03/08/2025
"တရုတ်ရိုးရာ တစ္ဆေပွဲတော်နှင့် ဘိုးဘေးကန်တော့ပွဲ"
၂၀၂၅ မှာတော့ August လ၊ ၂၃ ရက် မှ တရုတ်ရိုးရာ ၇ လပိုင်း တစ္ဆေကြီးပွဲတော်နှင့် ဘိုးဘေးကန်တော့ပွဲလ စတင်ပြီး
"September လ, ၆ ရက်နေ့" ဟာ တရုတ်ရိုးရာတစ္ဆေကြီးပွဲတော်လပြည့်နေ့ ဖြစ်ပါတယ်။
တရုတ်ရိုးရာကန်တော့ပွဲ 中元節 Zhōng yuán jié (ကျုံးယွမ်ကျယ်) ကို 盂蘭盆節 yúlánpén jié (ယွီလန်ဖန်းကျယ်) လို့လဲ ခေါ်ပါတယ်။ အင်္ဂလိပ်လိုတော့ Hungry Ghost Festival လို့ ခေါ်ပါတယ်။ တစ္ဆေကြီးပွဲ (တစ္ဆေကန်တော့ပွဲ မဟုတ်ပါ) တာအို (တောက်) ဘာသာအရ မိုးမြေရေသခင်တွေ ရှိရာမှာ 中元節 Zhōng yuán jié ဟာ 地官誕 မြေအရှင်သခင်ရဲ့ မွေးဖွားတဲ့နေ့လို့ ဆိုပါတယ်။ မကျွတ်မလွတ်သော ပြိတ္တာများ သရဲတစ္ဆေများ၏ အပြစ်ကို လျော့ချပေးတဲ့ ရက်လဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာတော့ 佛歡喜日 ဗုဒ္ဓမြတ်စွာ ဝမ်းမြောက်တော်မူသောနေ့၊ 僧自恣日 ရဟန်းသံဃာတို့ အာပတ်ဖြေသောနေ့ (盂蘭盆節 yúlánpén jié ဝါကျွတ်ပွဲ) နေ့လဲ ဖြစ်ပါတယ်။ အရှေ့အာရှ ရိုးရာကိုးကွယ်မှု ဓလေ့ပွဲ အချို့လဲ ပြုလုပ်ကြပါတယ်။
တရုတ်ဗုဒ္ဓဘာသာမှာ ရဟန်းတော်များဟာ 結夏安居 ဝါကျွတ်တဲ့အခါမှာ ဝါတွင်း ၃လလုံး အပြင်မထွက် တရားကျင့်ကြပြီး ဝါကျွတ်အခါမှာ မြတ်စွာဘုရားရှင်ထံ မိမိတို့ တရားတိုးတက်မှု လျောက်ထားတဲ့အခါမှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဝမ်းမြောက်စွာ သာဓုခေါ်တဲ့အတွက် 佛歡喜日 ဗုဒ္ဓမြတ်စွာ ဝမ်းမြောက်တော်မူသောနေ့လို့ သတ်မှတ်ထားပါတယ်။ ရဟန်းသံဃာများဟာလဲ ဝါတွင်းကာလ မိမိမှားတာရှိလျှင် အဖော်ရဟန်းများထံ အာပတ်ဖြေကြသောကြောင့် 僧自恣日 ရဟန်းသံဃာတို့ အာပတ်ဖြေသောနေ့လဲ ဖြစ်ပါတယ်။ လူအများဟာလဲ ဝါကျွတ်မှာ 供僧衣節 ကထိန်ခင်းပြီး ဝါဖြေရဟန်းတော်များ လိုအပ်သည့် သင်္ကန်းကပ်လှူပြီး ရရှိသည့် ကုသိုလ်ကို မိမိတို့ မိဘများကို ရည်စူးပြီး အမျှဝေခြင်းဖြင့် ကျေးဇူးဆပ်ခြင်းလဲ ဖြစ်ပါတယ် ထို့နောက်မှ တမလွန်ဘဝမှ မကျွတ်လွတ်သူများကို ရည်စူးကာ အမျှဝေပေးရပါတယ်။
အရှင်မဟာမောဂ္ဂလန် မိခင်ကို ကယ်တင်ခြင်း (目連救母)
အရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်ကြီး မိခင်ကြီးဟာ ပြိတ္တာဘ၀ ရောက်နေကြောင်း ကိုယ်တော်မြတ်ကြီး သိတဲ့အခါ သူဟာ တန်းခိုးအရာ၌ ဧတဒဂ်ဘွဲ့ရထားသော ပုဂ္ဂိုလ်ပီပီ တန်ခိုးနှင့် သပိတ်အပြည့် ဆွမ်းထည့်ပြီး ပြိတ္တာဘ၀ ရောက်ရှိနေသော အမေကိုကျွေးပါတယ်။ သူ့မိခင် အကုသိုလ်ကံကြောင့် တန်ခိုးဖြင့် ဖန်ဆင်ထားသော သပိတ်ထဲရှိ ဆွမ်းတို့သည် မီးလျံအပြည့် ဖြစ်သွားပါတော့တယ်။ ရှင်မဟာမောဂ္ဂလန်က မြတ်စွာဘုရားကို သွားလျောက်ပါတယ်။ မြတ်စွာဘုရားရှင်က ရဟန္တာများကို စုဝေးစေပြီး သပိတ်များအတွင်း သောက်ရေကို အနန္တပြိတ္တာများထံ စွန့်ကြဲပြီး ရသောကုသိုလ်ကို ရှင်မောဂ္ဂလန်မိခင်ကို ရည်စူးကာ ပေးလှူကြပါတယ်။
ရှင်မဟာမောဂ္ဂလန်ကိုယ်တိုင် ဝါထွက်ဝါဖြေ ရဟန္တာများကို ရေချိုးအသုံးအဆောင်နှင့် သစ်သီးများ ကပ်လှူပေးပြီး မိခင်ကြီးကို သာဓုခေါ်စေပါတယ်။ ထိုမှကျွတ်လွတ်ကာ ခွေးဘဝရောက်သွားပြီး ထပ်မံဘဝကူးပြီးမှ ကောင်းရာမွန်ရာဘဝသို့ ဆက်ကူးသွားပါတော့တယ်။
ဒီလိုနဲ့ 盂蘭盆節 Zyúlánpén jié ယွီလန်ပန်ပွဲတော်ကို ကုသိုလ်ပြု ပွဲတော် အနေနဲ့ လုပ်ကြပါတယ်။
ဒီပွဲတော်ဟာ တရုတ်ရိုးရာ ၇ လပိုင်းမှာ ဖြစ်ပြီး တရုတ်တို့က တစ္ဆေလ ဟုခေါ်သည်။
၇ လ ၁၅ ရက် လပြည့်နေ့၌ တစ္ဆေတို့ကို စွန့်ကြဲကျွေးမွေးသည့် ယွီလန်ပန်ပွဲတော်ကို ကျင်းပကြပါတယ်။ ၇ လပိုင်း တလလုံး တရုတ်တို့သည် ကွယ်လွန်သူ မိဘဘိုးဘွားများကို ကျေးဇူးဆပ်သည့်ပွဲတော် အထွတ်မြတ်နေ့နှင့် အစည်ကားဆုံးနေ့မှာ ၇ လပိုင်း လပြည့်နေ့ ဖြစ်သောကြောင့် ထိုပွဲကို ရှီးယွဲ့ပန့် 七月半 ပွဲ ဟုလည်း ခေါ်ကြပါတယ်။
၇ လပိုင်း၌ တရုတ်လူမျိုးတို့အတွက် ဆောင်ရန်ရှောင်ရန်ကိစ္စများ ရှိကြပါတယ်။
ဆောင်ရန်/ရှောင်ရ
၁။ ညအချိန် တီးခေါက်ခြင်း မပြုလုပ်သင့်ပေ။
၂။ မြစ်ချောင်း ရေအိုင်များတွင် ရေကူးခြင်းကို ရှောင်ရှားရပါမယ်။ အဘယ့်ကြောင့်ဆိုသော် ထိုလအတွင်း တစ္ဆေတို့သည် သူတို့၏ ဒုက္ခများမှ လွတ်မြောက်ပြီး တဖန် ပြန်လည်မွေးဖွားအောင် လူတို့အား ရေထဲသို့ ဆွဲချကာ ရေနှစ်အောင် ပြုလုပ်လေ့ ရှိသည်ဟု ယုံကြည်ကြပါတယ်။
၃။ ထိုလအတွင်း နေအိမ်သစ် ပြောင်းရွေ့ခြင်း စီးပွားရေးအသစ် လုပ်ကိုင်ခြင်း မင်္ဂလာဆောင်ခြင်းတို့ကို ရှောင်ရှားရမည်။
၄။ ညအချိန် အဝတ်အစားများကို အိမ်အပြင်၌ ထုတ်လှန်းခြင်း မပြုလုပ်သင့်ပေ။
၅။ ထိုလအတွင်း လမ်းပေါ်မှာ ကျနေတဲ့ ဒင်္ဂါးပြား ပိုက်ဆံများကို တွေ့ရှိပါက အိမ်သို့ ယူဆောင်လာခြင်း မပြုလုပ်သင့်ပေ။
၆။ တကယ်လို့ ညအချိန် အိမ်ပြန်နောက်ကျသည့် အခါတွင် လမ်းနံဘေး သို့မဟုတ် မတော်တဆမှု ဖြစ်ပွားခဲ့သည့် နေရာမျိုးတွင် အကူညီပေးရန် တောင်းပန်သည့် အသံမျိုးကြားလာခဲ့လျှင် မမြင်အပ်သော သူတို့အား လိုက်လံနှောင့်ယှက်ခြင်း မပြုရန် ထိုနေရာ၌ တောင်းပန်ခဲ့ပါ။
၇။ ထိုလအတွင်း အနီရောင် ဝတ်ဆင်ခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် အနီရောင်ဝတ်စုံ ဝတ်ဆင်ပြီး ညအချိန် လမ်းလျှောက်ခြင်းမျိုးကို လုံးဝ မပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် အနီရောင်သည် တစ္တေတို့ကို စွဲဆောင်မှု ဖြစ်စေပါတယ်။
၈။ ထိုလအတွင်း ညအချိန် သီချင်းဆိုခြင်း လေချွန်ခြင်း မပြုလုပ်သင့်ပါ။ တစ္ဆေတို့ကို စွဲဆောင်မှု ဖြစ်စေပါတယ်။
၉။ အိမ်ပြန်တဲ့အခါ နံရံတွေနဲ့ ခပ်ဝေးဝေးကသာ သွားသင့်ပါတယ်။ တစ္ဆေတွေဟာ နံရံတွေကနေ ဖြတ်သွားရခြင်းကို နှစ်သက်လို့ပါ။
၁၀။ တကယ်လို့ သင်ဟာ တစ္ဆေပွဲတော်လမှာ မွေးခဲ့တဲ့သူဆိုလျှင် သင့်မွေးနေ့ပွဲကို ညနေခင်းပိုင်း ကျင်းပတာကို ရှောင်ရှားသင့်ပါတယ်။ နံနက်ပိုင်း မွေးနေ့ပွဲ ကျင်းပခြင်းဟာ သင့်အတွက် အကောင်းဆုံးပါပဲ။
၁၁။ ည ၁၂ နာရီကျော် အပြင်ထွက်ခြင်းကို ရှောင်ကြည်သင့်ပါတယ်။ တစ္ဆေ ပွဲတော်လမှာ တစ္ဆေတွေဟာ အစာလိုက်တောင်းတာတွေ သင့်ကို ကမ်းလှမ်းတာမျိုးတွေ ပြုလုပ်လေ့ ရှိပါတယ်။
၁၂။ အိမ်ထဲ၌ ထီးမဖွင့်ကောင်းပါ။ ဝိညာဉ်တွေ ခိုအောင်းနေတတ်ပါတယ်တဲ့။
၁၃။ အိပ်ခန်းအတွင်းရှိ မှန်ကို မျက်နှာမူပြီး မအိပ်စက်သင့်ပါ။
၁၄။ ညအချိန် ခေါင်းမဖြီးရပါ။
၁၅။ ဆံပင်ကို မျက်နှာမပေါ်အောင် ရှေ့ချမထားရပါ။
၁၆။ တရုတ်လ ၇ လပိုင်းတစ်ခုလုံး ထိမ်းမြားလက်ထပ်ခြင်းမပြုရပါ။
၁၇။ ကန်တော့ပွဲတွင် အသုံးပြုမည့်ပစ္စည်းများကို ခြေထောက်ဖြင့် မကန်အပ်ပေ။
၁၈။ ညအချိန် ဓာတ်ပုံမရိုက်ရပါ။
၁၉။ သရဲခေါ်သောဂိမ်းများ မဆော့ရ။
၂၀။ ည ၁၂ နာရီအချိန် Bus ကားမှတ်တိုင်များတွင် မရပ်သင့်ပါ။
၂၁။ လက်သည်းကို အနက်ရောင်မဆိုးရ။
၂၂။ ထမင်းပန်ကန်ထဲ တူကိုစိုက်၍ မထားကောင်းပါ။
၂၃။ စီးပွားရေးလုပ်ငန်းအသစ်များကို တိုးချဲ့ခြင်း၊ အိမ်/ကားများကို ၇ လပိုင်းအတွင်း ဝယ်ယူခြင်းများ မပြုလုပ်သင့်ပါ။
၂၄။ မွေးကင်းစကလေးငယ်များကို ညနေ ၅ နာရီကျော်ပါက အပြင်သို့ ခေါ်ဆောင်သွားခြင်းမပြုရပါ။
၂၅။ ပွဲလမ်းသဘင်များ ကြည့်ရှုရာတွင် အရှေ့ဆုံးခုံတွင် မထိုင်ရ။
၂၆။ ညအချိန် ကျယ်လောင်စွာ ငိုကြွေးခြင်း၊ ဆူညံစွာ ဆော့ကစားခြင်းမျိုး မပြုလုပ်ရပါ။
ထိုလ၌ မီးလောင် ရေကြီး ငလျှင်လူပ် ကပ်ရောဂါဖြစ်ခြင်းများ ဖြစ်နိုင်၍ ကြိုတင် ကာကွယ်မှုများ ပြုလုပ်လေ့ ရှိကြပါတယ်။ ထိုအချိန်သည် ပြိတ္တာတို့အဖို့ ဆွေမျိုးများ ပြုသည့် ကုသိုလ်ကို ခံစားကြသလို၊ လေလွင့်ပြိတ္တာတို့အဖို့လဲ စားသောက်ခွင့် ရကြပါတယ်။ တိုက်ဆိုင်မှုအနေနဲ့ တာအိုဘာသာအယူအရ ထိုကာလတွင် ငရဲနဲ့ ပြိတ္တာဘုံတံခါးကို ဖွင့်ပြီး ငရဲသား၊ ပြိတ္တာဘုံသားတွေကို အပြစ်လျော့ပြီး လူ့ပြည်တက် သာဓုခေါ်၊ စွန့်ကြဲမှုတွေ လက်ခံရယူနိုင်တဲ့ အခါသမယလဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေနှင့် မိဘဘိုးဘွားများအတွက် အထူးရည်စူးပြီး ဝါဖြေရဟန်းသံဃာတော်တို့ကို ကထိန်ခင်းပြီး၊ သင်္ကန်း၊ ဆွမ်းဆေးလှူဒါန်းကုသိုလ်ပြု အမျှဝေပြီး မကျွတ်မလွတ်သေးသူများ ဘဝကူးစေသည့် ကာလဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဝါဒသည်လည်း မိဘဘိုးဘွားများ၏ ကျေးဇူးများကို အလေးထားသည် ဖြစ်ရာ ကုသိုလ်ပြု ကျေးဇူးဆပ်သည့် ကာလလည်း ဖြစ်နေပါသေးတယ်။ ထို့ကြောင့် တရုတ်ရိုးရာကန်တော့ပွဲ ကုသိုလ်ပြုပွဲ 中元節 သည် ဗုဒ္ဓဘာသာ၊ တာအို၊ ကွန်ဖြူးရှပ် ဘာသာကြီး ၃ ရပ် အတွက် အထူးအရေးပါ မွန်မြတ်လှသည့် ရိုးရာတစ်ရပ်ပဲ ဖြစ်ပါတော့တယ်။
清明節 ချင်းမင်ကျယ် (တရုတ်သင်္ချိုင်းကန်တော့ပွဲ) နှင့် 中元節 ကျုံးယွမ်ကျယ် (တရုတ်ရိုးရာ တစ္ဆေပွဲတော်) ကွာခြားချက်မှာ ချင်းမင်ကျယ်တွင် ကိုယ့်ထက် အသက်အရွယ်ဝါကြီးသူများကိုသာ ကန်တော့ကြရပြီး ကျုံးယွမ်ကျယ်မှာတော့ မိမိနှင့် အသက်တူရွယ်တူ၊ ငယ်ရွယ်သူများကိုပါ ကန်တော့ကြပါတယ်
Credit