26/05/2025
မြန်မာနိုင်ငံတွင် အစုစပ်လုပ်ငန်းအဖြစ် စီးပွားရေးလုပ်ကိုင်ခြင်း (Partnership Act) (Act,9/1932)
* စီးပွားရေးလုပ်ငန်းများတွင် အခြေခံကျသောလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းလုပ်ငန်းများမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium - Size Enterprises) (SME)ပင်ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများနှင့် ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများကလည်း ထိုအသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များကို ငွေထုတ်ချေးပေးခြင်းနှင့် နည်းပညာပံ့ပိုးပေးခြင်းဖြင့် ကူညီပေးလျက်ရှိပါသည်။ ထိုအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသည် ကုန်ကျစရိတ်လျော့ချရန်နှင့် ရိုးရှင်းစွာစီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီထောင်ခြင်းမပြုဘဲ အစုစပ်လုပ်ငန်းများအဖြစ် လုပ်ကိုင်ကြပါသည်။
* အစုစပ်လုပ်ငန်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုကို အရင်းအနှီးထည့်ဝင်ပြီး ပါဝင်သောအစုဝင်အားလုံး (သို့မဟုတ်) ယင်းပါဝင်သော အစုဝင်အားလုံးအနက်မှ မည်သူမဆိုက လုပ်ကိုင်ဆောင်ရွက်ပေးရာမှ ရရှိလာသောအကျိုး အမြတ်ကို မျှဝေခံစားကြသော စီးပွားရေးလုပ်ငန်းပင်ဖြစ်သည်။
* အစုစပ်လုပ်ငန်းအတွင်းဝင်ရောက်ပါဝင်လာသော လူတစ်ယောက်ချင်းစီကို အစုဝင်များ “partners” ဟုခေါ်ပြီး အစုဝင်အားလုံးပါဝင်သည့် လုပ်ငန်းကို အစုစပ်လုပ်ငန်း “a firm” ဟုခေါ်သည်။
* အစုစပ်လုပ်ငန်းများ၏ အားသာချက်များ-
(က) ထူထောင်ရလွယ်ကူခြင်း
(ခ) လွယ်ကူစွာကိုင်တွယ်အုပ်ချုပ်စီမံခန့်ခွဲနိုင်ခြင်း။
(ဂ) လူနည်းစုက စီမံဆောင်ရွက်နိုင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း။
(ဃ) အစုဝင်အားလုံးက ငွေရေးကြေးရေးကိစ္စများတွင် ပူးတွဲတာဝန်ယူဆောင်ရွက်ခြင်း။
(င) အစိုးရ၏ကြီးကြပ်မှုမှ ကင်းလွတ်သဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ခြင်း။
(စ) ကုမ္ပဏီများဖွဲ့စည်းခြင်းထက် ပိုမိုရိုးရှင်းသည့် လုပ်ထုံးလုပ်နည်းရှိခြင်း။
* အစုစပ်လုပ်ငန်း အက်ဥပဒေ (1932)၏ သဘောတရား
(က) နှစ်ဦးထက်မနည်းသူများက စီးပွားကုန်သွယ်ရေးလုပ်ငန်းတစ်ရပ်ကို အကျိုးတူဆောင်ရွက်ခြင်း။
(ခ) ယင်းသို့ဆောင်ရွက်နိုင်ရန် ပဋိညာဉ်တစ်ရပ်ပြုလုပ်ထားခြင်း။
(ဂ) အကျိုးအမြတ်ရရှိလာပါက မျှဝေခံစားရန် ပဋိညာဉ်ပါအတိုင်းသဘောတူညီခြင်း။
(ဃ) အစုစပ်လုပ်ငန်းကို လုပ်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်သူအားလုံး (သို့မဟုတ်) အချို့က အစုဝင်များ၏ ကိုယ်စားလုပ်ကိုင်ကြရန် သဘောတူညီခြင်း။
(င) အစုစပ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသူများသည် တစ်ဦးကိုတစ်ဦးကိုယ်စားပြု၍ ဆောင်ရွက်ကြ ခြင်းဖြစ်သည်။
အစုစပ်လုပ်ငန်းများလုပ်ကိုင်ရာတွင် ဥပဒေအရ စာချုပ်ချုပ်ဆိုရန်မှာ အရေးကြီးပါသည်။
* အစုစပ်လုပ်ငန်းအက်ဥပဒေပုဒ်မ (၁၁) ၏ပြဌာန်းထားချက်အရ အစုစပ်လုပ်ငန်းတွင် ပါဝင်သောအစုဝင်များ၏ တူညီသောအခွင့်အရေးနှင့် တာဝန်များကို အစုဝင်များကြားတွင် ချုပ်ဆိုထားသော ပဋိညာဉ်ဖြင့် သတ်မှတ်ရပါသည်။ ယင်းပဋိညာဉ်တွင် အစုဝင်များက စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ချက်များကို ဖော်ပြထားရ ပါသည်။
* အစုစပ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ ၅ အရ အစုစပ်လုပ်ငန်း၏ အခြေခံသဘောတရားသည် အစုစပ်လုပ်ကိုင် ရန်ချုပ်ဆိုသော ပဋိညာဉ်ဖြင့်သာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးကြားဆက်ဆံရေး အရသော်လည်းကောင်း၊ မိသားစုဝင်ဆက်ဆံရေးအရသော်လည်းကောင်း လုပ်ငန်းအတူလုပ်ရာမှသော်လည်းကောင်း အစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ တစ်နည်းအားဖြင့် အစုစပ်စာချုပ်ချုပ် ဆိုခြင်းမရှိဘဲလုပ်ကိုင်သော လုပ်ငန်းများသည် မိသားစုစီးပွားရေးမျှသာဖြစ်နေမည်ဖြစ်ပြီး အစုစပ်လုပ်ငန်းအက်ဥပဒေအရ အကာကွယ်ကို ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် အစုစပ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစုစပ်စာချုပ်အား ခိုင်မာစွာချုပ်ဆိုထားရန်ဥပဒေအရလိုအပ်ကြောင်း သိထားသင့်ပေသည်။
*ဤအက်ဥပဒေအရ အစုစပ်လုပ်ငန်းများကို မှတ်ပုံတင်လိုကတင်နိုင်ပါသည်။ မှတ်ပုံမတင်ဘဲလည်း နေနိုင်ပါသည်။ အစုစပ်လုပ်ငန်းများကို မှတ်ပုံတင်ပါက ဥပဒေအရလုပ်ပိုင်ခွင့်များရရှိမည်ဖြစ်ပါသည်။ ယင်းမှာ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသော ဥပဒေအရတရားဝင်အဖွဲ့အစည်းဖြစ်လာမည်ဖြစ်သည်။ (Legal Entity Right to sue and be sued)
အစုစပ်လုပ်ငန်းများကို မှတ်ပုံမတင်ပါက ဆုံးရှုံးမည့်အခွင့်အရေးများကို အစုစပ်လုပ်ငန်းအက်ဥပဒေ (ပုဒ်မ- ၆၉) တွင်ပြဌာန်းထားသည်။ (*အရေးကြီးသည့်အတွက် သေချာဖတ်ထားသင့်ပေသည်)
၁။ အစုဝင်များ၏ တရားစွဲဆိုခွင့်ကို ကန့်သတ်ခြင်း (ပုဒ်မ ၆၉ (၁))
မှတ်ပုံတင်မထားသော အစုစပ်လုပ်ငန်းတွင်ပါဝင်သော အစုဝင်တစ်ဦးသည် ထိုအစုစပ်လုပ်ငန်းကို ဖြစ်စေ၊ အခြားအစုဝင်တစ်ဦးကိုဖြစ်စေ တရားစွဲဆို၍ အစုစပ်စာချုပ်မှ အခွင့်အရေးများ (Contractual rights)နှင့် အစုစပ်လုပ်ငန်းအက်ဥပဒေအရ ပေးအပ်ထားသည့်အခွင့်အရေးများကို မည်သည့်တရားရုံးတွင်မှ တောင်းခံခြင်းအား ဤပုဒ်မအရတားမြစ်ထားပေသည်။
*ဆိုလိုသည်မှာ အစုစပ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် မိတ်ဆွေနှင့် အတူပါဝင်မယ့်အဖွဲ့ဝင်များက အစုစပ်စာချုပ်ကိုချုပ်ဆိုထားသော်လည်း ထိုအစုစပ်လုပ်ငန်းကို မှတ်ပုံမတင်ထားသည့်အတွက် အစုစပ်လုပ်ငန်းမှတ်ပုံတင်စာရင်းမှာ မပါဝင်သေး၍ အစုစပ်စာချုပ်ထဲမှာပါတဲ့ မိတ်ဆွေရဲ့ အခွင့်အရေးတွေနဲ့ အစုစပ်လုပ်ငန်းအက်ဥပဒေအရ ပေးအပ်ထားတဲ့ မိတ်ဆွေရဲ့ အခွင့်အရေးတွေကို တရားစွဲဆိုတောင်းခံပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ (စာချုပ်ချုပ်ထားတာပဲဆိုပြီး အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာရင် တရားရုံးတက်ပြီး ဖြေရှင်းခွင့်ကို ဥပဒေအရ ပိတ်ပင်ခံလိုက်ရတာကို ဆိုလိုခြင်းဖြစ်သည်)
၂။ အစုစပ်လုပ်ငန်းမှ ပြင်ပအဖွဲ့အစည်းများကို တရားစွဲဆိုခြင်းကို ကန့်သတ်ခြင်း (ပုဒ်မ ၆၉ (၂))
မှတ်ပုံတင်မထားသော အစုစပ်လုပ်ငန်းသည် စာချုပ်တစ်ခုခုမှဖြစ်ပေါ်လာသော အခွင့်အရေး တစ်စုံတစ်ရာကို တောင်းခံရန်ပြင်ပအဖွဲ့အစည်းများကို တရားစွဲဆိုခွင့်မရှိပေ။ (မှတ်ပုံတင်ထားမှ တရားစွဲဆိုခွင့် ရှိမည်)
* လေ့လာရမည့်စီရင်ထုံးများ
ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅ (၁၉၉၆၊ မတစ၊ စာ-၁၁၈၅)
ဟူစိန်ဘတ်(စ်) နှင့် ဒေါ်စန်းတင့် (၁၉၇၈၊မတစ၊ စာ-၁၁၈)
Act 1932
#အစုစပ်လုပ်ငန်း #အစုစပ်လုပ်ငန်းအက်ဥပဒေ
Legal Counsel in Myanmar