အကာအကွယ် မပေးနိုင်ကြောင်း ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။

US မူပိုင်ခွင့်ရုံးတွင် ခေတ်မီဆန်းပြားသည့် ဆော့ဖ်ဝဲလ်များရှိ

Al မှ တစ်စုံတစ်ရာ ရယူပါက ဥပမာ - တစ်ဦးတစ်ယောက်သည် presentation များ တင်ဆက်ရန်အတွက် အဆင်သင့်လုပ်ထားသည့် free version presentation Al G Gemini Al ကို အသုံးပြုရန်ရယူပါက ယင်းအပေါ်တွင် ရေစာ ထည့်ထားသည့်အတွက် ရေစာကို ဖယ်ရှားရမည် ဖြစ်သည်။ အကယ်၍ အစွမ်းထက်သော ကိရိယာအချို့ကို အသုံးပြု၍ (သို့မဟုတ်) အစွမ်းထက်သော အင်ဂျင်နီယာအချို့က အဆိုပါရေစာများကို ဖယ်ရှားပြီး မိမိ၏တင်ဆက်မှုကို ကိုယ်ပိုင်ဖန်တီးမှုအဖြစ် အမေရိကန် မူပိုင်ခွင့်ရုံးတွင် မူပိုင်ခွင့်လျှောက်ထား၍ မှတ်ပုံတင်ပါက ယင်းကို ငြင်းပယ်မည်ဖြစ်ပါသည်။ US မူပိုင်ခွင့်ရုံးက ၎င်းသည် Al မှ ထုတ်ပေးသည့် လက်ရာအလုပ်တစ်ခုလား၊ ကိုယ်တိုင်ဖန်တီးထားသည့် အလုပ်လားဆိုသည်ကို မည်ကဲ့သို့သိနိုင်မည်နည်းဟု မေးခွန်းမေးစရာ ရှိပါသည်။ ပြောနိုင်သည်ကတော့ US မူပိုင်ခွင့်ရုံးတွင် တကယ်ကို ခေတ်မီဆန်းပြားသည့် ဆော့ဖ်ဝဲလ်များ ရှိသည်ဟု ပြောနိုင်ပါသည်။ US မူပိုင်ခွင့်ရုံးသည် မည်သည့်အမျိုးအစားကိုမဆို AI ဖြင့် ဖန်တီးထုတ်လုပ်ထားသည် (သို့) အမှန်တကယ် လူသားများ၏ မူရင်း လက်ရာများဖြစ်သည်ကို ခွဲခြားနိုင်သည့် ပစ္စည်း ကိရိယာစက်ပစ္စည်းများ အစုံအလင်တပ်ဆင်ထားပါသည်။

ယနေ့ အမေရိကန်မူပိုင်ခွင့်ရုံးသည် မူပိုင်ခွင့် မှတ်ပုံတင်ခြင်း လျှောက်ထားသူ မည်သူအတွက်မဆို လျှောက်လွှာတင်သည့် စနစ်တစ်ခုကို အမှန်တကယ် မိတ်ဆက်ပေးခဲ့ပြီး ထိုစနစ်မှာ မူပိုင်ခွင့် လျှောက်ထားသည့် လုပ်ငန်းလက်ရာကို ဖန်တီးရန် အတွက် AI ကိရိယာများကို အသုံးပြုထားခြင်းရှိ/မရှိ မဖြစ်မနေဖော်ပြရန် တောင်းဆိုထားသည်။ အကယ်၍ တစ်စုံတစ်ဦးက Amazon ebooks များကို ရေးသည်ဆိုပါက Amazon ပင်လျှင် အထူးသဖြင့် Amazon Kindle သည် e-books များ ဖန်တီးရန် (သို့မဟုတ်)အကြောင်းအရာများ ဖန်တီးရန်အတွက် AI ကိရိယာများကို အသုံးပြုထားခြင်း ရှိ, မရှိ မဖြစ်မနေထုတ်ဖော်ရမည့်မူဝါဒ ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် AI စနစ်နှင့်ပတ်သက်နေသည့် အင်ဂျင်နီယာဆိုင်ရာ အချေအတင် ဆွေးနွေးစရာမေးခွန်းတစ်ခုလည်း ရှိနေပါသည်။ ဥပမာအားဖြင့် လူတော်တော်များများက ယနေ့ခေတ်တွင် AI စနစ်၏ လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးရန် ညွှန်ကြားချက်များ၊ အချက်အလက်များပေး၍ ခိုင်းစေခြင်းများ ပြုလုပ်ကြသည့် အတွက် အဆိုပါညွှန်ကြားချက်များကို မူပိုင်ခွင့် ဥပဒေအောက်မှာ အကာအကွယ်ပေးနိုင်မလားဆိုသည့်မေးခွန်း ဖြစ်ပါသည်။

မတူညီသည့် လူများကြားတွင် မတူညီသည့် အမြင်များရှိကြသော်ငြားလည်း ထိုကဲ့သို့ ညွှန်ကြားချက်များ၊ အချက်အလက်များကို မူပိုင်ခွင့် အကာအကွယ်ပေးရန်မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် မူပိုင်ခွင့်ဆိုသည်မှာ စာရေးဆရာ၊ မူရင်းရေးသားသူ ၏ ဖန်တီးမှုလက်ရာများကို အကာအကွယ်ပေးသည့် ဉာဏပစ္စည်းမူပိုင်ခွင့် အမျိုးအစားဖြစ်သည့်အတွက် AI ကို ညွှန်ကြားသည့် ညွှန်ကြားချက်သီးသန့်သည် တီထွင်ရေးသားဖန်တီးမှုမမြောက်သည့်အတွက်ဖြစ်ပါသည်။

တီထွင်ဖန်တီးနိုင်မှု အဆင့်ရှိရန် လိုအပ်

မူပိုင်ခွင့်ဥပဒေသည် မူရင်းတီထွင်ဖန်တီးမှုကို သာ အမှန်တကယ် ကာကွယ်ပေးထားသည့်အတွက် Chat GPT ကို ပေးလိုက်သည့် ညွှန်ကြားချက် prompts သည် ရှည်လျားပြီး အဓိပ္ပာယ်က အလွန်ဆန်းသစ်နေသော်ငြားလည်း လုပ်ဆောင်ချက်များက စက်မှုနည်းပညာ အလွန်ဆန်သည့်အတွက် မူပိုင်ခွင့်အကာအကွယ် မရနိုင်ကြောင်း တွေ့ရှိရသည်။ နောင်နှစ်ပေါင်းများစွာကြာပြီးနောက် အချို့တရား စီရင်ပိုင်ခွင့်များတွင် စက်မှုနည်းပညာအလွန်ဆန် သည့်လုပ်ငန်းကိုပင် စတင်အကာအကွယ်ပေးကောင်းပေးလာနိုင်သော်လည်း မူပိုင်ခွင့်ဥပဒေ၏ အရင်းခံမူမှာ ယခုအချိန်အထိ တီထွင်ဖန်တီးနိုင်မှု အဆင့်ရှိရန် လိုအပ်ပါသည်။

ယခုအခါ တရုတ်နိုင်ငံသည် အာရှ၏ထိပ်တန်း တရားစီရင်ပိုင်ခွင့် အာဏာများထဲမှတစ်ခုဖြစ်လာပြီး AI နှင့်ပတ်သက်၍ ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် Al မှ ဖန်တီးထုတ်လုပ်ပေးသော လက်ရာများနှင့် ပတ်သက်၍ မူပိုင်ခွင့်ကာကွယ်မှုဆိုင်ရာ ဆွေးနွေးမှုများစွာ ပြုလုပ်လျက်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ ပေကျင်းအင်တာနက်တရားရုံးတစ်ခုက AI ဖြင့် ရေးသားထုတ်လုပ်သည့် ဆောင်းပါးအား မူပိုင်ခွင့် အကာအကွယ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် တရုတ်တရားရုံးများက Al မှ ထုတ်လုပ်ထားသည့် လက်ရာများအပေါ် မူပိုင်ခွင့်ကာကွယ်မှုအား အသိအမှတ်ပြုရန် အလွန်တိုးတက်နေသည် (သို့မဟုတ်) အလွန်ပွင့်လင်းသည်ဟု ပြောနိုင်သည်။ မကြာသေးမီ ၂၀၂၃ ခုနှစ်တွင်လည်း ပေကျင်းရှိ အခြားတရားရုံးတစ်ခုက Al ထုတ်ပေးသည့် ပုံရိပ်ကို အကာအကွယ်ပေးထားမှု ထပ်မံဖြစ်ပွားခဲ့ပါသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံနှင့် အာရှနိုင်ငံများ၏ ကွဲပြားခြားနားမှုမှာ အလွန်ကြီးမားပြီး အာရှ (သို့မဟုတ်) အာရှပစိဖိတ်ဒေသ၏ အခြေအနေသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည်ကို မည်သူမှ မပြောနိုင်ကြပါ။ အခြေခံအားဖြင့် တရုတ်နိုင်ငံတွင် Al မှ ထုတ်လုပ်သော လုပ်ငန်းများကို အထူးပြုထိန်းချုပ်သည့် ဥပဒေမရှိသေးသော်လည်း တရားရုံးက အလွန်တိုးတက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံလိုက်ခြင်းဖြစ်သည်။ အဆိုပါ မူပိုင်ခွင့် လျှောက်ထားသူများက တရုတ်နိုင်ငံ၏ အမျိုးသားမူပိုင်ခွင့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် National Copyright Administration - NCA ထံ အဆိုပါလုပ်ငန်းကို မှတ်ပုံတင်ရန် သွားရောက်လျှောက်ထားခဲ့သော်လည်း “AI ဖြင့် ထုတ်လုပ်သည်”ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခံခဲ့ရသည်။

ထို့ကြောင့် လျှောက်ထားသူများသည် ပယ်ချမှုကို စိန်ခေါ်ရန် တရားရုံးသို့ သွားခဲ့ရာ တရားရုံးများထံမှ အလွန်ကွဲပြားသောအမြင်ကို ရရှိခဲ့သည်။ သူတို့သည် ဥပဒေအား အလွန်ကျယ်ပြန့်စွာ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပြီး လူသားတစ်ဦးသည် အချက်အလက်များသွတ်သွင်းခြင်း (သို့မဟုတ်) လေ့ကျင့်မှုမှတစ်ဆင့် ပံ့ပိုးပေးပါက Al ထုတ်ပေးသည့်အလုပ်အား အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုကြပါသည်။ ထို့ကြောင့် တရုတ်တရားရုံးများက ပေါင်းစပ်ထားသော အလုပ်လက်ရာသည် မူပိုင်ခွင့် ယခုအချိန်အထိ AI နှင့် လူသား(စာရေးဆရာ) အကာအကွယ်ပေးရန်အတွက် လုံလောက်သည် ဟူသော ရပ်တည်ချက်ကို ခံယူထားကြသည်။ မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးရန်အတွက် တီထွင် ဖန်တီးမှု အဆင့်မြင့်မားရန် မလိုအပ်ပါ။ လူသား ပါဝင်အားထုတ်ထားသည်ဖြစ်ပါက အကာအကွယ်ပေးမည်ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။

လူသားအားထုတ်မှုနှင့် လူသားတီထွင်ဖန်တီးမှု

ဤနေရာတွင် လူသားအားထုတ်မှုဆိုသည့် အသုံးအနှုန်းနှင့် လူသားတီထွင်ဖန်တီးမှုဆိုသည့် အသုံးအနှုန်း၏ ကွဲပြားခြားနားချက်ကို သတိထားရမည်ဖြစ်ပါသည်။ လူသားတစ်ဦးအနေဖြင့် တီထွင်ဖန်တီးမှုများစွာကို မလုပ်ဆောင်သော်လည်း ၎င်းပါဝင်ပတ်သက်နေပါက အကာအကွယ်ပေးမည်ဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမှာ အားထုတ်မှုဟူသော ဝေါဟာရနှင့် တီထွင်ဖန်တီးမှုဟူသော အသုံးအနှုန်း ကြား ခြားနားချက်ရှိသည့်အတွက်ဖြစ်ပါသည်။ ဥပမာအားဖြင့် presentation တစ်ခုခုအတွက် ရေစာအမှတ်အသားကို ဖယ်ရှားခြင်း (သို့မဟုတ်) စာသားကို အနည်းငယ်ပြင်ဆင်တည်းဖြတ်ခြင်းကဲ့သို့သော အလုပ်သည် အားထုတ်မှုပမာဏဖြစ်ပြီး ၎င်းသည် တီထွင်ဖန်တီးမှုပမာဏ မဟုတ်ပါ။

သို့ရာတွင် တရုတ်နိုင်ငံတရားရုံးများ၏ ဆုံးဖြတ်ချက်ဆိုလိုရင်းမှာ လူသားတစ်ယောက်အနေဖြင့် အလုပ်တစ်ခုခုဖန်တီးရာတွင် လူသားအားထုတ်မှုအနည်းငယ်ဖြင့် AI နည်းပညာ အသုံးပြု ထုတ်လုပ်ထားလျှင်ပင် မူပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်သည်ဟု ဆိုလိုပါသည်။ ထိုကဲ့သို့သော ချဉ်းကပ်မှုသည် တကယ်တော့ အမေရိကန်နိုင်ငံက လက်ခံကျင့်သုံးသည့် ချဉ်းကပ်ပုံနှင့် အတော်လေး ကွဲပြားပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံတွင် အိန္ဒိယမူပိုင်ခွင့် အက်ဥပဒေသည် စာရေးဆရာအား လူသားတစ်ဦး (သို့မဟုတ်) တရားဝင်ပုဂ္ဂိုလ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ တရားဝင်ပုဂ္ဂိုလ်ဆိုသည်မှာ အမှန်တကယ် မှတ်ပုံတင်ထားသော လူ့အဖွဲ့အစည်း (သို့မဟုတ်) ကုမ္ပဏီတစ်ခု ဖြစ်နိုင်သည်။ ယခုအချိန်အထိ အိန္ဒိယမူပိုင်ခွင့် ဥပဒေတွင် AI အတွက် တိုက်ရိုက်ပေါ်လစီ မရှိသေးသလို Al မှ ထုတ်လုပ် သည့်လက်ရာများအား မည်ကဲ့သို့ကာကွယ်သင့် သည် ဆိုသည်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှု မရှိသေးပေ။ ယခုလက်ရှိတွင် အိန္ဒိယ၏အကြီးဆုံးသော သတင်းအေဂျင်စီတစ်ခုမှ ထုတ်ဝေသူ အုပ်စုတစ်စုသည် သတင်းသမားအချို့ကို ၎င်းတို့၏ လုပ်အားလက်ရာများအား အသုံးပြုမှုအတွက် တရားစွဲခြင်းများရှိပြီး အမှုဆက်လက်ရင်ဆိုင်နေကြဆဲ ဖြစ်ပါသည်။

မည်သည့် မူပိုင်ခွင့် လုပ်ထုံးလုပ်နည်းမျှ မရှိသေး

Al မှ ထုတ်ပေးသည့်အလုပ်နှင့်ပတ်သက်၍ ထုတ်ဝေသူများနှင့် ဂျာနယ်လစ်များအကြားတွင် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး အိန္ဒိယမူပိုင်ခွင့်ဥပဒေ၌ မတူညီသောမှတ်ချက်တစ်ခုမှာ စက်ဖြင့်ဖန်တီးထားသော လက်ရာများကို အကာအကွယ်ပေးနိုင်ကြောင်း အပိုင်းတစ်ခုရှိသည်။ သို့ရာတွင် AI ဖြင့် ဖန်တီးထုတ်လုပ်သည့် လက်ရာများ ( Al Generated work) နှင့် စက်ဖြင့် ဖန်တီးထားသည့် လက်ရာများ (Machine Generated work)ကို တန်းတူညီစွာ အကာအကွယ်ပေးခြင်း ရှိ, မရှိနှင့် ပတ်သက်၍မူ ယနေ့ထိ တရားရုံး ရှေ့ကို အငြင်းပွားမှုအဖြစ် ရောက်မလာသေးပါ။ အိန္ဒိယနိုင်ငံ၏ မူပိုင်ခွင့်ကို ရေးသားစဉ်အခါက စက်ဖြင့် ဖန်တီးထုတ်လုပ်ပေးသော အလုပ်များဆိုသည်မှာ Paint Brush (သို့မဟုတ်) notepad (သို့မဟုတ်) Microsoft Word ကဲ့သို့သော ဆော့ဖ်ဝဲလ်ကို ရည်ညွှန်းထားခြင်းကြောင့် ဖြစ်ပါသည်။ ယနေ့ အသုံးပြုနေကြသည့် ခေတ်မီဆန်းပြားသော AI ကိရိယာများ မပေါ်ပေါက်သေးသည့်အတွက် ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပါ။ ထို့ကြောင့် AI ဖြင့် ထုတ်လုပ်သည့် အလုပ်များအတွက် မည်သည့်မူပိုင်ခွင့် လုပ်ထုံးလုပ်နည်းမျှမရှိသေးပါ။

ဂျပန်နိုင်ငံတွင် AI ဖြင့် ထုတ်လုပ်သော အလုပ်များနှင့်ပတ်သက်၍ အမှန်တကယ် AI ကို မည်သို့ ကာကွယ်သင့်သည် (သို့မဟုတ်) AI ကို မည်သို့ ထိန်းကျောင်းလည်ပတ်သင့်သည် ဆိုသည်ကို အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ အစိုးရများက AI ကို မည်သို့ ထိန်းကျောင်းသင့်သည်ဆိုသည်ကို ဆွေးနွေးတိုင်း ဉာဏပစ္စည်း မူပိုင်ခွင့်(IP) သည် ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင် နေသည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် AI ဖြင့် အပြည့်အဝ ဖန်တီးထုတ်လုပ်ထားသည့် အလုပ်များအား ယေဘုယျအားဖြင့် အကာအကွယ်မပေးပါဟု ဖော်ပြထားသည့် စာတမ်းတစ်စောင်ကို ဂျပန်အစိုးရက ထုတ်ဝေလိုက်ပါသည်။

အလုပ်တစ်ခုအတွက် မူပိုင်ခွင့်အကာအကွယ် ရရှိရန် လူ့သားကိုယ်တိုင်ဖန်တီးရေးသားမှုသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ ထို့ကြောင့် အလုပ်တစ်ခုသည် AI ဖြင့် သက်သက်ဖန်တီးထုတ်လုပ်ထားပါက ကာကွယ်နိုင်မည်မဟုတ်ကြောင်း ဂျပန်အစိုးရထံ၏ သဘောထားကို ဖော်ပြထားပါသည်။

Reference: Dr. Seemantani Sharma, Legal Manager, Asia-Pacific Broadcasting Union.

မြတ်ကြေးမုံ

မြန်မာ့အလင်း
(၉-၁၂-၂၀၂၅)

◾️တရားလိုမှန်ဖို့ လိုပါသည်လူငယ်တို့သဘာ၀ မှားတတ်ကြပါသည်။ စိတ်အလိုလိုက် အာရုံနောက်လိုက်မိသည်လည်းရှိ၏။ မှားခဲ့ ပြီးသည့်ကိစ္...
01/12/2025

◾️တရားလိုမှန်ဖို့ လိုပါသည်

လူငယ်တို့သဘာ၀ မှားတတ်ကြပါသည်။ စိတ်အလိုလိုက် အာရုံနောက်လိုက်မိသည်လည်းရှိ၏။ မှားခဲ့ ပြီးသည့်ကိစ္စကို အမှားပြင်ရန် လွယ်သည်လည်းရှိ၏။ခက်သည်လည်းရှိ၏။ မှားလျှင် မှားမှန်းသိဖို့လည်း လိုပါသည်။

ကိုယ်တိုင်မှားနေပါလျက် မှားမှန်းမသိခြင်းသည်လွန်စွာအရုပ်ဆိုး အကျည်းတန်လှပါသည်။ မည်သည့် ကိစ္စ ဖြစ်ပါစေ မိမိ၏အမှားကို မိမိကိုယ်တိုင် တာဝန်သိသိနှင့် တာဝန်ယူဖို့ လိုပါသည်။

ဤမှာဘက်ကာလတွင် ရှေ့နေတိုင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ စွဲဆိုမှု၌ တရားလိုဘက်မှဖြစ်စေ၊တရားခံဘက်မှဖြစ်စေ လိုက်ပါဆောင်ရွက်ဖူးသူ များမည်ဟု ယူဆမိပါသည်။ အထူးသဖြင့် ယောက်ျားလေးများသည် အတည်တကျ လက်ထပ်ယူပါမည်ဟု နှစ်ကိုယ်ကြားယုံ ကြည်အောင် အချွဲကောင်းသည်နှင့် ပေါ်ပေါက်လာရသည့်ပြဿနာများ ဖြစ်ပါသည်။

စည်းကျော်ခဲ့ပြီးမှစာနာမှု ပျက်ကွက်ခြင်းကား လူမှုအဝန်းအဝိုင်း၌ မဖြစ်သင့်သော ကိစ္စဖြစ်ပါသည်။ ထိုကတိ ပျက်ကွက်မှုသည်ကတိဖျက်ခံရသူအား ထောက်ထားစာနာမှု ကင်းမဲ့ရာရောက်ပါသည်။ ကတိဖျက်သူ ကိုယ်တိုင်လည်း ကတိမတည်သူအဖြစ် သိက္ခာညှိုးနေမည် ဖြစ်ပါသည်။

နားမခံသာအောင် ကြားမြင်နေကြရသူများတွင်တရားသူကြီး တာဝန်ထမ်းဆောင်နေကြရသူတို့ပါဝင်ပါသည်။ တရားခွင်ရှေ့မှောက်၌ သက်သေခံချက်ပေးကြသည်ကို ကြားနာရ၏။ စွဲဆိုသည့်အမှုတွင် မပြောမဖြစ်ပြောကြရ၏။

တရားသူကြီးတို့၏ အလုပ်သည် သက်သေခံချက်များအပေါ်၌ ဆုံးဖြတ်ကြရသည်ဖြစ်၍ အမှုတွဲ မှတ်တမ်း တင်နိုင်အောင် သက်ဆိုင်သူတို့က ထွက်ဆိုခဲ့သည်များကို ဖတ်ရှုကြရပါသည်။အချို့သောပြဿနာတို့သည် ပြစ်မှုနှင့် နိဂုံးချုပ်ပြီးသော်လည်း တရားမမှုခင်း ခရီးဆက်ကြသည်။

ဖွားမြင်လာသည့်ကလေး၏ဘ၀ရှေ့ရေး ဖခင်အမည်ရှိရန်လိုသေး၏။ ပစ္စည်းဥစ္စာအမွေ ခံစားခွင့်ဆိုသော ပြဿနာအထိမဟုတ်။ ကလေး၏ဖခင်အမည်အတွက်နှင့် အမြင့်ဆုံးတရားရုံးအထိ ခရီးနှင်ကြပါသည်။ ဤအမှု တရားလိုမည်သူလုပ်မည်နည်း။ ကလေးက ငယ်သေးသည်။

မနုနုလွင်က ကိုလှမြင့်သည် ၎င်းအား ကာမလိမ်လည်ရယူခဲ့သဖြင့် မောင်ဖိုးထူးအား မွေးဖွားခဲ့ရ၏။
ထိုကလေးမွေးဖွားသည့်အတွက် ကိုလှမြင့်က ကျေးရွာလူကြီးများမှတစ်ဆင့် ငွေကျပ် ၁၃၀၀ ပေးလျော်ခဲ့၏။

မောင်ဖိုးထူးသည် ကိုလှမြင့်၏သားဖြစ်ကြောင်း မိဘ၊ဆွေမျိုး၊ လူကြီးလူကောင်းများရှေ့တွင် ဝန်ခံရန်ငြင်းဆိုသည့်အတွက် တရားမကြီးမှုကို စွဲဆိုပါသည်။

မနုနုလွင်က ကိုလှမြင့်အပေါ် ဧရာ၀တီတိုင်းဟင်္သာတမြို့နယ်တရားရုံးတွင် ၎င်းမွေးဖွားသော သား မောင်ဖိုးထူး သည် ကိုလှမြင့်၏သားဖြစ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုခဲ့ပါသည်။ ပလပ်ခြင်း ခံရ၏။

မနုနုလွင်က မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကိုမကျေနပ်။ တိုင်းတရားရုံးသို့ အယူခံဝင်သည်။

မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ မနုနုလွင် တောင်းဆိုသည့်အတိုင်း ဒီကရီချမှတ် ပေးပါသည်။မနုနုလွင်သည် မြို့နယ်တရားရုံးတွင် ကိုလှမြင့်အပေါ် ၁၉၈၆ ခုနှစ်၌ တရားမကြီးမှုကို စတင်စွဲ ဆိုခဲ့ခြင်းဖြစ်ပါသည်။

ထိုအချိန်က ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ခေတ်ဖြစ်၍ ပြည်သူတို့ကရွေးချယ်
တင်မြှောက်ခဲ့သော ပြည်သူ့တရားသူကြီးများက စီရင်ဆုံးဖြတ်ကြသော အချိန်ဖြစ်ပါသည်။

တိုင်းတရားရုံးသို့ အယူခံတင်ဝင်ရောက်အချိန်၌လည်း ပြည်သူ့ကောင်စီ တရားသူကြီးများက ၂၇- ၇-
၁၉၈၈ ရက်တွင် စီရင်ချက်နှင့် ဒီကရီကို ချမှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၁၈- ၉- ၁၉၈၈ ရက်တွင် နိုင်ငံတော်၏အာဏာသုံးရပ်ကို န-၀-တ အစိုးရက ထိန်းချုပ်ခဲ့ပါသည်။

တိုင်းရုံး၏ စီရင်ချက်နှင့် ဒီကရီကို ကိုလှမြင့်က ဒုတိယအယူခံမှု တင်သွင်းလျှောက်ထားချိန်တွင် ဗဟိုတရားရုံးခေတ်မှ တရားရုံးချုပ်ခေတ်သို့ ပြောင်းလဲစအချိန်ဖြစ်ပါသည်။ ကိုလှမြင့်၏ ဒုတိယအယူခံမှုကို တရားရုံးချုပ်တရားသူကြီးက စီရင်ဆုံးဖြတ်ပေးခဲ့ပါသည်။

မူလရုံးတွင် ကိုလှမြင့်က မနုနုလွင်မွေးသောကလေးသည် ၎င်း၏သားမဟုတ်၊ မိမိအား ပြစ်မှုကြောင်းအရ တရားစွဲဆိုမည်ကို ကြောက်ရွံ့၍ ငွေကျပ် ၁၃၀၀ပေးခဲ့ခြင်းဖြစ်ပါသည်ဟု ထုချေသည်။
တရားရုံးချုပ် တရားသူကြီးက ကိုလှမြင့် တင်သွင်းလာသော ဤတရားမဒုတိယအယူခံမှုတွင် အဆုံးအဖြတ်ပေးရန် ဥပဒေပြဿနာ တစ်ရပ်ပေါ်ပေါက်လျက်ရှိသည်ဟု ကနဦးတွေ့မြင်ခဲ့ပါသည်။

မြန်မာ့စကား ဆိုရိုးများတွင် စူးနေရာစူး၊ဆောက်နေရာဆောက်ဟူ၍ ရှိ၏။ တရားလိုနေရာတွင်တရားလိုရှိဖို့ လိုအပ်ပါသည်။ ဒုတိယအယူခံမှုတွင်လျှောက်ထားသူတို့အနေဖြင့် ဥပဒေပြဿနာကို အလေးပေးတင်ပြကြ ရပါသည်။

တရားရုံးချုပ် တရားသူကြီးကသီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၂ ပြဋ္ဌာန်းချက်အရ တရားဝင်အခြေအနေ (legal character) ကိုမြွက်ဟကြေညာပေးရန် စွဲဆိုခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၄၂ပြဋ္ဌာန်းချက်အရ မြွက်ဟကြေညာပေးရမည့် တရားဝင် အခြေအနေ သည် တရားစွဲဆိုသူ၏ တရားဝင်အခြေအနေနှင့် သက်ဆိုင်သည်ဟု ထောက်ပြခဲ့ပါသည်။သို့ဖြစ်၍ ကိုလှမြင့်၏ သားဖြစ်ကြောင်း မြွက်ဟ ကြေညာပေးရန် တရားစွဲရမည့်သူသည် မောင်ဖိုးထူးဖြစ်သည်ဟုညွှန်ပြခဲ့ပါသည်။

ပုဒ်မ ၄၂ အရ တရားလိုတစ်ဦးသည်အခြားသူတစ်ဦး၏ ရထိုက်ခွင့်အတွက် တရားစွဲဆိုခွင့်မရှိဟုလည်း အလင်းပေးခဲ့ပါသည်။ထို့ပြင် တရားရုံးချုပ် တရားသူကြီးက သက်သာခွင့်ရထိုက်သူက တရားလိုအဖြစ် တရားစွဲတောင်းခံရခြင်းသည် တရားမမှု၏ အခြေခံသဘောတရားတစ်ရပ်ဖြစ်သည်ဟု ထောက်ပြခဲ့ပါသည်။

မောင်ဖိုးထူးသည် အရွယ်မရောက်သေးသူ ဖြစ်သည့်အတွက် တရားမကျင့်ထုံးဥပဒေအမိန့် ၃၂ ပြဋ္ဌာန်းချက်အရ မနုနုလွင်သည်မောင်ဖိုးထူး၏ နီးစပ်ရာမိတ်ဆွေအဖြစ် တရားစွဲဆိုရန်ဖြစ်သည်ဟု ညွှန်ပြပေးခဲ့ပါသည်။

တရားမကျင့်ထုံးဥပဒေအမိန့် ၃၂ တွင် နည်းဥပဒေပေါင်း ၁၆ ခုဖြင့် အရွယ်မရောက်သေးသူများကဖြစ်စေ၊ စိတ်ပေါ့သွပ်သူများကဖြစ်စေ စွဲဆိုခြင်းနှင့် စွဲဆိုခံရခြင်းများတွင် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများကိုပြဋ္ဌာန်းထားပါသည်။

ကိုလှမြင့် တင်သွင်းသော တရားမဒုတိယ အယူခံမှုကို ခွင့်ပြု၍ တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကိုပြန်လည်အတည်ပြုပေးခဲ့ပါသည်။

ကိုးကား-
- ကိုလှမြင့်နှင့် မနုနုလွင် (၁၉၈၉၊ မတစ၊ ၇၀)။
ရေး-ရှေ့နေမောင်ဝ
#ယနေ့ထုတ်သတင်းစာ_ဆောင်းပါး
Source: စံတော်ချိန်
Disclaimer _ ❝This content is shared for informational and educational purposes only.
All rights belong to the original creators/owners.❞
> ❝I do not own the rights to this content.
All credit goes to the respective owners.
If the copyright owner requests removal, I will comply.❞
Credit to Original Uploader
MZTK Legal Store

Address

68th Street, 34th×35th Between , ChanAyeTharSan Township
Mandalay
05033

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Luminous Myanmar Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Luminous Myanmar Law Firm:

Share

Category