11/05/2026
“ရယ်မောခြင်းနှင့် ဟာသဉာဏ်”
🔳 ရယ်တာက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တယ်ဆိုတာတော့ တော်တော်များများ သိပြီးကြမယ် ထင်ပါတယ်။ နှလုံး၊ အဆုတ်၊ ကြွက်သား စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အလုပ်ပိုလုပ်လာတယ်။ ဦးနှောက်ကနေလည်း အန်ဒေါ်ဖင် ဟော်မုန်းကို ထုတ်ပေးလို့ ခံစားချက်တွေ အဆင်ပြေလာတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်။ ဒါက ကာလတို သက်ရောက်မှုတွေ။
ရေရှည်မှာဆိုလည်း ကိုယ့်ရဲ့ ကိုယ်ခံအားကို မြင့်တက်စေတယ်။ နာကျင်မှုတွေကို သက်သာစေတယ်။ အဓိကအကျဆုံးကတော့ ဘဝကို အပြုသဘောဆောင်စွာ ဖြတ်သန်းနိုင်လာမယ်။ အကောင်းမြင်တတ်လာမယ်။ ဆက်ဆံရေးတွေ အဆင်ပြေမယ်။ အဲဒီလို ပြေတဲ့အတွက် ဘဝနဲ့ ပတ်သက်လို့လည်း ကျေနပ်နှစ်သက်မှု ရလာမယ်။
🔳 ပျော်ပျော်နေတတ်သူတွေ၊ စိတ်သိပ်မညစ်တတ်သူတွေ၊ ဒုက္ခရောက်နေချိန်တောင် ဟာသပြောနေနိုင်သူတွေ မြင်ဖူး၊ တွေ့ဖူးကြမှာပါ။ (ကိုယ်တိုင်လည်း ဖြစ်ရင်ဖြစ်နေမယ်။) အဲဒီအခါ သူတို့ကြောင့် ကိုယ့်မှာ အတော်လေး စိတ်ချမ်းသာရ၊ အဆင်ပြေရတာကို ခံစားမိကြလိမ့်မယ်။
ဟာသဉာဏ်ရွှင်တဲ့ လူတစ်ယောက် အဖွဲ့ထဲ ရှိနေရင် အမြဲတဝါးဝါး တဟားဟားနဲ့ ဖြစ်နေတတ်တယ်။ တစ်နေရာရာသွားလို့ သူပါတယ် ဆိုရင်ကို ပျော်နေကြတာ။ အစည်းအဝေးတွေ၊ သင်တန်းတွေမှာဆိုလည်း တစ်ယောက်နဲ့တစ်ယောက်ကြားက အေးစက်မှုတွေကို သူတို့က အရည်ဖျော်ပစ်နိုင်ကြတယ်။ (Icebreaking လုပ်ပစ်တယ်ပေါ့)
အခက်အခဲ၊ ပြဿနာတွေ ကြုံရရင်လည်း ကိုယ်ကတောင် အားပေးနေစရာ မလိုဘဲ သူတို့ဘာသာသူတို့ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ကြတယ်။ ပတ်ဝန်းကျင်အတွက် တအားကြီး ဝန်ပိနေစရာ မလိုဘူး။
🔳 ဟုတ်ပြီ။ ဒါဖြင့် ဟာသဉာဏ်ရှိလာအောင် ဘယ်လိုလုပ်မလဲ။ ပြောင်းလဲလို့ ရလား။ ပျိုးထောင်လို့ ရသလား။
ဒီနေရာမှာလည်း Nature/ Nurture ဗီဇလား၊ ဝန်းကျင်လား ဆိုတဲ့ ၂ ပိုင်း ရှိတာပါပဲ။ ပင်ကိုယ်ဗီဇကိုက ရယ်ရယ်မောမော နေတတ်သူရှိမယ်။ ဝန်းကျင်နဲ့လည်း ဆိုင်မယ်။
တချို့ဆို ရယ်ကိုမရယ်တတ်တာလေ။ ကြုံဖူးကြမလားတော့ မသိဘူး။ နဂိုမျက်နှာထားကိုက တင်းတင်းမာမာ။ ခက်ခက်ထန်ထန်။ ဘာကိုမှလည်း မကျေနပ်တာ များတယ်။ သူ့ဘဝသူလည်း အားမရဘူး။ ရယ်စရာ တွေ့ရင်တောင် သူ့စိတ်ကို လွှတ်မပေးဘူး။ တင်းခံနေတာမျိုးပေါ့။ ဘဝအခြေအနေနဲ့လည်း ဆိုင်ကောင်းဆိုင်မယ်။
🔳 ဘာပဲဖြစ်ဖြစ် လုပ်လို့ရနိုင်တာ တချို့ကတော့ -
• ၁။ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကို အာရုံစိုက်ပါ။
• ၂။ စိတ်ကို လွှတ်ပေးပါ။ ရယ်စရာတွေ့ရင် ရယ်လိုက်ပါ။ ဖေ့စ်ဘွတ်မှာဆို Haha ပေးပစ်လိုက်ပါ။
• ၃။ တစ်ယောက်ယောက်က ရယ်စရာပြောနေရင် ကိုယ်လည်း ဝင်ပြောပါ။
• ၄။ ကိုယ့်မှာ မရှိတာတွေကို တွေးနေမဲ့အစား ရှိတာတွေကို တွေးပါ။ ကိုယ်မလုပ်နိုင်တာတွေကို တွေးနေမဲ့အစား လုပ်နိုင်တာတွေကို တွေးပါ။
• ၅။ လူမှုကွန်ရက်၊ အင်တာနက်ပေါ်က ရယ်စရာပေ့ချ်တွေ၊ လူတွေကို Follow များများ လုပ်ထားပါ။ ဒါမှမဟုတ်လည်း ဟာသရုပ်ရှင်တွေ ကြည့်ပါ။ ဟာသစာအုပ်တွေ ဖတ်ပါ။
🔳 တကယ်တော့ အခက်အခဲတွေကြုံလည်း ရယ်မောနိုင်တယ်ဆိုတာ ပေါ့ပေါ့တန်တန်၊ လျော့လျော့ရဲရဲ ဖြတ်သန်းဖို့ မဟုတ်ပါဘူး။ ဖြစ်သလို နေဖို့လည်း မဟုတ်ဘူး။
It’s not the end of the world.
ဒါ ကမ္ဘာပျက်သွားတာ မဟုတ်ပါဘူးကွာ။ အေးဆေးပေါ့။ ဖြေရှင်းလို့ ရနေသရွေ့ ဒါ ပြဿနာ မဟုတ်ဘူး။ ဒီလို စိတ်နေသဘောထားမျိုး ထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒုက္ခတွေကို အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ကြည့်တတ်ခြင်းပေါ့။
🔳 မဟတ္တမ ဂန္ဒီကလည်း ရေးခဲ့ဖူးတယ်။
“If I had no sense of humor, I would long ago have committed suicide.”
ကျုပ်မှာ ဟာသဉာဏ်သာ မရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ကြာလှပြီတဲ့။
ဒါကြောင့် ခုလိုခက်ခဲကြပ်တည်းလှတဲ့ ကာလကြီးမှာ ဘဝကို ရယ်ရယ်မောမောနဲ့ ရှင်သန်နေထိုင်ဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။
🔳 လေးနက်သင့်တဲ့နေရာမှာ လေးနက်ပြီး ပေါ့ပါးသင့်တဲ့နေရာမှာ ပေါ့ပါးအောင် ချိန်ဆနေထိုင်တတ်ခြင်းသည် ဘဝမှာ ရှိထားသင့်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၂.၈.၂၀၂၃