17/08/2021
What is Universal Jurisdiction❓❓❓
ယနေ့ အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတစ်ခုမှာ ရိုဟင်ဂျာအရေးနဲ့ စပ်လျဥ်းပြီး မြန်မာနိုင်ငံအပေါ် Universal Jurisdiction အရ အရေးယူဆောင်ရွက်တဲ့ အမှုကြားနာမှုကို ပြုလုပ်မှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ပြစ်မှုတွေ၊ အခြားနိုင်ငံသား ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် မိမိနိုင်ငံအတွင်းက တရားရုံးတစ်ခုမှာ ဘာကြောင့်တရားစွဲဆိုခွင့်ရှိတာလဲ။ အဖြေကတော့ တရားစီရင်ပိုင်ခွင့်မူဝါဒတွေထဲက Universal Jurisdiction ကြောင့်ပဲဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ အဆိုပါ Universal Jurisdiction နဲ့ပတ်သက်ပြီး အနည်းငယ် ရှင်းပြသွားပါမယ်။
Universal Jurisdiction ဆိုတာ နိုင်ငံတွေက
ပြစ်မှုကိုဘယ်မှာကျူးလွန်ခဲ့လဲ၊ ပြစ်မှုကျုးလွန်သူ (ဝါ) စွပ်စွဲခံရသူက ဘယ်နိုင်ငံသားလဲ၊ ကျူးလွန်ခံရသူက ဘယ်နိုင်ငံသားလဲ စတာတွေကို မကြည့်ဘဲ ထိုစွပ်စွဲခံရသူက ကြီးမားတဲ့ပြစ်မှုတွေကို ကျူးလွန်တယ်ဆိုရင် ထိုသူအပေါ် တရားစွဲဆိုခွင့်ရှိတဲ့ တရားစီရင်ပိုင်ခွင့်မူဝါဒတစ်ခုဖြစ်ပါတယ်။
ယနေ့အချိန်အခါမှာတော့ Universal Jurisdiction အရ တရားစွဲဆိုနိုင်မယ့် ပြစ်မှုတွေကတော့
(၁) လူမျိုးတုန်း သတ်ဖြတ်မှု၊
(၂) ကျွန်ပြုမှု၊
(၃) ညှင်းပန်းနှိပ်စက်မှု၊
(၄)လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ပြစ်မှုများ၊
(၅) စစ်ရာဇဝတ်မှုများနှင့်
(၆) အကြမ်းဖက်မှုတို့ပဲ ဖြစ်ပါတယ်။
အစောပိုင်းကာလတွေမှာ Universal Jurisdiction အရ
ပထမဆုံးစွဲဆိုခဲ့တဲ့ပြစ်မှုကပင်လယ်ဓားပြမှုတွေပဲ ဖြစ်ပါတယ်။
ပြည်တွင်းတရားစီရင်ရေးစနစ်မှာဆိုရင် အမှုတန်ဖိုး၊ အမှုကျူးလွန်ရာနေရာ၊ အမှုဖြစ်ပစ္စည်း၊ အမှုရဲ့သဘောသဘာဝ စတာတွေပေါ်မူတည်ပြီး အမှုကို ပြည်တွင်းရှိ မည်သည့်တရားရုံးမှာ တရားစွဲဆိုခွင့်ရှိကြောင်း သက်ဆိုင်ရာ ပြစ်မှုဆိုင်ရာကျင့်ထုံး၊ တရားမကျင့်ထုံးဥပဒေများထဲ ထည့်သွင်းဖော်ပြကာ တရားရုံးတွေရဲ့ တရားစီရင်ပိုင်ခွင့် (Jurisdiction) ကို ကန့်သတ်ထားကြပါတယ်။ ပြည်တွင်းတရားရုံးများမှာ ကိုင်တွယ်တဲ့ပြစ်မှုတွေက သာမန်အားဖြင့် ထုထည်မကြီးမားတဲ့အပြင် တရားရုံးတစ်ခုရဲ့ စီရင်ပိုင်ခွင့်ထဲ ထိုပြစ်မှုက မကျရောက်ပေမယ့် အခြားတရားရုံးတစ်ခုက ထိုပြစ်မှုအတွက် စီရင်ပိုင်ခွင့်အာဏာရှိနေတာကြောင့် နစ်နာသူတွေရဲ့အကျိုးအတွက် ကုစားပေးနိုင်လေ့ရှိပါတယ်။
သို့သော် စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု စတဲ့ရာဇဝတ်မှုတွေက ထုထည်ကြီးမားတဲ့အပြင် တစ်ခါတလေ နိုင်ငံရဲ့အာဏာပိုင်တွေ ကိုယ်တိုင် တိုက်ရိုက် (သို့) သွယ်ဝိုက်သောနည်းဖြင့် ပြစ်မှုတွေအတွက် တာဝန်ရှိသူအဖြစ် ဖြစ်နေတတ်တာကြောင့် ထိုပြစ်မှုကြီးတွေအတွက် ပြည်တွင်းတရားရုံးများက အရေးယူရန် မဖြစ်နိုင်တဲ့အခါ International Court of Justice, International Criminal Court စတဲ့ နိုင်ငံတကာတရားရုံးတွေကို မှီခိုအားထားရပါတယ်။ ဒါမှမဟုတ် Universal Jurisdiction ကျင့်သုံးကာ မိမိပြည်တွင်းရှိတရားရုံးမှာပဲ တရားစွဲဆိုလို့ရပါတယ်။
Universal Jurisdiction ကိုထောက်ခံတဲ့သူတွေက ထိုပြစ်မှုတွေက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလံုးကို ဒုက္ခပေးလာနိုင်ချေရှိပြီး ထိုပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ဖို့ဆိုတာ နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်လို့ခံယူကြတယ်။
ဆန့်ကျင်အမြင်ရှိတဲ့ နိုင်ငံတွေကတော့ Universal Jurisdiction က နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို မလေးစားခြင်း၊ ချိုးဖောက်ခြင်းလို့ မှတ်ယူကြတယ်။ ဒီလိုမျိုး ဝိဝါဒကွဲပြားမှုတွေရှိတာကြောင့် Universal Jurisdiction ကိုကျင့်သုံးတဲ့နိုင်ငံ၊ မကျင့်သုံးတဲ့နိုင်ငံဆိုပြီးရှိလာပါတယ်။
နိုင်ငံတွေအနေနဲ့ Universal Jurisdiction ကျင့်သုံးနိုင်ကြောင်းကို Four Geneva Conventions ၊ the 1984 Convention against Torture စတဲ့ နိုင်ငံတကာစာချုပ်အချို့မှာ ဖော်ပြပါရှိပါတယ်။ သို့ပေမယ့် နိုင်ငံတွေက သီးသန့်ဥပဒေတစ်ခု ပြည်တွင်းမှာပြန်လည်ပြဌာန်းကာ Universal Jurisdiction ကျင့်သုံးလေ့ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာ Amnesty International ကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လူမျိုးတုန်း သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ပြစ်မှုများ၊ စစ်ရာဇဝတ်မှု စတဲ့ပြစ်မှုလေးခုထဲမှ တစ်ခုခုအပေါ် နိုင်ငံပေါင်း ၁၆၆ နိုင်ငံထက်မနည်း Universal Jurisdiction ကျင့်သုံးခွင့်ရှိပါတယ်။ ထိုထဲမှာ Australia, Belgium, Canada, Denmark, Finland, Germany, Netherlands, Norway, Senegal, Spain, The United Kingdom, The United States နဲ့ Argentina စတဲ့နိုင်ငံတွေပါဝင်ပါတယ်။ (မြန်မာနိုင်ငံကတော့ အထက်ပါ ပြစ်မှုလေးခုလုံးအတွက် Universal Jurisdiction မကျင့်သုံးပါဘူး။
Universal Jurisdiction ကျင့်သုံး၊ မကျင့်သုံးဆိုတာက တရားစွဲဆိုခွင့်နှင့်သာ သက်ဆိုင်ပြီး တရားစွဲဆိုခံရခွင့်နဲ့တော့ မသက်ဆိုင်ပါဘူး။ မိမိနိုင်ငံက Universal Jurisdiction မကျင့်သုံးသော်လည်း တရားစွဲဆိုခံရနိုင်ပါတယ်။) Argentina ဟာဆိုရင် သူ့နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ပုဒ်မ ၁၈၈ အရ Universal Jurisdiction ကို ကျင့်သုံးကြောင်းကို ဖော်ပြထားပါတယ်။
Universal Jurisdiction ကို ကျင့်သုံးတဲ့အခါမှာ ကျင့်သုံးတဲ့နိုင်ငံတွေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးထားတဲ့ ပြစ်မှုရေးရာ တရားစွဲဆိုခြင်း စံနှုန်းတွေကို လိုက်နာကျင့်သုံးရပါတယ်။ တရားခံလွှဲပြောင်းရေးနဲ့ စပ်ဆိုင်တဲ့ ကိစ္စတွေမှာ နိုင်ငံတစ်နိုင်ငံနဲ့ သူ့ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း တရားခံရဲ့ ဥပဒေအရ ရရှိထားတဲ့အခွင့်အရေးတွေကို လေးစားလိုက်နာပေးရပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံဟာ Universal Jurisdiction ကို နိုင်ငံတကာဥပဒေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို ကောင်းမွန်တဲ့ ရည်မှန်းချက်တွေနဲ့ အတူ ကျင့်သုံးသွားရတာ ဖြစ်ပါတယ်။
Universal Jurisdiction ကိုကျင့်သုံးကာ စီရင်ခဲ့တဲ့ အမှုတွေထဲမှာ ၁၉၆၁ ခုနှစ်တုန်းက ဂျာမန်စစ်တရားခံ အဒေါ့ဖ်အိုက်ခမန်းကို အစ္စရေးနိုင်ငံအတွင်းကတရားရုံးမှာ အရေးယူခဲ့တဲ့အမှုက ထင်ရှားတဲ့ဥပမာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမနီစစ်ရှုံးတဲ့အခါ အာဂျင်တီးနားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အိုက်ခမန်းကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်က ဝင်ရောက်ဖမ်းဆီးပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ ဂျူးလူမျိုးများအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် အစ္စရေးနိုင်ငံအတွင်းက တရားရုံးမှာတရားစွဲဆို အပြစ်ပေးခဲ့ပါတယ်။ ထိုအတွက်လည်း အစ္စရေးက ဥပဒေတစ်ရပ်သီးသန့်ပြဌာန်းကာ Universal Jurisdiction ကိုကျင့်သုံးခဲ့ပါတယ်။ ဂျာမန်စစ်တရားခံတွေကို Nuremberg စစ်ခုံရုံးမှာ အရေးယူပြီး (၁၅) နှစ်ခန့်အကြာမှာ အိုက်ခမန်းကို အစ္စရေးကတရားခွင်မှာ အပြစ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့ အာဂျင်တီးနားတွင် ရိုဟင်ဂျာအရေး ကြားနာမည့်အမှုမှာလည်း Universal Jurisdiction စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း အထက်ပါအမှုနည်းတူ ဖြစ်ပါတယ်။
အဆိုပါ ရိုဟင်ဂျာအရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လာခဲ့ကြတာဖြစ်ပြီး ယနေ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ မှာတော့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ ပြည်ထောင်စု အယူခံတရားရုံးမှာ အမှုကြားနာမှာပဲ ဖြစ်ပါတယ်။ ဒီအမှုကိုတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့နဲ့ လက်တင်အမေရိက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တို့မှ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်အရာရှိများနဲ့ ရိုဟင်ဂျာတို့အပေါ် ဖိနှိပ်ဆက်ဆံသည့် မြန်မာနိုင်ငံသားများအား တရားစွဲဆိုမှု ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာစစ်အင်အားစုရဲ့ ရိုဟင်ဂျာများအပေါ် လူသားမဆန်စွာ ဆက်ဆံမှုများအတွက် နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရန် ရိုဟင်ဂျာများမှ လိုလားလျက်ရှိပြီး နိုင်ငံတကာမှလည်း မြန်မာနိုင်ငံအပေါ် အဆိုဖြစ်စဥ်များအတွက် ဖိအားပေးလျက်ရှိပါတယ်။ အဆိုပါကိစ္စရပ်အား အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှ ကြိုးပမ်းမှုများကိုလည်း အနည်းငယ်ဝေမျှပေးချင်ပါတယ်။
၂၀၁၇ ခုနှစ်၊ မတ်လ မှာ UN Human Rights Council (ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ) မှ FFM (Fact Finding Mission) လို့ခေါ်တဲ့ အချက်အလက်စုဆောင်းရှာဖွေရေးလုပ်ငန်းစဥ်ကို စတင်ခဲ့ပါတယ်။ ဒီအစီအစဥ်ဟာဆိုရင် ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဥ်များအတွက် လိုအပ်တဲ့ မြေပြင်ထောက်လှမ်းစုံစမ်းမှုများ ပြုလုပ်ရန်ဖြစ်ပါတယ်။ အဆိုပါ အစီအစဥ်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလနှင့် နှောင်းပိုင်းများမှာ သက်သေခံအကြောင်းအရာများအတွက် အစီရင်ခံစာများပေါ်ထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာတော့ အပြီးသတ် အစီရင်ခံစာတစ်စောင် ထပ်မံရရှိခဲ့ပါတယ်။
၎င်းနောက်မှာတော့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာပဲ UN Human Rights Council (ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ)မှ IIMM (The Independent Investigative Mechanism for Myanmar) လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာအရေးကိစ္စများကို စုံစမ်းထောက်လှမ်းမယ့် ယန္တရားတစ်ခုကို ထပ်မံအသက်သွင်းခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ အချို့သောကိစ္စရပ်များကို စုံစမ်းဖို့အတွက် အခက်အခဲရှိလာတဲ့အခါမှာတော့ အဆိုပါအမှုကို စုံစမ်းစစ်ဆေးရန် လိုလားသည့် ဒေသတွင်းတရားရုံးတစ်ခုကို လွှဲပြောင်းပေးခဲ့ရာမှ ဂမ်ဘီယာအမှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အမှုကြားနာမှုကို နယ်သာလန်နိုင်ငံရှိ ICJ (International Court of Justice) မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀၊ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တရားရင်ဆိုင်ခဲ့ပါတယ်။ ကြားကာလအစီအမံအဖြစ် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအပေါ် ဆောင်ရွက်ရန်နဲ့ ရှောင်ကြဥ်ရန် အချက် လေးချက် ကို ချမှတ်ခဲ့ပါတယ်။
အဆိုပါ ရိုဟင်ဂျာအရေးဟာ ICJ တရားခွင်တင်မကဘဲ ICC (International Criminal Court) ရဲ့ တရားခွင်သို့ပါ ရောက်ရှိနိုင်ဖို့ရာ ဆောင်ရွက်လျက်ရှိနေပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ICC က မြန်မာ-ဘဂႅလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် စုံစမ်းထောက်လှမ်းခဲ့တာလည်း ရှိပါသေးတယ်။ ထိုအချိန်မှ စတင်ကာ သက်သေခံအထောက်အထား စုဆောင်းမှုတွေပြုလုပ်ပြီး ကျူးလွန်ခဲ့သူတွေကို ဖမ်းဝရမ်းထုတ်နိုင်ရန် ကြိုးပမ်းနေတာလည်းရှိပါတယ်။ UNHRC ရဲ့ IIMM ဘက်မှလည်း လုံလောက်တဲ့ သက်သေခံအထောက်အထား မရရှိခဲ့ပါက ICC ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အကန့်အသတ်ရှိလာမှာဖြစ်တယ်လို့ သုတေသီအချို့က သုံးသပ်ထားပါတယ်။
သို့ပေမယ့် လက်ရှိအခြေအနေအရ ICC ကြားနာမှုအတွက် ကြန့်ကြာနေပြီး အာဂျင်တီးနားတရားရုံး၏ Universal Jurisdiction စနစ်အရ ယနေ့ ကြားနာမည့် အမှုမှာ ICC နဲ့အပြိုင်ပေါ်ပေါက်လာခဲ့ပါတယ်။ ယနေ့မှာတော့ မြန်မာစစ်တပ်၏ ဖိနှိပ်မှုကို ခံစားခဲ့ရသည့် ရိုဟင်ဂျာ ၅ ဦးမှ အာဂျင်တီးနားတရားရုံးမှာ သက်သေထွက်ဆိုမှာပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာ့တစ်ဖက်ခြမ်းမှ ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကြားနာမှုဖြစ်တာကြောင့် တရားလိုရှေ့နေများအနေနဲ့ ကတော့ ခက်ခဲမှာပဲဖြစ်လို့ စီရင်ချက်အတွက် ခန့်မှန်းဖို့ရာ မဖြစ်နိုင်သေးတာအသေအချာပါပဲ။
ဒီလိုမျိုး စီရင်ချက်တွေ ထွက်ပေါ်မလာခင် စပ်ကြားကာလမှာ မြန်မာပြည်သူများအနေနဲ့ ရိုဟင်ဂျာအရေးအတွက် လက်ရှိ မြန်မာစစ်တပ်မှ ရင်ဆိုင်လျက်ရှိသည့် အမှုကြားနာမှုများအကြောင်း သိရှိစေရန် YULSA မှ ဒီဆောင်းပါးနဲ့ ရေးသားမျှဝေပေးလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေတဲ့ အချက်အလက်များကို ကဏ္ဍအလိုက်စုံလင်စွာနဲ့ YULSA “နွေဦးသတင်းစဉ်” ရဲ့
Telegram Channel
https://t.me/NwayOo_thadinsin မှာ
ရယူဖတ်ရှုနိုင်ပါကြောင်း ထပ်ဆောင်းတင်ပြလိုက်ရပါတယ်။💜