BNT - အထက်တန်းရှေ့နေ

BNT - အထက်တန်းရှေ့နေ ▪️ဥပဒေရေးရာအထွေထွေဆွေးနွေးရာ

03/09/2026

❑ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)
သိကောင်းစရာများ
(ပြည့်စုံသော ရှင်းလင်းချက်)
❉
❍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ) သည် ဆက်သွယ်ရေးကွန်ရက် (သို့မဟုတ်) လူမှုကွန်ရက် (Social Media) အသုံးပြုမှုမှတစ်ဆင့် ပေါ်ပေါက်လာသော ပြစ်မှုကျူးလွန်ခြင်းများကို အဓိကထား၍ ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်၍ အရေးယူနိုင်ပါသည်။
________________________________________

၁။ ပြစ်မှုမြောက်သော အဓိကလုပ်ရပ်များ
❍ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အောက်ပါ ပြစ်မှုများ ကျူးလွန်ပါက ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်။

▪️ (က) ခြောက်လှန့်တောင်းယူခြင်း
❍ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ ပစ္စည်း၊ ငွေကြေး သို့မဟုတ် အခြားအကျိုးအမြတ်တစ်ခုခုကို ရယူရန် ရည်ရွယ်၍ ခြိမ်းခြောက်ပြီး တောင်းယူခြင်း။
• ဥပမာ
⊕ အွန်လိုင်းကွန်ရက် (Video Call သို့မဟုတ် Chat) မှ ရရှိထားသော လျှို့ဝှက်ဓာတ်ပုံ/ဗီဒီယိုများကို ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခြင်း။
⊕ ကွန်ပျူတာစနစ်အတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ အရေးကြီး Data Files များကို ပိတ်ဆို့ထားပြီး ငွေညှစ်ခြင်း (Ransomware)။
⊕ Website/Social Media Account ကို ခိုးဝင်ထိန်းချုပ်ပြီး Account ပြန်မပေးဘဲ ပိတ်ဆို့ထားခြင်း။

▪️(ခ) အသရေဖျက်ခြင်း (Defamation)
❍ အင်တာနက်/ကွန်ရက်ကို အသုံးပြု၍ တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာကို အတိအလင်း ထိခိုက်စေသည့် မှားယွင်းသော သို့မဟုတ် ပုဂ္ဂလိကဆန်သော စွပ်စွဲချက်များ ကို လူအများသိအောင် ထုတ်ပြန်ခြင်း။
• ဥပမာ:
⊕ ယခင်ချစ်သူ/အိမ်ထောင်ဖက် သို့မဟုတ် တစ်စုံတစ်ဦး၏ အလွန်ပုဂ္ဂလိကဆန်သော၊ အရှက်ရစေမည့် အဖြစ်အပျက်များကို Facebook Live/Post များဖြင့် အများသိအောင် ဖော်ထုတ်ခြင်း။
⊕ လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လူတစ်ဦးချင်းစီကို အမည်တပ်၍ ဆဲဆိုခြင်း သို့မဟုတ် မဟုတ်မမှန် စွပ်စွဲခြင်း။
⊕ အမှန်တရားဖြစ်သော်လည်း၊ ၎င်းကို အများပြည်သူအကျိုးမဟုတ်ဘဲ ပုဂ္ဂလိက နစ်နာမှုအတွက် ဖော်ထုတ်ခြင်း။

▪️ (ဂ) နှောင့်ယှက်ခြင်း
❍ ကွန်ရက်ကို အသုံးပြု၍ တစ်စုံတစ်ဦးအား စိတ်အနှောင့်အယှက်ဖြစ်စေရန်၊ စိတ်ဖိစီးမှုပေးရန် သို့မဟုတ် ၎င်း၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ထိခိုက်စေရန် အကြိမ်ရေများစွာ ပြုလုပ်သော မလိုလားအပ်သည့် ဆက်သွယ်မှုများနှင့် အပြုအမူများ။
• ဥပမာ:
⊕ လူမှုကွန်ရက်ပေါ်ရှိ Post တိုင်းတွင် မုန်းတီးမှုအခြေခံသည့် စကားလုံးများ၊ ဆဲဆိုမှုများဖြင့် အဆက်မပြတ် လိုက်လံမှတ်ချက်ပေးနေခြင်း။
⊕ တစ်ဖက်လူက အကြိမ်ကြိမ် ငြင်းဆန်ထားသည့်တိုင် အချိန်မတော် မလိုလားအပ်သော မက်ဆေ့ခ်ျ သို့မဟုတ် Call များဖြင့် နေ့စဉ်မပြတ် ဆက်သွယ်နေခြင်း (Cyberstalking)။

▪️(ဃ) ခြိမ်းခြောက်ခြင်း
❍ ကွန်ရက်ကို အသုံးပြု၍ တစ်စုံတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကို အကြီးအကျယ် နစ်နာစေရန် သို့မဟုတ် ပိုင်ဆိုင်မှုကို ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ကြိမ်းဝါးပြောဆိုခြင်း။
• ဥပမာ:
⊕ အွန်လိုင်း Message Box မှတစ်ဆင့် "ငါ မင်းကို လာပြီး ရိုက်နှက်မယ်" သို့မဟုတ် "မင်းကို သတ်ပစ်မယ်" ဟူ၍ တိုက်ရိုက် ရေးသားခြင်း။
⊕ ငွေကြေးအငြင်းပွားမှုတစ်ခုတွင် "ငွေမပေးရင် မင်းရဲ့ အိမ်/ကားကို မီးရှို့ပစ်မယ်" ဟု ခြိမ်းခြောက်စာပို့ခြင်း။
________________________________________
၂။ ပုဒ်မ ၆၆(ဃ)၏ သက်ရောက်မှု
❍ ပုဒ်မ ၆၆(ဃ) သည် အောက်ပါ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်စေရမည်။
• (က) ပြည်တွင်း
⊕ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ မည်သည့်ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းနှင့်မဆို သက်ဆိုင်သည်။
• (ခ) ပြည်ပ
⊕ ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများ နှင့်လည်း သက်ဆိုင်သည်။
(ဆိုလိုသည်မှာ နိုင်ငံခြားတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြည်တွင်းမှ သို့မဟုတ် ပြည်ပမှ အခြားတစ်ဦးကို အွန်လိုင်းမှတစ်ဆင့် ပြစ်မှုကျူးလွန်လျှင် ဤဥပဒေဖြင့် အရေးယူခံရနိုင်သည်)။
________________________________________

၃။ ပြစ်ဒဏ်
❍ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ အထက်ပါပြစ်မှုများ ကျူးလွန်ကြောင်း ထင်ရှားပါက
⊝ ထောင်ဒဏ် (၂) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
⊝ ငွေဒဏ် ကျပ် (၁၀) သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊
⊝ ဒဏ်နှစ်ရပ်လုံး ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည်။
_______________________________________
အချုပ်အားဖြင့်
❍ ဆက်သွယ်ရေးကွန်ရက်နှင့် လူမှုကွန်ရက်များ အသုံးပြု၍ ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့်လုပ်ရပ်များ ကျူးလွန်ခြင်းသည် ဆက်သွယ်ရေးဥပဒေအရ ပြစ်မှုမြောက်ပါသည်။
❍ ပြောဆိုသည့် အချက်အလက်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ပြောဆိုသည့်ပုံစံ၊ အကြိမ်ရေနှင့် ရည်ရွယ်ချက် သည် ကြောက်ရွံ့မှု၊ စိတ်ဒုက္ခ သို့မဟုတ် အန္တရာယ် တစ်ခုခုဖြစ်စေရန် ဖန်တီးပေးခြင်း ဖြစ်နေပါက ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။

[ ဥပဒေရေးရာအထွေအထွေ ဆွေးနွေးရာ]

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး၍ လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။

#၆‌၆ဃ #ပုဒ်မ၆၆ #ဆက်သွယ်ရေးဥပဒေ #ပုဒ်မ #အသရေဖျက်မှု #ရှေ့နေ #ဥပဒေ #ခြိမ်းခြောက် #နှောင့်ယှက်

➪ ဘာသာကူးပြောင်း သက်ဝင်ရုံဖြင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း အထမြောက်ပါသလား၊ တရားဝင်ပါသလား?  ဘာသာတရား၏ ထုံးတမ်းစဉ်လာအတ...
30/08/2026

➪ ဘာသာကူးပြောင်း သက်ဝင်ရုံဖြင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း အထမြောက်ပါသလား၊ တရားဝင်ပါသလား? ဘာသာတရား၏ ထုံးတမ်းစဉ်လာအတိုင်း သက်ဆိုင်ရာ သာသနာ့ပုဂ္ဂိုလ်များရှေ့မှောက်၌

❝
မိမိယုံကြည်နှစ်သက်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်သက်ဝင်ခြင်း၊ ဘာသာဝင်အဖြစ် ခံယူခြင်းဖြင့် မိမိ၏ စိတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်ရာ ဘာသာရေးအသင်းအဖွဲ့အတွင်း၌ ဘာသာဝင်ဖြစ်သွားသော်လည်း၊
တရားဝင် ဥပဒေရေးရာ ကိစ္စရပ်များတွင်မူ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ" အရ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိပါက ဥပဒေအရ အထမမြောက်ပါ။
❞
⊛ အိမ်ထောင်ခန်း၊ အမွေဆက်ခံခြင်းနှင့် အခြား ဥပဒေဆိုင်ရာ အခွင့်အရေးများတွင် ဘာသာရေးထောက်ခံစာ သို့မဟုတ် အရပ်သဘော ဆောင်ရွက်ချက်များကို ဥပဒေက အသိအမှတ်မပြုပါ။ ကိုးကွယ်ရာဘာသာအပေါ် အတည်ပြုချက်သည် ဥပဒေပါ လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထား၍ တရားဝင် ဆောင်ရွက်ထားမှသာ အထမြောက် တရားဝင်ပါသည်။

❐ အဘယ်ကြောင့် ဥပဒေအတိုင်း ဆောင်ရွက်ရန် လိုအပ်သနည်း
၁။ ထိမ်းမြားလက်ထပ်မှု တရားဝင်ရေး
⊛ ထိမ်းမြားလက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းတို့သည် ကာယကံရှင်တို့၏ ကိုးကွယ်ရာဘာသာအပေါ် မူတည်၍ ဓလေ့ထုံးတမ်းအရသော်လည်းကောင်း၊ သီးခြားဥပဒေအရသော်လည်းကောင်း နည်းလမ်းတကျ ဆောင်ရွက်မှသာ တရားဝင်ပါသည်။

ဘာသာတူ ထိမ်းမြားမှုကို သက်ဆိုင်ရာ ဓလေ့ထုံးတမ်းအတိုင်း ဆောင်ရွက်ခြင်းကို ဥပဒေအရ အသိအမှတ်ပြုသော်လည်း၊ ဘာသာမတူသူများ ထိမ်းမြားပါက ဥပဒေပါ နည်းထုံးအတိုင်း ဆောင်ရွက်ရန် အထူးဂရုပြုရမည်။
◆ ဥပမာ - ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၆ အရ ခရစ်ယာန်နှင့် ဘာသာခြားသည် ဘာသာကူးပြောင်းစရာ မလိုဘဲ ဥပဒေအတိုင်း နည်းလမ်းတကျ ထိမ်းမြားနိုင်ပါသည်။
◆ သို့သော် ဘာသာရေးဓလေ့အရ ထိမ်းမြားရန်အတွက် ဘာသာခြားက အခြားဘာသာသို့ အရပ်သဘော/ဓလေ့အရ ကူးပြောင်းလိုက်ရုံဖြင့် ဥပဒေကြောင်းအရ အထမမြောက်ပါ။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်မှသာ တရားဝင်မည် ဖြစ်ပါသည်။

၂။ အမွေဆက်ခံခွင့်နှင့် ဓလေ့ထုံးတမ်း
⊛ မြန်မာနိုင်ငံတွင် ဘာသာရေးအပေါ် မူတည်၍ သက်ဆိုင်ရာ ဓလေ့တုံးတမ်းများ (ဥပမာ - မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ မိုဟာမေဒင်ဥပဒေ) ကွဲပြားသွားသဖြင့် အမွေခွဲဝေမှုနှင့် လင်မယားကွာရှင်းမှုများတွင် တရားဝင် ဘာသာကူးပြောင်းထားသည့် မှတ်ပုံတင်လက်မှတ်ကိုသာ တရားရုံးများက အတည်ပြု စိစစ်ပါသည်။

❐ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ အဓိက လိုအပ်ချက်များ
၂၀၁၅ ခုနှစ်၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ အရ ဘာသာကူးပြောင်းလိုသူသည် -
အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
မိမိ၏ လွတ်လပ်သော သဘောဆန္ဒအတိုင်း စိတ်ပါလက်ပါ ကူးပြောင်းလိုခြင်း ဖြစ်ရမည်။
သက်ဆိုင်ရာ မြို့နယ်စိစစ်မှတ်ပုံတင်ရေးအဖွဲ့ရုံး (မြို့နယ်သာသနာရေးမှူးရုံး သို့မဟုတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန)၊ ပြည်ပတွင်ဖြစ်ပါက သက်ဆိုင်ရာသံရုံး ထံ လျှောက်ထား၍ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ သက်သေခံလက်မှတ်" ကို တရားဝင် ရယူရမည်။

အဆိုပါ တရားဝင် အသိအမှတ်ပြု သက်သေခံလက်မှတ် ရရှိမှသာ မိမိပြုမူလိုသော ဥပဒေရေးရာ ကိစ္စရပ်များကို နည်းထုံးတကျ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

❐ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းမှုများနှင့် ကိုးကွယ်မှုအတွက် အရပ်သဘော နှစ်ခြင်းခံယူခြင်း သို့မဟုတ် ဘာသာဝင်အဖြစ် ခံယူခြင်းတို့ဖြင့် ဘာသာရေးအရ လုံလောက်သော်လည်း၊ ထိမ်းမြားလက်ထပ်မှု၊ အမွေဆက်ခံမှုနှင့် ဓလေ့ထုံးတမ်းဥပဒေဆိုင်ရာ အကျိုးဆက်များ တရားဝင် ရရှိစေရန်အတွက်မူ ဥပဒေပါ လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင် မှတ်ပုံတင်ထားရန် မဖြစ်မနေ လိုအပ်ပါသည်။

BY BNT - အထက်တန်းရှေ့နေ

#ကိုးကွယ်ရာဘာသာ #ဘာသာကူးပြောင်းခြင်း #ဘာသာခြား #ထိမ်းမြား #လက်ထပ်

❏ ㋡ “အပြုံးလှလှတွေကြားထဲက မိုးခါးရေနဲ့အတူ ‘လွယ်ကူပါတယ်’ ဆိုတဲ့ အာမခံချက်တွေနဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာ လုံပါးပါးနေကြရသည့်...
26/08/2026

❏ ㋡ “အပြုံးလှလှတွေကြားထဲက မိုးခါးရေနဲ့အတူ ‘လွယ်ကူပါတယ်’ ဆိုတဲ့ အာမခံချက်တွေနဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာ လုံပါးပါးနေကြရသည့် နောက်ဆုံးဘူတာ၏ ပြည်သူများ”㋛

❝ ​ဥပဒေသင်တန်း၊ အိမ်ခြံမြေသင်တန်း တိုတိုလေးတွေ အနည်းအကျဉ်း တက်ဖူးရုံနဲ့ မိမိကိုယ်ကို အရောင်းအဝယ် ပညာကဏ္ဍမက ဥပဒေကဏ္ဍအထိပါ ပညာရှင်ကြီးတွေလို ဟန်ဆောင်ပြီး စာချုပ်ချုပ်ပေး၊ ဝေဖန်ဆွေးနွေးပေးနေကြတဲ့ ခေတ်ပါ။ ထို့အပြင် တရားရုံး၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး သဖွယ် ဂုဏ်ယူဝံ့ကြွားနေကြသည့် ရပ်/ကျေးရုံးများ။❞

❛ ဥပဒေ တစ်မျိုးလောက်တောင် အဆုံးထိအောင် ဖတ်ဖူးကြရဲ့လား?” လို့ပဲ မေးချင်မိပါတယ်။❜

☗ ​ပိုပြီး ရင်လေးစရာကောင်းတာက
ရှေ့နေအချို့ဆိုသူတွေလည်း အကျိုးဆောင် ပွဲစားတွေရဲ့ ချိတ်ဆက်မှုအောက်မှာ ဝန်ဆောင်ခ ရရှိရေးကိုပဲ ရှေးရှုသွားကြပြီး မိမိကို ယုံကြည်အပ်နှံထားတဲ့ အမှုသည် (Client) ရဲ့ အနာဂတ် ရတတ်အေးမှုကို မေ့လျော့နေကြတာပါပဲ။

☗ ​ဒီလို အခြေအနေတွေကြားမှာ
ဥပဒေစာအုပ်ကြီးနဲ့ မိမိ Client ရဲ့ အကျိုးကို စနစ်တကျ ခုခံကာကွယ်ပေးနေတဲ့ ရှေ့နေတွေကိုကျတော့ အကျိုးဆောင် ပွဲစားတွေနဲ့ ပြည်သူတွေက “အိမ်ခြံမြေရှေ့နေ” ၊ “အမှုလိုက်ရှေ့နေ” ဆိုပြီး အမျိုးအစား (၂) မျိုးတောင် ခွဲခြားမြင်ကြပြန်ပါတယ်။

အမှန်တော့ မြန်မာနိုင်ငံမှာ ရှေ့နေဆိုတာ တစ်မျိုးတည်းပဲ ရှိပါတယ်။ ​"ရှေ့နေရှေ့ရပ် (အထက်တန်းရှေ့နေ နဲ့ တရားလွှတ်တော်ရှေ့နေ) ဘာကွာလဲ" မေးရင် -
▪​ဥပဒေဘွဲ့ရ အလုပ်သင်ဆင်းပြီးနောက် လိုင်စင်ရရှိလျှင် အထက်တန်းရှေ့နေ (HGP) အဖြစ် စတင် တာဝန်ထမ်းဆောင်ရပါသည်။
▪​အထက်တန်းရှေ့နေ လုပ်သက် (၃) နှစ်ပြည့်ပါက တရားလွှတ်တော်ရှေ့နေ (Advocate) အဖြစ် လျှောက်ထားရယူနိုင်ပါသည်။
​ရှေ့နေဆိုသူသည်
စာချုပ်စာတမ်း ရေးဆွဲခြင်း၊ အကြံပေးခြင်းမှသည် တရားရုံးတွင် ခုခံကာကွယ်ခြင်းအထိ ရှေ့နေရှေ့ရပ် အခန်းကဏ္ဍ အားလုံးကို တရားဝင် လုပ်ပိုင်ခွင့်ရှိသည်။

ပြည်သူများသည်လည်း တတ်သိနားလည်သည့် ရှေ့နေ၏ ဥပဒေကြောင်းအရ အကြံပေးမှုထက် မြေပြင်၌ အ‌ရောင်း/အဝယ်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူကိုသာ ပိုပြီး အလေးထားတတ်ကြတယ်။

◆ ​"မည်သူသေသေ ငတေမာရင် ပြီးရော" ဆိုသည့် လူစားများက ပိုမို များပြားနေသည့်မျက်မှောက်ခေတ်အဖို့ ​ထိုသို့သော သူများသည် -
ကိုယ်တိုင် အေးအေးဆေးဆေး နေထိုင်ရန် မဟုတ်ဘဲ တရားမဝင် အခွန်ဆောင်ရမည့် ကိစ္စရပ်များကြားတွင် ငွေကြေးအမြတ်ရှာရန် "သားကောင်" ရှာနေကြခြင်းဖြစ်သည်။
➮ ​အချိန်တစ်ခုအထိ ထိုသူများက မြေကို လက်ဝယ်အောင်းထား၊ လက်ပြောင်းလက်လွှဲ လုပ်သွားကြပြီး အပြောဆိုဆို၊ အပြုံးလှလှတွေကြားမှာ
➮ "မြေဖြစ်ရင် ပြီးရော" ဆိုပြီး ဘာမှမသိနားမလည်ရှာသည့် ပြည်သူများလက်ထဲ နောက်ဆုံးဘူတာ ရောက်တော့မှ အရှုပ်အရှင်းများစွာဖြင့် လုံပါးပါး ကျန်ခဲ့ကြရပါသည်။

∎ ​အပြောဆိုဆို အပြုံးလှလှတွေကြားထဲမှာ မိုးခါးရေ သောက်နိုင်ကြသေးရင်တော့ ဆက်သောက်ကြတာပေါ့... ခင်ဗျာ။

သတိပေးရလျှင်ဖြင့်_
∎ ​မိမိတို့ အပင်ပန်းခံ ရှာဖွေထားသမျှ စည်းစိမ်ဥစ္စာများ လုံခြုံစိတ်ချရစေရန်အတွက် အိမ်ခြံမြေ ဝယ်ယူတော့မည်ဆိုပါက "အရောင်းအဝယ် ဖြစ်မြောက်ရေး" ထက် "တရားဝင် ဥပဒေအကာအကွယ် ရရှိရေး" ကိုသာ ပထမဦးစားပေးအဖြစ် စိစစ်တိုင်ပင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

#အိမ်ခြံမြေ #ရှေ့နေ #အခွန် #ဝင်ငွေခွန် #အမြတ်ခွန် #စာချုပ်စာတမ်း

❑ မိမိနေထိုင်သည့်/ဝယ်ထားသည့်မြေ အခွန်ဆောင်ရမည်လား? အသိမ်းခံရမည်လား?  ဒီလို "ငါ့စကားနွားရ" စာမဖတ်ဘဲ လွဲမှားစွာ ဖွဆွနေသူတွ...
23/08/2026

❑ မိမိနေထိုင်သည့်/ဝယ်ထားသည့်မြေ အခွန်ဆောင်ရမည်လား? အသိမ်းခံရမည်လား?

ဒီလို "ငါ့စကားနွားရ" စာမဖတ်ဘဲ လွဲမှားစွာ ဖွဆွနေသူတွေကြောင့် ပြည်တွင်းအခွန် စည်းကြပ်မှုအပေါ် အများပြည်သူတွေ စိုးရိမ်ပူပန် ဒုက္ခရောက်ကြရပါပြီ။

❝
ဒီအခွင့်အရေးကို စောင့်ကြည့်နေတဲ့ ဝိသမလောဘသားတွေ ပေါ်လာတော့မည်။
◈ "ခင်ဗျားမြေတော့ အခွန်ဆောင်ရတော့မည်၊ အသိမ်းခံရမည်၊ လက်ထဲအကြာကြီးမထားနဲ့ ရတဲ့ဈေးနဲ့ ရောင်းလိုက်" ဆိုပြီး
မတန်တဆ အချိုးအစား တန်ဖိုးနှိမ့်ချကာ ပေါက်ဈေးအောက် ဈေးနှိမ်ဝယ်ဖို့ ဘောင်မဝင် နလပိန်း အကြောင်းပြချက်တွေနဲ့ လောဘတက်ကြတော့မည် ဖြစ်ပါတယ်။
❞

မိမိနေထိုင်သည့်/ဝယ်ထားသည့်မြေသည်
❖ အခွန်ဆောင်ရမည်လား? အသိမ်းခံရမည်လား?
(လုံးဝ မဟုတ်ပါ။)

မြန်မာနိုင်ငံ၏ မြေယာတိုင်းသည် ဥပဒေအရ လွှဲပြောင်းခွင့်မပေးပါ။
◆ လွဲပြောင်းခွင့်မရှိသော မြေယာများ - ပါမစ်မြေ၊ စလစ်မြေ၊ ရွာမြေ၊ မြို့မြေ၊ ကန်ထရိုက် တိုက်ခန်း စသည်တို့ ဖြစ်ကြသည်။
◆ လွှဲပြောင်းခွင့်ရှိသော မြေယာများ - လယ်ယာမြေ၊ ဂရန်မြေ၊ အိုးအိမ်စည်ပင်တိုက်ခန်း၊ ကွန်ဒိုများ ဖြစ်ကြသည်။

❖ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအရ
လွှဲပြောင်းခွင့်မရှိသည့် မြေယာတိုက်ခန်းများကို ဥပဒေအရ ဝယ်ယူ/ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း၊ လွဲပြောင်းခြင်းများ ပြုလုပ်ပိုင်ခွင့် မရှိပါ။ ဥပဒေအရ ခွင့်မပြုသည့်အရာကို ပြုမူဆောင်ရွက်ထားပါက ဥပဒေ၏ အကာအကွယ်ရယူခွင့် လုံးဝမရှိသလို တရားဝင် ပိုင်ရေးဆိုင်ရေးလည်း မရှိပါ။
❖ လွှဲပြောင်းခွင့်ရှိသည့် မြေယာတိုက်ခန်းများကိုမူ ဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင် လွဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ ပေးကမ်းခွင့်၊ ဆက်ခံခွင် ရှိသည်။
◆ ဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆိုသည်မှာ
လွှဲပြောင်းခွင့်ရှိသော မြေယာတိုက်ခန်းများ တန်ဖိုး ၁ သိန်းထက်ကျော်လွန်ပါက တရားဝင် လွဲပြောင်းခွင့်ရှိသူနှင့် လွဲ‌ပြောင်းလက်ခံသူတို့ သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုရမည်။ မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုပါက အရောင်းအဝယ်ဖြစ်လျှင် ရောင်းခွန်၊ ဝယ်ခွန်များ ဆောင်ရွက်ရမည်။ သို့မှသာ ဥပဒေအရ တရားဝင်ပိုင်ရေးဆိုင်ရေးရရှိမည်။

​(အကယ်၍ ဥပမာအနေဖြင့် ၎င်းမြေယာ မီးလောင်သွားဦးတော့ တရားဝင် နည်းလမ်းတကျ လွဲပြောင်းလက်ခံထားလျှင် ၎င်းမြေ ပြန်ရသည်။)

❖ ယခု ပြည်တွင်းအခွန်ဌာနမှ အသိပေးချက်သည်
လွဲပြောင်းခွင့်ရှိသော မြေယာတိုက်ခန်းများကို "ရှေ့ဆက်၍ အရောင်းအဝယ်ပြုလုပ်ပြီး မှတ်ပုံတင်စာချုပ်အပြီးချုပ် (သို့) အမည်ပြောင်း စာချုပ်ချုပ်ဆိုမည့်သူများ" အတွက်သာ သက်ဆိုင်ခြင်းဖြစ်ပြီး၊ နဂို ရောင်းခွန်/ဝယ်ခွန် ဆောင်ရုံနှင့်တင် မလုံလောက်ဘဲ ၎င်းငွေများ၏ စီးဆင်းမှု (ငွေဖြူ/ဝင်ငွေရလမ်း နှင့် မြတ်စွန်းငွေ) ကို စည်းကြပ်မည် ဖြစ်ပါသည်။

❖ မိမိဝယ်ထားပြီးသား၊ လက်ရှိ နေထိုင်နေသည့် အိမ်ခြံမြေများကို တရားဝင်အောင် မလုပ်သရွေ့
ယခုချက်ချင်း အခွန်ရုံးသွားစရာ မလိုသလို၊ အသိမ်းခံရမည်ဆိုသည်မှာလည်း လုံးဝ ဘောင်မဝင်သည့် အကြောင်းပြချက် ဖြစ်သည်။

ပြည်သူများ ပူပန်အောင် ခြိမ်းခြောက် ဈေးနှိမ်သူများ၏ စကားကိုလည်း လုံးဝ မယုံကြည်ကြပါရန် တိုက်တွန်းအပ်ပါသည်။

အသိပေးအကြံပြုချက်
တရားဝင် ထုတ်ပြန်ချက်များပါ စကားရပ်များကို သေချာ ဖတ်ရှုစိစစ်ပြီးမှ မျှဝေကြပါရန်။

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

#အိမ်ခြံမြေဥပဒေ #အခွန်ဥပဒေ #အိမ်ခြံမြေဗဟုသုတ #စာချုပ် #အခွန် #ရာဖြတ် #မှတ်ပုံတင်စာချုပ် #အခွန် #အိမ်ခြံမြေ #ရှေ့နေ

❑ Copy/Paste များကြားမှာ ကိုယ်စီးတဲ့မြင်း အထီးလား အမလား သဲသဲကွဲကွဲ ရှိဖို့လိုပါတယ်. . . #လူမှုကွန်ရက်ပေါ်မှာ ဥပဒေအမည်ခံ ...
21/08/2026

❑ Copy/Paste များကြားမှာ ကိုယ်စီးတဲ့မြင်း အထီးလား အမလား သဲသဲကွဲကွဲ ရှိဖို့လိုပါတယ်. . .

#လူမှုကွန်ရက်ပေါ်မှာ ဥပဒေအမည်ခံ Page အချို့နဲ့
#အိမ်ခြံမြေအကျိုး‌တော်ဆရာကြီးအချို့က
လာမယ့် စက်တင်ဘာ (၁) ရက်နေ့ကစပြီး "ရောင်းသူရော ဝယ်သူပါ နှစ်ဘက်စလုံး အခွန်ဆောင်ရတော့မည်" ဆိုပြီး ရေးသားနေကြတာဟာ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူထားခြင်း ဖြစ်ပါတယ်။

◆ ဥပဒေအရ ရောင်းခွန်၊ဝယ်ခွန်ဆောင်၍ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ တရားဝင် ပိုင်ဆိုင်ရေးဆိုင်ခွင့် ရရှိမည်ဆိုသည်မှာ ယခင်ကတည်းကျင့်သုံးနေကျ ပုံမှန် နည်းထုံး ဖြစ်ပါသည်။

☗ ကြေညာချက်ပါ စာသားအမှန်အတိုင်းမှာ-
ကြေညာချက် အပိုဒ် (၂) တွင်
"ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်းစစ်ဆေးမှုခံယူ၍ စည်းကြပ်မှုဆောင်ရွက်သည့်အချိန်တွင်..." ဟု အတိအကျ ဖော်ပြထားပါသည်။

၁။ ဝယ်ယူသူ ဆောင်ရွက်ရမည်မှာ -
◆ဝယ်ယူသူသည်
သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ကာလတန်ဖိုးစိစစ်သတ်မှတ်ချက် ရယူပြီး "ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်းစစ်ဆေးမှုခံယူ၍ စည်းကြပ်မှု ဆောင်ရွက်ခြင်း" ကို ပြုလုပ်ရပါမည်။

၂။ ရောင်းချသူ ဆောင်ရွက်ရမည်မှာ -
◆ဝယ်ယူသူက ဝင်ငွေရလမ်း စည်းကြပ်မှု ဆောင်ရွက်နေစဉ်မှာပင် ရောင်းချသူသည်လည်း
"ရောင်းချခြင်းအတွက် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်ခြင်း ရှိ/မရှိ စိစစ်မှုခံယူ၍ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်များ ရယူထားရန်" သာ ဖြစ်ပါသည်။

၃။ အဓိက ပြောင်းလဲမည့် လုပ်ထုံးလုပ်နည်းမှာ -
◆ စက်တင်ဘာ (၁) ရက်နေ့မှစ၍
မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပေါက်ပြောင်းခြင်းများ ပြုလုပ်ရာတွင် ရောင်းချသူ၊ ဝယ်သူတို့၏ အခွန် စည်းကြပ်ပြီးစီးမှု အထောက်အထား အပြင် ရောင်းသူ၏ "အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်" ပါဝင်မှသာ ဆောင်ရွက်ခွင့်ပြုတော့မည် ဖြစ်သည်။

◆ အကြံပြုအသိပေးခြင်း
ရောင်းသူဘက်မှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ရယူရန် အခွန်ရုံးတွင် စိစစ်မှုခံယူရမည်ကို သုံးစွဲလျက်ရှိသည့် "ရောင်းသူရော ဝယ်သူပါ အခွန်ဆောင်ရမည်" ဟု လွဲမှားစွာ Copy Paste လုပ်၍ မရေးသင့်ပါ။

တရားဝင် ထုတ်ပြန်ချက်များပါ စကားရပ်များကို သေချာ ဖတ်ရှုစိစစ်ပြီးမှ မျှဝေကြပါရန် တိုက်တွန်းအပ်ပါသည်။

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

#အိမ်ခြံမြေဥပဒေ #အခွန်ဥပဒေ #အိမ်ခြံမြေဗဟုသုတ
#စာချူပ် #အခွန် #ရာဖြတ် #မှတ်ပုံတင်စာချုပ်

  Public∎  ကမ္ဘာ့ဥပဒေစနစ်တွင် Notary Public (ကမ္ဘာသိရှေ့နေ) ၏ အဓိက တာဝန်မှာ စာချုပ်ချုပ်ဆိုသူများ၏ လက္ခဏာ (Identity)၊ လွ...
16/08/2026

Public
∎ ကမ္ဘာ့ဥပဒေစနစ်တွင် Notary Public (ကမ္ဘာသိရှေ့နေ) ၏ အဓိက တာဝန်မှာ စာချုပ်ချုပ်ဆိုသူများ၏ လက္ခဏာ (Identity)၊ လွတ်လပ်သော ဆန္ဒ (Voluntary Intent) နှင့် လက်မှတ်၏ စစ်မှန်မှုကို သက်သေခံပေးရန် ဖြစ်သည်။
ထိုသည် သက်သေခံဥပဒေ ပုဒ်မ ၈၅ အရ ဥပဒေကြောင်းအရ "အမှန်တရားဖြစ်သည်ဟု ယူဆရမည့်အချက်" ကို ထင်ရှားစွာ ဖြစ်ပေါ်စေသည်။
သို့သော် လက်ရှိမြေပြင်တွင် သီးခြားရပ်တည်သော ပြင်ပနိုတြီပဗ္ဗလစ်ရှေ့နေများအပေါ် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကန့်သတ်ချက်များ ပိုမိုတင်းကြပ်လာခြင်း၊ သို့မဟုတ် "တရားရုံးတံဆိပ်/အစိုးရဌာနတစ်ခုခု၏ တံဆိပ်ပါမှသာ ထပ်ဆင့်အတည်ပြုပေးရန်" ဆိုသော လမ်းညွှန်ချက်များသည် နိုတြီပဗ္ဗလစ်စနစ်၏ ပင်ကိုယ်လွတ်လပ်ခွင့်နှင့် သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၏ စွမ်းပကားကို အကန့်အသတ် ဖြစ်စေပါသည်။

❒ မြေဂရန်နှင့် ပိုင်ဆိုင်မှု ဥပဒေရေးရာ❒ အိမ်၊ မြေ ပိုင်ရှင်တိုင်းနှင့် ဝယ်ယူမည့်သူများ မဖြစ်မနေ သိထားသင့်သော မြေငှားဂရန်...
14/08/2026

❒ မြေဂရန်နှင့် ပိုင်ဆိုင်မှု ဥပဒေရေးရာ
❒ အိမ်၊ မြေ ပိုင်ရှင်တိုင်းနှင့် ဝယ်ယူမည့်သူများ မဖြစ်မနေ သိထားသင့်သော မြေငှားဂရန်အကြောင်း. . .

☗ အိမ်နှင့် မြေသည် မိသားစုတစ်စုအတွက် တန်ဖိုးအကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှု ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံရှိ အိမ်ခြံမြေ အရောင်းအဝယ်လောကတွင် "မြေဂရန် စာချုပ်" လက်ဝယ်ရှိရုံ၊ အရပ်စာချုပ်နှင့် ကိုယ်စားလှယ်လွှဲစာ (GP/SP) ရထားရုံမျှဖြင့် ပိုင်ဆိုင်မှု အပြည့်အဝ စိတ်ချရပြီဟု အလွယ်တကူ ထင်မှတ်မှားတတ်ကြပါသည်။

ဥပဒေကြောင်းအရ မိမိ၏ ပိုင်ဆိုင်မှု ခိုင်မာစေရန်နှင့် နောင်တစ်ချိန်တွင် အရှုပ်အရှင်းများ ကင်းဝေးစေရန် အောက်ပါ အချက်များကို စနစ်တကျ သိရှိနားလည်ထားရန် အလွန်အရေးကြီးပါသည်။

၁။ မြေဂရန် ဆိုသည်မှာ အပိုင်ပေးခြင်း မဟုတ်ပါ
◣ မြေဂရန်ဆိုသည်မှာ အစိုးရထံမှ မြေကို အသုံးပြုခွင့် သတ်မှတ်ချက်အတိုင်း ရရှိထားသည့် "အခွင့်အရေး" သာ ဖြစ်ပါသည်။ ဂရန်သည် မြေကို အပြီးအပိုင် ပေးလိုက်ခြင်း မဟုတ်ဘဲ အစိုးရက သတ်မှတ်ထားသော သက်တမ်းတစ်ခု (ဥပမာ - ၁၀ နှစ်၊ အနှစ် ၃၀ သို့မဟုတ် ၆၀) အတွက် စည်းကမ်းချက်များနှင့် အငှားချထားခြင်း ဖြစ်ပါသည်။

◣ ဂရန်သက်တမ်း တည်ရှိနေသမျှ ကာလပတ်လုံး ထိုမြေပေါ်တွင် တရားဝင် နေထိုင်ခွင့်၊ တရားဝင် လွှဲပြောင်းခွင့်၊ အမွေဆက်ခံခွင့်၊ ပေးကမ်းခွင့်၊ အဆောက်အအုံ ဆောက်လုပ်ခွင့် နှင့် ဘဏ်တွင် အာမခံ တင်၍ ချေးငွေ လျှောက်ထားခွင့် စသည်များကို အပြည့်အဝ ရရှိမည် ဖြစ်ပါသည်။

၂။ ဂရန်သက်တမ်း ကုန်ဆုံးသွားပါက ရင်ဆိုင်ရမည့် အန္တရာယ်များ
◣ မြေဂရန် ပိုင်ဆိုင်သူများ အဓိက သတိထားရမည်မှာ "ဂရန်သက်တမ်း ကုန်ဆုံးသွားခြင်း" ပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၁၆၇ အရ -
▲ "ဂရန်သက်တမ်း ကုန်ဆုံးသွားပါက မြေအသုံးပြုပိုင်ခွင့် အခွင့်အရေးသည်လည်း သက်တမ်းနှင့်အတူ ကုန်ဆုံးသွားသည့်အတွက် ထိုမြေတွင် အခွင့်အရေး တစ်စုံတစ်ရာ မရှိတော့" ဟု လေးနက်စွာ ဆုံးဖြတ်ထားပါသည်။ ထို့ကြောင့်
▲ ဂရန်သက်တမ်း ကုန်သွားပါက-
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် တရားဝင် အရောင်းအဝယ် စာချုပ် ချုပ်ဆို၍ မရတော့သလို ဂရန်က ပေးအပ်သော အခွင့်အရေးများလည်း ရပ်တန့်သွားမည် ဖြစ်ပါသည်။
တရားရုံးများတွင် ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ တရားစွဲဆို အခွင့်အရေးများ ဆုံးရှုံးနိုင်ပါသည်။

၃။ အရပ်စာချုပ် နှင့် မှတ်ပုံတင်စာချုပ် ကွာခြားချက်
◣ အများပြည်သူ အသိမှားဆုံး အချက်မှာ အခွန်ဆောင်ရမည်ကို ရှောင်လွှဲလို၍သော်လည်းကောင်း၊ လွယ်ကူစေရန်သော်လည်းကောင်း အရပ်စာချုပ် နှင့် ကိုယ်စားလှယ်လွှဲစာ (GP/SP) တို့ဖြင့်သာ ဝယ်ယူနေထိုင်ခြင်း ဖြစ်ပါသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုး ကျပ် (၁) သိန်းထက် ကျော်လွန်ပါက ဥပဒေအရ မှတ်ပုံတင်စာချုပ် မဖြစ်မနေ ချုပ်ဆိုရပါမည်။

အရပ်စာချုပ်
◣ အရပ်စာချုပ်ဖြင့် ချုပ်ဆိုထားသော စာချုပ်များသည် ဥပဒေအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုး အရောင်းအဝယ်တွင် တရားဝင် ပိုင်ဆိုင်ခွင့် မရရှိပါ။ အမည်ပေါက်သူထံမှ တိုက်ရိုက် ဂရန်သက်တမ်းတိုး/အမည်ပြောင်း လျှောက်ထား၍ မရပါ။

မှတ်ပုံတင်စာချုပ်
◣ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ နှင့် ၂၀၁၈ ခုနှစ် စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေအရ တရားဝင် အပြည့်အဝ ပိုင်ဆိုင်ခွင့် ရရှိပါသည်။ မူရင်း ရောင်းသူ၏ အခြေအနေ (ဥပမာ - ကွယ်လွန်ခြင်း၊ နိုင်ငံခြားရောက်ရှိနေခြင်း) မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာ အစိုးရဌာနများတွင် မိမိအမည်ဖြင့် ဂရန်အမည်ပြောင်း/သက်တမ်းတိုးခြင်းကို တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။

၄။ ဂရန်သက်တမ်းကုန်နေသော မြေကို ဝယ်ယူထားသူများအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ရန်များ
▲ (က) မှတ်ပုံတင် စာချုပ်ဖြင့် ဝယ်ယူထားလျှင်
မိမိတွင် တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ အရောင်းအဝယ် စာချုပ်ရှိပါက မူရင်း အမည်ပေါက်သူကို ပြန်လည် ရှာဖွေစရာ မလိုပါ။
အဆိုပါ မှတ်ပုံတင် စာချုပ်ဖြင့် သက်ဆိုင်ရာ ဌာနများသို့ တိုက်ရိုက် သက်တမ်းတိုး အမည်ပြောင်း လျှောက်ထားနိုင်ပါသည်။

▲ (ခ) ဂရန်သက်တမ်းကုန်ပြီး အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူများ ရင်ဆိုင်ရသည့် အခက်အခဲနှင့် ဖြေရှင်းနည်း
ဂရန်သက်တမ်း ကုန်ဆုံးနေသည့် အခြေအနေတွင် အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူအနေဖြင့် တရားရုံး၌ တရားစွဲဆို လျှောက်ထားခြင်း ပြုလုပ်ရန် အခွင့်အရေး မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် တရားရုံးချုပ် တရားစီရင်ထုံးများအရ ဂရန်သက်တမ်း ကုန်ဆုံးသွားပါက မူရင်း အမည်ပေါက်သူ၌ပင် လတ်တလော မြေအသုံးပြုပိုင်ခွင့် အခွင့်အရေး မရှိတော့သည့်အတွက် ဖြစ်ပါသည်။

၂။ အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူများ တရားဝင် ပြန်လည်ရရှိရေး ဆောင်ရွက်ရမည့် အဆင့်များ
◣ အရပ်စာချုပ်နှင့် ဝယ်ထားသူသည် ဂရန်သက်တမ်း ကုန်နေပါက တရားရုံးသို့ တိုက်ရိုက် တရားစွဲဆို၍ မရနိုင်သေးဘဲ အောက်ပါ အဆင့်အတိုင်း အစဉ်လိုက် ဆောင်ရွက်ရပါမည်-
▲ အဆင့် (၁) - မူရင်း အမည်ပေါက်သူကို အစအန ပြန်ရှာရမည်
▪️အမည်ပေါက် ရှိနေသေးလျှင် -
မူရင်းအမည်ပေါက်သူကို ပြန်လည်ရှာဖွေပြီး ထိုသူ၏ အမည်ဖြင့် ဂရန်သက်တမ်းတိုး (Grant Renewal) အရင် လျှောက်ထားခိုင်းရပါမည်။ ဂရန်သက်တမ်း အသစ် ပြန်လည်ရရှိလာတော့မှသာ မိမိအား မှတ်ပုံတင် အရောင်းစာချုပ် ချုပ်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။

▪️အမည်ပေါက် ကွယ်လွန်သွားလျှင် - အမွေဆက်ခံသူများ (ဇနီး/ခင်ပွန်း/သားသမီးများ) ကို ရှာဖွေ၍ တရားရုံးမှတစ်ဆင့် အမွေထိန်းစာ (Letter of Administration) လျှောက်ထားစေပြီး အမွေဆက်ခံသူများအမည်ဖြင့် ဂရန်သက်တမ်းတိုးကာ မိမိထံ မှတ်ပုံတင်စာချုပ်ဖြင့် လွှဲပြောင်းရပါမည်။

▲ အမည်ပေါက်က ဂရန်သက်တမ်းတိုးပြီး မှတ်ပုံတင်စာချုပ် ချုပ်မပေးပါက
ဂရန်သက်တမ်းတိုးပြီးမှ အမည်ပေါက်သူက မိမိသို့ မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးရန် ငြင်းဆန်မှသာ သက်ဆိုင်ရာ တရားရုံးတွင် "အရောင်းအဝယ် စာချုပ်အား မှတ်ပုံတင်ပေးစေလိုမှု" စွဲဆို၍ တရားရုံး ဒီကရီဖြင့် အနိုင်ယူ ဆောင်ရွက်နိုင်ပါသည်။

▲ အဆင့် (၂) - မူရင်းအမည်ပေါက်သူ လုံးဝ ရှာမတွေ့ပါက
▪️မူရင်း အမည်ပေါက်သူ (သို့မဟုတ်) အမွေဆက်ခံသူများကို လုံးဝ ရှာမတွေ့တော့ပါက သက်ဆိုင်ရာ မြေငှားဂရန် ထုတ်ပေးသည့်
◆ အစိုးရဌာနများ (မြို့နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့မဟုတ် စည်ပင်သာယာရေး ကော်မတီ မြေယာဌာန) သို့ မိမိ လက်ရှိ နေထိုင်အသုံးပြုနေသည့် အထောက်အထားများ (အရပ်စာချုပ်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်ထောက်ခံစာ၊ စည်ပင်အခွန်ပြေစာများ) ဖြင့် တင်ပြ၍ လျှောက်ထားရပါမည်။
သက်ဆိုင်ရာ ဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း ဌာန၏ ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်ဖြင့် ဂရန်ပြန်လည် လက်ခံထုတ်ပေးခြင်း သို့မဟုတ် အသစ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးသည့် အခြေအနေများ ရှိပါသည်။

အကြံပြုချက်
◣ ဂရန်သက်တမ်း ကုန်နေသည့် အရပ်စာချုပ်မြေအား မူရင်းအမည်ပေါက် သို့မဟုတ် အမွေဆက်ခံသူများကို ရှာဖွေ၍ ဂရန်သက်တမ်း အရင်တိုးခြင်း သို့မဟုတ် သက်ဆိုင်ရာ စည်ပင်/ထွေအုပ် ဌာနများတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း စတင် လျှောက်ထားခြင်း သည်သာ တရားဝင် ဖြစ်မြောက်နိုင်သည့် နည်းလမ်းဖြစ်ပါသည်။

◣ မြေနှင့် အိမ် ဝယ်ယူရာတွင် အရပ်စာချုပ်ဖြင့် လွယ်လွယ် ဝယ်ယူခြင်းထက် အခွန်အခများ ပေးဆောင်၍ "မှတ်ပုံတင် အရောင်းအဝယ် စာချုပ်" ချုပ်ဆိုခြင်းသည်သာ ဥပဒေ၏ အကာအကွယ်ကို အပြည့်အဝ ရရှိစေမည် ဖြစ်ပါသည်။

◣ထို့ပြင်
မိမိ လက်ဝယ်ရှိ မြေဂရန်၏ သက်တမ်းကို အမြဲမပြတ် စစ်ဆေးပြီး သက်တမ်း မကုန်ဆုံးမီ (၆) လမှ (၁) နှစ် ကြိုတင်၍ သက်တမ်းတိုး ဆောင်ရွက်ထားကြရန် တိုက်တွန်း အကြံပြုအပ်

BY BNT - အထက်တန်းရှေ့နေ

အား Credit ပေး၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

#ဂရန် #မြေ #ဂရန်သက်တမ်း #မြေငှား #ဂရန်ကတုံး #ဂရမ်

❑ အွန်လိုင်းမှတဆင့်  လျှပ်စစ် ဒီဂျစ်တယ် မီတာအသစ်များ လျှောက်ထားခြင်း လမ်းညွှန် #လျှပ်စစ်မီတာ  #အွန်လိုင်း  #မီတာလျှောက်ထ...
14/08/2026

❑ အွန်လိုင်းမှတဆင့် လျှပ်စစ် ဒီဂျစ်တယ် မီတာအသစ်များ လျှောက်ထားခြင်း လမ်းညွှန်

#လျှပ်စစ်မီတာ #အွန်လိုင်း #မီတာလျှောက်ထားနည်း

Address

Mandalay

Alerts

Be the first to know and let us send you an email when BNT - အထက်တန်းရှေ့နေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category