NTM Legal

NTM Legal Legal adviser

Lawyer

22/10/2024
Online shop များအတွက် ကြေညာချက်
10/08/2024

Online shop များအတွက် ကြေညာချက်

15/07/2024

Online ပေါ်မှ မြေဝယ်သူ များ အထူး သတိပြုရန်

ဒီရက်ပိုင်း ရင်းနှီးတဲ့မိတ်ဆွေ တစ်ဦးက တောင်ကြီး အနီးတစ်ဝိုက်မှာ မြေစျေး သင့်လို့ နွေရာသီ နားရအောင် ဝယ်ချင်တယ် ဆိုပြီး တိုင်ပင် လာပါတယ်။ Online ရောင်းမယ် ဝယ်မယ် Group တစ်ခု ကတစ်ဆင့် တောင်ကြီး အိမ်ခြံမြေ ကုမ္ပဏီ တစ်ခု ရဲ့ Facebook Link တစ်ခု ရခဲ့ပါတယ်။ တောင်ကြီးနဲ့ မနီးမဝေး ရွာလေးတွေမှာ Housing Plan လုပ် ထားပြီး သင့်တင့် တဲ့ စျေးနှုန်း လေးတွေ ကို မြေပုံနှင့် တကွ ဖော်ပြထားတာ တွေ့ရပါတယ်။

ဝယ်ဖို့ဆုံးဖြတ်ပြီး Facebook မှတစ်ဆင့် စတင်ဆက်သွယ် ပါတယ်။ စျေးနှုန်း၊ အကွက်၊ တည်နေရာ အားလုံး ညှိနှိုင်းတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ တောင်ကြီးကို ကိုယ်တိုင်မသွား နိုင်တဲ့အတွက် ခိုင်လုံတဲ့ အရောင်းအဝယ် ဖြစ်အောင် ကူညီဖို့ အကြံတောင်း လာပါတယ်။

ကုမ္ပဏီက သူတို့ပိုင်ဆိုင်ကြောင်း၊ အရှုပ်အရှင်း ကင်းကြောင်း၊ ရွာမြေဖြစ်ကြောင်း၊ အိမ်ဆောက်လုပ် နေထိုင်ခွင့် ရှိကြောင်း၊ မြေပုံရေးကူးခြင်း (ပုံစံ ၁၀၅) အတွက် ဝန်ဆောင်မှုပေးနိုင်ကြောင်း Message မှတစ်ဆင့် ဆိုပါတယ်။

Online ပေါ်က အလုပ်လုပ် ရတာဖြစ်လို့ ဖော်ပြပါ အချက် တစ်ခုချင်းစီကို ငွေမပို့ခင် အာမခံချက် တောင်းဖို့ အကြံပေးလိုက်ပါတယ်။

ဒါကလည်း မြေယာ ဥပဒေ အရ သံသယ ရှိစရာ Comment တစ်ခု တွေ့လိုက်လို့ပါ။ ရွာမြေလို့ပြောပေမဲ့ သူတို့ပေးပို့တဲ့ ဓာတ်ပုံတွေ အရ ရွာပြင်က မြေ ပုံပေါက်နေတာ ရယ်၊ သူတို့က ပုံစံ (၁၀၅) အတွက် ဝန်ဆောင်မှုပေးနိုင်ကြောင်း၊ ၁၀၅ လျှောက်ထားတဲ့ အခါ နေ့နဲ့ ရက် ကို စာချုပ်ပါ အတိုင်း ထဲ့ပြီး နှစ်ကို Back Date ၂၀၁၂ နဲ့ဆိုရင် ပိုအဆင်ပြေ နိုင်ကြောင်း အကြံပေးလာလို့ပါ။

ဥပဒေ အရ မြေပုံရေး ကူးချင်း (ပုံစံ ၁၀၅) ရဲ့သက်တမ်းဟာ ထုတ်ပေးတဲ့ နေ့မှစပြီး တစ်နှစ် အတွင်းသာ တရားဝင်ပါတယ်။ သူတို့ အကြံပေးသလိုဆိုရင် ကိုယ့်လက်ထဲ ရောက်လာမဲ့ မြေစာရင်း ပုံစံ (၁၀၅) ဟာ သက်တမ်း ကုန်ပြီးသား ဖြစ်နေပါမယ်။ ပိုင်ရှင်ကတော့ ငွေကုန်ပြီး အကျိုးမရှိတာ သေချာနေပြီ။ ဘာ့ကြောင့်ပိုကောင်းတယ်လို့ အကြံပေးတာလဲ ဆိုတာတော့ သူတို့ပဲ သိ ပါလိမ့်မယ်။

အဲဒီတော့ မြေစာရင်း ပုံစံ (၁၀၅) ကို လက်ရှိ စာချုပ်ပါ နေ့စွဲ ဖြင့် လျှောက်ထားပေးရန် နဲ့ ထွက်လာမဲ့ ပုံစံ (၁၀၅) မှာ မြေအမျိုးအစား ဖော်ပြချက် ရွာမြေ ဖြစ်စေဖို့ ကုမ္ပဏီ ကို အာမခံချက် တောင်းခိုင်းလိုက်ပါတယ်။ ကုမ္ပဏီက မြေစာရင်း ပုံစံ (၁၀၅) ကို လက်ရှိ စာချုပ် ပါ နေ့စွဲ ဖြင့် လျှောက်ထားပေးရန် လက်ခံကြောင်း၊ ဒါပေမဲ့ အခုနောက်ပိုင်း အဲဒီဒေသတွေမှာ မြေအမျိုးအစား ဖော်ပြချက် ဝိုင် မြေ လို့ပဲ ဖော်ပြပါရှိတယ် လို့ အကြောင်းပြန် လာတယ်။ ဝိုင်မြေ ဆိုတာဘာလဲ လို့မေးလိုက်တော့ မြေဆီ ကုန်ခန်း သွားလို့ စိုက်ပျိုးမရ သည့်မြေ လို့ ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီ ရဲ့အဖြေကို သိပ် သဘော မကျလို့တောင်ကြီး မြေစာရင်း ရုံးက မိတ်ဆွေ တွေကို လှမ်းမေးတော့ ဝိုင် မြေဆိုတာ Y - အတိုကောက်၊ ယာမြေ ဖြစ်ကြောင်း၊ တရားဝင် မြေစာရင်းမှာ ယာမြေဖြစ် သဖြင့် အခြားနည်းလမ်း ဖြင့် အသုံးပြုခွင့်မရှိကြောင်း၊ လူနေအိမ် ဆောက်လုပ်နေထိုင်ခွင့် တရားဝင်မရှိကြောင်း၊ ပိုင်ဆိုင်ခွင့် ရှိသော စိုက်ပျိုးမြေ အဖြစ်သာ သုံးနိုင်ကြောင်း ပြန်ကြားလာပါတယ်။

ဒါနဲ့ မိတ်ဆွေကလည်း အရောင်းအဝယ် မပျက်ချင်တော့ ကုမ္ပဏီဘက်ကို Y မြေကို အခြားနည်းလမ်း ဖြင့် အသုံးပြု ခွင့် မြေစာရင်းရုံးမှာ သီးခြားလျှောက်ထား ပေးဖို့၊ ကျသင့်တဲ့ ဝန်ဆောင်ခ ပေးမယ်ဆို ပြီး ဆက်သွယ်တော့ ဝန်ဆောင်မှု မပေးနိုင်ကြောင်း၊ ရွာသားတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင်ခဲ့ လို့ ရွာမြေလို့ ပြောတာဖြစ်ကြောင်း၊ အိမ်ဆောက်ရင်း စည်ပင် ရောက်လာရင် သောင်းဂဏန်း လောက်ပေးပြီး ညှိနှိုင်းရင်ရကြောင်း၊ အားလုံး ဒီလိုပဲ အိမ်ဆောက် ကြကြောင်း လိမ်တာ မဟုတ်ကြောင်း ပြန်ကြားလာပါတယ်။

ဝယ်ယူသူက ဥပဒေ အရ ပိုင်ဆိုင်မှု တော့ရှိမယ်၊ တရားဝင် အိမ်ဆောက်လို့မရဘူး၊ အခြားနည်းလမ်း ဖြင့် အသုံးပြု ခွင့် ကြေးတိုင်နဲ့ မြေစာရင်း ရုံးမှာ သီးခြားလျှောက်ထား သည့်တိုင် အချိန်ယူရမယ်။ သူ့ရည်ရွယ်ချက်က အိမ်ဆောက်နေဖို့ ဆိုတော့ ချက်ချင်း အဆင်မပြေနိုင်ဘူး။ ဒီတော့ မဝယ်ဖို့ပဲ တိုက်တွန်း လိုက်ရတယ်။ ဝယ်ချင်သပ ဆိုရင်တော့ ရွာဟောင်းထဲက ရွာမြေကို သာ ရှာဝယ်ဖို့ အကြံပေးလိုက်ရတယ်။ တစ်ရွာလုံး ပြောင်းဆိုရင်တော့ ဘယ်တတ်နိုင်မလဲ၊ ရွာဟောင်းဆိုတော့ နေရာအစား တစ်နေရာတော့ပြန်ရမှာပေါ့။

အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ တွေကတော့

၁။ ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါကြောင်း၊ တည်နေရာ ဖော်ပြရန်၊ မြေအမျိုးအစား ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက် ဖြစ်ပြီး မြေစာရင်း ဌာနမှ ထုတ်ပေးပြီး တစ်နှစ်အတွင်းသာ အကျုံးဝင်ပါကြောင်း။

၂။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ၊ သက်ဆိုင်ရာ ဌာနမှ ပယ်ဖျက် ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်မှလွဲ၍ အခြားနည်းလမ်း ဖြင့်အသုံးပြုခွင့် လုံးဝမရှိကြောင်း။

၃။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ အခြားနည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ ၊ ငါးကန်တူးရန်၊ အုတ်စက်တည်ရန် စသည်ဖြင့်) သီးခြား လျှောက်ထားပြီးမှ အသုံးပြုနိုင်မည် ဖြစ်ကြောင်း။

၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာ ဖြစ်ပြီး ယခု ဥပဒေ များအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း။

၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့ စီမံကိန်း မှလွဲ၍ လယ်မြေ၊ ယာမြေ ကို လူနေအိမ်ခြေ အဖြစ်အကွက်ရိုက် ရောင်းချခြင်းသည် တရားမဝင်ကြောင်း။

မဖြစ်သေးခင် တော့ အေးဆေးပါ၊ စာလာဖတ်နေတာ၊ အကုန်ဒီလိုနဲ့ပဲ ပြီးသွားတာပါ ဆိုကြပေမဲ့ ဖြစ်လာတဲ့အခါ ဥပဒေ ကြောင်းအရ အတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာ များသာဆုံးရှုံး မှာဖြစ်ပါကြောင်း ဂရုပြုနိုင်ရန်ဖော်ပြပေးလိုက်ပါတယ်။

Credit

25/06/2024

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

မူရင်းပိုရှင် Credit

25/06/2024

ကြိုပွိုင့်တိုက်ခန်း ဝယ်တော့မယ်ဆို သိထားသင့်တဲ့အချက် (၆) ချက်

(၁) မြေအရှုပ်အရှင်း ရှိ/မရှိ
တစ်ဦးတည်းပိုင်၊ အများပိုင်၊ မိသားစုပိုင် ဆိုပြီးရှိတတ်သလို ကန်ထရိုက်တာတွေနဲ့ အရင်တုန်းက ဆောက်ဖို့ လုပ်ထားသေးလားဆိုတဲ့ နောက်ကြောင်းတွေပါသိအောင် လုပ်ထားသင့်ပါတယ်

(၂) ကြိုပွိုင့်တိုက်ခန်းကို ရောင်းတဲ့သူက ဘယ်သူလဲ
မြေရှင်/ ကန်ထရိုက်တာ/ Developer တွေကြားက စာချုပ်အမျိုးမျိုးကြောင့် ကိုယ်က ဘယ်သူ့ဆီက ဝယ်တာလဲ သိအောင် သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်

(၃)စည်ပင်မှာရော ဘယ်အဆင့် ရောက်နေပြီလဲ
စည်ပင်ဌာနရဲ့ လုပ်ငန်းရပ်အဆင့်ဆင့်တွေကို ဘယ်နှစ်ဆင့်လုပ်ထားလဲ၊ ခွင့်ပြုမိန့်ကျတာမကျတာ၊ ကျပြီး မဆောက်တာ၊ ဆောက်ပေမယ့် ကန့်ကွက်ခံရတာစသဖြင့် သိထားရမယ့်အပိုင်း ဖြစ်ပါတယ်

(၄) ကြိုပွိုင့်တိုက်ခန်း အရောင်းအဝယ်စာချုပ်ဆိုတာ တရားဝင်/မဝင်
မြေရှင်နဲ့ ကန်ထရိုက်တာတို့ရဲ့ စာချုပ်သာမက စည်ပင်က ခွင့်ပြုမိန့်ပါရပြီးမြေပြင်မှာလည်း အဆောက်ဦဆောက်လုပ်နေပါပြီဆိုမှပဲ တရားဝင် အရောင်းအဝယ်လုပ်လို့ ရပါတယ်။ လိုအပ်ချက်တစ်ခုခုရှိနေရင်တော့ တရားမဝင်ဘူးနော်

(၅)အရောင်းအဝယ် ပဋိညာဉ်မြောက်/ မမြောက်
စာချုပ်တံဆိပ်ခေါင်း/မြေအရှုပ်အရှင်း/ စည်ပင်ကိစ္စ/ မြေပြင်အနေအထား
(၄)ချက်လုံး ပြည့်စုံကောင်းမွန်ရင် စာချုပ်ဟာ ခိုင်မာပြီး ပဋိညာ် မြောက်ပါတယ်

(၆)စာချုပ်ပယ်ဖျက်နိုင်တဲ့အခြေအနေ
လိမ်တာ၊ မမှန်တင်ပြတာ၊ မှားယွင်းဖော်ပြတာ၊ အနိုင်ထက်ပြုတာ၊ မလျှော်ဩဇာသုံးတာတို့လို မမှန်မကန်ကိစ္စရပ်တွေနဲ့ မတရားမှုတွေပါလာရင် စာချုပ်ကို အချိန်မရွေးဖျက်သိမ်းလို့ရပါတယ်။ ဒါ့အပြင် သတ်မှတ်ချိန်ကကျော်တဲ့အထိမဆောက်ဘူးဆိုရင် စာချုပ်ကို ပယ်ဖျက်လို့ ရပါတယ်၊ လျှော်ကြေးပါတောင်းလို့ရပါတယ်။ စာချုပ်ကိုအပြည့်အဝဖျက်သိမ်းတာမျိုးလဲ ရှိတတ်သလို နှစ်ဖက်ညှိနှိုင်းပြီး
စာချုပ်ပြန်ပြင်ချုပ်နိုင်တာတွေလဲ ရှိပါ
တယ်

မိတ်ဆွေအနေဖြင့် ကြို့ပွိုင့်တိုက်ခန်းမဖြစ်မနေဝယ်တော့မည်ဆိုလျင်

၁-စရံပေးစာချုပ်ချုပ်ထဲက မြေရှင်က်ိုအကြောင်းကြားပါ။
၂-သတင်းစာကြေငြာပါ။
၃-တိုက်ခန်းဘယ်အထပ်ပြီးမှစရံဘယ်
လောက်ပေးရမည်ကို စာချုပ်ထဲထည့်ချုပ်ပါ၊
၃မြေရှင်နဲ့ကန်ထရိုက်စာချုပ်မူရင်းတောင်းကြည့်ပြီး၊
မိတ္တူတောင်းပါ [အထောက်ထားအနေနဲ့]
၄-ကန်ထရိုက်အကြောင်းစုံစမ်းပါ။
၅-စာချုပ်ထဲတွင်တိုက်ခန်းပြီးရမည့်နေ့ ၊တိုက်ခန်းအပ်မည့်နေ့၊လူနေထိုင်ခွင်BCC ရရှိမည့်နေအတိအကျ၊သို့မဟုတ် ခန့်မှန်းနေ့စွဲထည့်ပါ၊
၆-စာချုပ်ပါစည်ကမ်းချက်ချိုးဖောက်သူ
မှခံရသူသို့ပေးရန်အဖိုးစားနားပါပါစေ၊
၇-ဖြစ်နိုင်ရင်တော့မိတ်ဆွေအနေဖြင့် နားလည်တတ်ကျွမ်းသော ရှေ့နေ ဖြင့်ဝယ်ယူရင်တော့အကောင်းဆုံးပါ။

25/06/2024

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

“မြို့သစ်စီမံကိန်းထဲပါမယ့် မြေနေရာတွေဆိုပြီး၊ လယ်ယာမြေတွေကို ကွန်ကရစ်လမ်းတွေခင်း၊ ခြံဝန်းတွေ ခတ်ပြီး ရောင်းနေတယ်ဆရာ၊ အဲဒါတရားဝင်ပါသလား။ ပြီးတော့ မကြာမီ ကာလက ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေကိုပြင်ဆင်သည့် ဥပဒေထွက် ထားတယ်လို့ ကြားတယ် ဆရာ၊ အဲဒီ မြေကွက်ကိုဝယ်ရင် အဆင်ပြေပါ့မ လားလို့ ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”ဟု စာရေးသူထံ မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။

“ဟုတ်ပါတယ်။ လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီး ရောင်းချနေ တာတွေဖြစ်နေလို့ နိုင်ငံတော် အစိုးရအနေနဲ့ တင်းကြပ်တဲ့ သဘောဆောင်ရွက်ရတာ ဖြစ်ပါတယ်”

“အချို့က ပြောတော့ တရားဝင် အသုံးပြုခွင့်မရသေးဘဲ ရောင်းချမယ်၊ ဝယ်မယ်ဆိုရင် တရားစွဲပြီးအပြစ် ဒဏ်တောင် ကျနိုင်တယ်လို့လည်း ပြောကြတယ် ဟုတ်ပါသလား”

“အခု ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်မှာတော့ ပြစ်ဒဏ်ပိုင်းကို တင်း ကျပ်ထားတာတွေ့ရပါတယ်။ ဒါမှ လည်း ဥပဒေမဲ့ပြုမူနေတာတွေ ရပ်တန့်သွားမှာ ဖြစ်တယ်”

“ဥပဒေနဲ့အညီ ရောင်းချခွင့်ရှိ တဲ့ လယ်မြေဆိုတာက ဘယ်လိုမြေ အမျိုးအစားလဲ”

“နားလည်အောင်ရှင်းပြရမယ် ဆိုရင် ရောင်းချလွှဲပြောင်းတဲ့သူဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ - ၇ ရရှိထားဖို့လိုပါတယ်”

“ပုံစံ - ၁၀၅ ဆိုတာက ဘာကို ဆိုလိုတာလဲ”

“ပုံစံ - ၁၀၅ ဆိုတာက လယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက် မဟုတ်ဘူး။ မြေကွက်တည်နေရာ ဖော်ပြချက် ညွှန်းပြမြေပုံဖြစ်တယ်။ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက ထုတ်ပေးတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်အတွင်းသာ အကျုံးဝင် တဲ့ မြေပုံမြေရာဇဝင်ဖြစ်တယ်”

“ပုံစံ - ၇ ဆိုတာက ဘယ်လို အထောက်အထားစာရွက်ပါလဲ”

“ပုံစံ - ၇ ဆိုတာက လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ကိုဆိုလိုတာဖြစ်တယ်။ အဲဒီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ - ၁၀၅ ဖြစ်တဲ့ မြေပုံမြေရာဇဝင်ပါရှိရပါတယ်”

“ပုံစံ - ၇ ရထားတဲ့သူက လယ်ယာမြေကို ရောင်းပိုင်ခွင့်ရှိတဲ့ သဘောပေါ့ ဟုတ်ပါသလား”

“လယ်ယာမြေ ဥပဒေပုဒ်မ - ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သည် လယ်ယာမြေအားလုံးကိုဖြစ် စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်း ကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင်တော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွဲစိတ်ရောင်းချခွင့်ရှိသွားပြီပေါ့”

“မှန်ပါတယ်၊ ဒါပေမယ့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ပေးကမ်းခြင်းပြု ပါက သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံ တင်ခတို့ကို ပေးဆောင်၍ သက်ဆိုင် မြေစာရင်း ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့ လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ မှာ အတိအလင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် လယ်ယာ မြေလုပ်ပိုင်ခွင့်အပေါ် လွှဲပြောင်းဝယ် ယူရင် သက်ဆိုင်ရာ မြေစာရင်းဦးစီး ဌာနမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ ဒါမှ တရားဝင်လုပ် ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံလွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“ကျွန်တော်သိတာတော့ မှတ်ပုံ တင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊ အရပ်စာချုပ်နဲ့ ဝယ်ပြီး အကွက်ရိုက် ရောင်းချနေတာ ဆရာ”

“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာ မဟုတ်တဲ့အတွက် ထပ်ဆင့်ရောင်းချမှုကို ဝယ်ရင်ပိုင်ဆိုင်မှု အ ခက်အခဲရှိလာနိုင်ပါတယ်”

“အကွက်ရိုက်ခွဲစိတ်ထားတဲ့ မြေကွက်ကို မူလပုံစံ (၇) ရထားသူထံကနေ တိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြု လုပ်ရင် မဖြစ်ဘူးလား ဆရာ”

“လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ (ဇ) မှာ လယ်ယာမြေကို မူလစိုက် ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြု ချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိတ်ဆွေပြောသလို ပုံစံ (၇) ရှိသူထံမှ လယ်ယာမြေကို ဝယ်ရင် သတ်မှတ်ထားတဲ့ သီးနှံအမျိုး အစားကို ဆက်လက်စိုက်ပျိုးလုပ်ကိုင် ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ အခြားနည်းအသုံးပြုခွင့်ကို လျှောက် ထား ရယူရမှာဖြစ်တယ်”

“အခြားနည်း အသုံးပြုခွင့်ဆိုတာက အိမ်ဆောက်ခွင့်လျှောက်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ -၃၀ မှာ အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ လယ်ယာမြေကို အခြားနည်း ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားရမှာ ဖြစ်တယ်”

ဆရာပြောတဲ့ ဥပဒေအရ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ အခြားနည်းအသုံးပြု ခွင့်ရှိမှာ ဖြစ်နေတာပေါ့။ ဒီလိုဆိုရင် အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေက သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြု ချက်မရသေးဘဲ အခြားနည်းသုံးစွဲခွင့်ဆိုပြီး လူနေလို့ရတယ်ဆိုကာ ခွဲစိတ်ရောင်းနေတဲ့ သဘောဖြစ်နေပြီ”

“ဒါကြောင့်မို့လည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ရှင်းပြပါဦး ဆရာ”

“လယ်ယာမြေဥပဒေပုဒ်မ -၁၂ (ဆ) မှာ လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုဒ်မ - ၁၉ အရ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ် ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားသော အ ဆောက်အအုံများကို ဖယ်ရှားခြင်းကို သက်ဆိုင်ရာမှ တရားစွဲဆိုဆောင် ရွက်နိုင်ခွင့် ရှိပါတယ်”

“ဒါက ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်တဲ့ ကိစ္စမဟုတ်လား”

“မှန်ပါတယ်။ အခုဖြစ်နေတဲ့ မိတ်ဆွေကြီးပြောသလို မှတ်ပုံတင်ပြုလုပ် ဝယ်ထားခြင်း မဟုတ်ပဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကိုအ ကွက်ရိုက်ရောင်းချတဲ့ကိစ်္စရပ်နဲ့ ပတ်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုဒ်မ -၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ ငါးသိန်း ထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်ပါ သူငယ်ချင်း”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။

Credit
ထီယု(ဥပဒေအတိုင်ပင်ခံ)

22/06/2024

#စာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်"

စာချုပ်မှတ်ပုံတင်ချုပ်ချင်လျှင်
အခွန်တော် တံဆိပ်ခေါင်း ကပ်။

အခွန်တော်တံဆိပ်ခေါင်းကပ်ဖို့
မြေကွက်တန်ဖိုးသိရမယ်။

မြေကွက်တန်ဖိုးသိဖို့က
ရာဖြတ်တင်ရမယ်။

ရာဖြတ်တင်ဖို့က
မြေပုံမြေရာဇဝင် လိုပါတယ်။

အရောင်းအဝယ်စာချုပ် ချုပ်ပြီးဆိုလျှင် -

(ပထမအဆင့်အနေနဲ့)
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားရပါမည်။
ရန်ကုန်နဲ့မန္တလေးမှာဆို "စာချုပ်စာတမ်းမှတ်ပုံတင်ရုံး" ဆိုပြီး သီးသန့်ရှိတယ်။ အခြား မြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။

လိုအပ်မည့်စာရွက်စာတမ်းတွေကတော့

၁။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် (မိတ္တူ)
၃။ ရောင်းသူရဲ့မှတ်ပုံတင် (မိတ္တူ)
၄။ ဝယ်သူရဲ့မှတ်ပုံတင် (မိတ္တူ)
၅။ ဝယ်သူရဲ့အိမ်ထောင်စုစာရင်း (မိတ္တူ)
#၎င်း(၅)မျိုးကို မိတ္တူ (၆)စုံဆွဲရမယ်။
( ၆စုံ ဆိုတာ စစ်ဆေးမည့်အဖွဲ့က ၆ဖွဲ့မို့ပါ)

၆။ မြေကွက်နှင့်အိမ်ဖြစ်လျှင် (ရှေ့ဖက်မှ) (ဓာတ်ပုံ၂ပုံ)
၇။ မြေကွက်နှင့်အိမ်ဖြစ်လျှင်(အနောက်ဖက်မှ) (ဓာတ်ပုံ၂ပုံ)

အဲ့ဒီ ၇ မျိုး ပါကိုပါရမယ်။ ဝယ်သူကိုယ်တိုင်ပါရမယ်။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုးရမယ်။ အများအားဖြင့် ရက်ချိန်း(၂)ပတ် ဝန်းကျင်လောက်ပေးလိမ့်မယ်။

(ဒုတိယအဆင့်အနေနဲ့)
လုပ်ဆောင်ရမှာတွေကတော့....

၁။ ရာဖြတ်တန်ဖိုးသိရလျှင် ဝယ်သူနေထိုင်ရာ မြို့နယ်အခွန်ဦးစီးဌာန ကိုသွား။

၂။ ရာဖြတ်တန်ဖိုးရဲ့ %ကို တွက်။
ကျသင့်ငွေကို တံဆိပ်ခေါင်းအခွန်အဖြစ် ဝယ်။
ချလန်တစ်စောင်ရလိမ့်မယ်။

၃။ ရာဖြတ်တန်ဖိုးအတွက် ငွေဖြူ/ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ/ အခွန်စည်းကြပ်ပြီးသောငွေကို ပြရမယ်။ ချလန်တစ်စောင် ထပ်ရမယ်။

၄။ မပြနိုင်လျှင် ဝယ်ယူတဲ့ပစ္စည်းတန်ဖိုး(ရာဖြတ်တန်ဖိုး) က
သိန်း ၁၀၀၀ အောက် - ၃%
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅%
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀%
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀%
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀% အဝယ်ခွန် ပေးဆောင်ရမယ်။

၅။ စုစုပေါင်း ချလန်၂စောင်ဖြစ်မယ် မြို့နယ်အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား။ ငွေသွင်း။

၆။ ငွေသွင်းပြီးရင် ချလန်မူရင်း၂စောင်ပြန်ရလာမယ်။ မိတ္တူ ၂ စုံကူး။ မြို့နယ်အခွန်ဦးစီးဌာနကို ပြန်ပေး။

၇။ အခွန်တံဆိပ်ခေါင်းယူဖို့ ရက်ချိန်းပေးလိမ့်မယ်။

၈။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား၊ အခွန်တံဆိပ်ခေါင်း ယူ။ ၄ %အတွက် တံဆိပ်ခေါင်း ရမယ်။ ကျန်တာအတွက် မရ။

(တတိယအဆင့်အနေနဲ့)

၁။ အခွန်ရုံးကထုတ်ပေးတဲ့ အခွန်တော်ခေါင်း၊
၂။ ဂရန်မူရင်း/မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း/မိတ္တူ၊ အခွန်ဆောင်ရမယ့်အရောင်းအဝယ်စာချုပ်၊ မြေခွန် ကွာတားကြေး ပြေစာ၊ ရာဖြတ်ကစာရွက်။
၃။ ရောင်းသူ၊ ဝယ်သူ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ။

အထက်ပါစာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုသွား-

-မူရင်းနဲ့ မိတ္တူတွေ တိုက်စစ်၊
-ပြည့်စုံလျှင် လက်ဗွေနိုပ်(ရောင်းသူ၊ ဝယ်သူ၊ သက်သေအမှတ်၁)
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး/ ရက်ချိန်းပေး။
- စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အခွန်ပြေစာနံပါတ်၃ ( အခမ-၃) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့အရောင်းအဝယ်စာချုပ်" ပြန်ပေးပါလိမ့်မယ်။

Credit-
#အိမ်ခြံမြေသင်တန်း

20/06/2024

မူလကပင် ပျက်ပျယ်နေသော စာချုပ်များ
AGREEMENT VOID ABINITIO (၁)

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တရား၀င် စာချုပ်စာတမ်းမှတ်ပုံတင်ခဲ့သည် ဖြစ်စေ၊ သက်ဆိုင်ရာတရားရုံးများ၏ အမိန့်၊ စီရင်ချက်များ ချမှတ်ထားသည်ဖြစ်စေ၊ အမှုအခင်းတစ်ရပ် စစ်ဆေး ဆုံးဖြတ် အမိန့်ချမှတ်ထားပြီးဖြစ်စေ ယင်း စာချုပ်၊ အမိန့်၊ ဆုံးဖြတ်ချက်၊ အမှုတွဲ များသည်တရားဥပဒေအရ သတ်မှတ်ပြဌာန်းချက်များနှင့် မညီသဖြင့် မူလကပင် ပျက်ပြယ်နေသည့် ပဋိညာဉ်ပြုချက်များ၊ ကတိစာချုပ်များ၊ စီရင်ချက် အမိန့်များ၊ စစ်ဆေးဆောင်ရွက် ဆုံးဖြတ်သည့်အမှုတွဲများ စသည်ဖြင့် ဖြစ်သွားတတ်ကြပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်း၀ယ်၊ ပေးကမ်း၊ လွှဲပြောင်း၊ လဲလှယ်ခြင်းဆိုင်ရာ သဘောတူ ကတိစာချုပ်များ သည် ပဋိညာဉ်ပြုချက်တွင် ပါ၀င်ပါသည်။ ပဋိညာဉ်ဥပဒေ ပုဒ်မ ၂(ဇ) အရ တရားဥပဒေအရ အတင်းအကြပ် ဆောင် ရွက်စေနိုင်သော၊ အကောင်အထည် ဖေါ်နိုင်သော၊ တရားစွဲဆိုနိုင်သော သဘောတူညီချက်ကို ပဋိညာဉ်ဟု ခေါ်ကြောင်း သိရပါသည်။ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်၍ မရနိုင်သည့် သဘောတူညီချက်သည် ပျက် ပြယ်သော သဘောတူညီချက် ဖြစ်သည်။ အဆိုပါ ပျက်ပြယ်သောသဘောတူညီချက်ဖြင့် ပြုလုပ်သော ပဋိညာဉ် သည် ပျက်ပြယ်မည်သာ ဖြစ်ပေသည်။ အဆိုပါ ပဋိညာဉ်သည် နှစ်ဦးသဘောတူ ကတိပြု လက်မှတ် ရေးထိုးထား စေကာမူ ပျက်ပြယ်သော သဘောတူညီချက်ဖြစ်၍ စတင်ချုပ်ဆိုစဉ်ကပင် ပျက်ပြယ်သောပဋိညာဉ်ဖြစ်ပါသည်။

ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်မမြောက် ပျက်ပြယ်သော သဘောတူချက် Void Agreement (၁၀) မျိုး ရှိသည်ဟု
ဆိုကြပါသည်။

(၁) သဘောတူသူများအနက် တစ်ဦးဦးသည် ပဋိညာဉ်ပြုနိူင်ခွင့်ရှိသူမဟုတ်ခြင်း၊(ပုဒ်မ ၁၁)
( ၁၈ နှစ် မပြည့်သူ ၊ ရူးသွပ်သူ ၊ ပဋိညာဉ်ပြုခွင့်ပိတ်ပင်ခံရသူ )

(၂) သဘောတူကြသူ နှစ်ဖက်လုံးမှ သဘောတူချက်ပြုလုပ်သည့် အချက်များအနက် ကြီးကျယ်သောအချက် တွင် မှားယွင်းခြင်း (ပုဒ်မ ၂၀)

(၃) ကတိ နှင့် ညီညွတ်ချက် ( Consideration ) နှင့် ရည်ရွယ်ချက် တစ်စုံတစ်ရာသည် ဥပဒေနှင့် ဆန့်ကျင်ခြင်း ( ပုဒ်မ ၂၃ )

(၄) သဘောတူချက်တွင် ကတိ နှင့် ညီညွတ်ချက် တစ်စုံတစ်ရာမပါခြင်း (ပုဒ်မ ၂၅)

(၅) သဘောတူညီချက်တွင် အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသည့် အချက်ပါခြင်း (ပုဒ်မ ၂၆)

(၆) သဘောတူညီချက်သည် ကုန်သွယ်ခြင်းကိုလည်းကောင်း မိမိအသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ခြင်း ကို တားမြစ်ခြင်း ( ပုဒ်မ ၂၇ )

(၇) သဘောတူချက်သည် တရားစွဲဆိုမှုကို တားမြစ်ခြင်း (ပုဒ်မ ၂၈ )

(၈) သဘောတူချက်သည် အဓိပ္ပါယ်မရှင်းလင်း၍ နားမလည်အောင် သေချာမရေရာဖြစ်ခြင်း ( ပုဒ်မ ၂၉ )

(၉) သဘောတူချက်သည် လောင်းကစားမှု သက်ရောက်ခြင်း ( ပုဒ်မ ၃၀ )

(၁၀) သဘောတူချက်သည် မဖြစ်နိူင်သည့်အရာကို ပြုလုပ်ခြင်း (ပုဒ်မ ၃၆ )

စသည်တို့ ဖြစ်ပါသည်။

ကျွန်တော်တို့ ကြေး/မြေဌာနမှ ဆောင်ရွက်ပေးရသော စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းတွင်လည်း ဥပဒေနှင့် မညီသဖြင့် ယင်းစာချုပ်များကို မှတ်ပုံတင်မပေးရန်နှင့် မှတ်ပုံတင်ပေးပါကလည်း ယင်းစာချုပ်သည် တရား၀င် မဖြစ်ဘဲ မူလကပင် ပျက်ပြယ်သော စာချုပ်ဖြစ်သည်ဟု ညွှန်ကြားချက်များ ရှိပါသည်။

- နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်ပစ္စည်းအား ရောင်း၊ ၀ယ်၊ ပေးကမ်း၊ လွှဲပြောင်း၊ ငှားရမ်း၊ ပေါင်နှံခြင်းဆိုင်ရာ စာချုပ်များ။
- ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ တည်ဆဲကာလအတွင်း ပုဒ်မ ၄ ကန့်သတ်ချက်နှင့် ငြိစွန်း သော လယ်ယာမြေကို လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ်စာတမ်းများ၊

အဆိုပါ မြေများကို လက်ခံ မှတ်ပုံတင်၍ ပစ္စည်းလွှဲပြောင်းခြင်းများ ပြုက ဥပဒေနှင့် ဆန့်ကျင်နေမှုကြောင့် အဆိုပါ စာချုပ်များသည် နိုင်ငံတော်အစိုးရက အထူးတလည် ပယ်ဖျက်ရန် မလိုသည့် တရားဥပဒေအရ မူလကပင် ပျက်ပြယ်နေသော စာချုပ်များ (Agreement void abinitio ) ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။

၂၀၁၂ လယ်ယာမြေဥပဒေ ပြဌာန်းသည့်အခါ ပုဒ်မ ၄၃ ဖြင့် ၁၉၅၃ လယ်နိုင်ဥပဒေကို ဖျက်သိမ်းလိုက်သည့် အတွက် လယ်ယာခြံမြေ၊ ဥယျာဉ်မြေများ ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ်၊ ပေးကမ်းခြင်းဆိုင်ရာ ပစ္စည်း လွှဲပြောင်း ခြင်းများကို ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) အရ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ အနေဖြင့် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်း ချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်များ ရရှိလာပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ သို့မဟုတ် ပေးကမ်းခြင်းဖြင့် လွှဲပြောင်းမှုတွင် လိုက်နာဆောင်ရွက်ရန် ပြဌာန်းချက်များကို လယ်ယာမြေ နည်းဥပဒေ အပိုဒ် ၂၄(က) နှင့် ၂၄(ခ) တွင်လည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ငှားရမ်းခြင်းနှင့် ပေါင်နှံခြင်းများအတွက် လိုက်နာဆောင်ရွက်ရန် ပြဌာန်းချက်များကို နည်း ၄၇ နှင့် နည်း ၄၈ တို့တွင်လည်းကောင်း ပြဌာန်း သတ်မှတ်ခဲ့ပါသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းများအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ဖြစ်သည့် ဗဟိုလယ်စီ၏ ညွှန်ကြားချက် (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) တို့ဖြင့် စာချုပ်ဆို လွှဲပြောင်းသည့် လယ်ယာမြေ၏ ဒေသန္တရ တန်ဘိုး သတ်မှတ်ရန်ကိစ္စ၊ ရပ်ကျေး လယ်စီရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုခြင်းကိစ္စ၊ စာချုပ်အား မြို့နယ်မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ပြီးပါက လုပ်ပိုင်ခွင်ိ့ ရရှိသူအမည် ပြောင်းလဲပေးခြင်းကိစ္စ တို့အား ထုတ်ပြန်ညွှန်ကြား ဆောင်ရွက်စေခဲ့သည်ကို တွေ့ရပါသည်။

သို့ဖြစ်ရာ လယ်ယာမြေလုပ်ပိုင်ခွင့် အား ရောင်း၊ ပေါင်၊ ပေး၊ ငှား၊ လဲလှယ်ကြသည့် လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စ များတွင် ၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များအရ-

- လွှဲပြောင်းသည့်လယ်ယာမြေအတွက် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်။ ပုဒ်မ ၁၂(ဂ)၊
- လွှဲပြောင်းသည့် စာချုပ်စာတမ်းကို ရပ်/ကျေးလယ်စီ ရှေ့မှောက်တွင် ချုပ်ဆိုရမည်။ ရပ်/ကျေးလယ်စီမှ စိစစ်၍ ချုပ်ဆိုကြောင်း အတည်ပြုပေးရမည်။ ပုဒ်မ ၁၂ (ဂ)၊ နည်း ၂၄ (က)၊
- ရပ်/ကျေးလယ်စီထံ ချုပ်ဆိုခဲ့သော စာချုပ်ကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးသို့ ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း (၁၂၀) အတွင်း တင်ပြ၍ သတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခများ ပေးသွင်းကာ မှတ်ပုံတင်ရမည်။ ပုဒ်မ ၁၂ (ဂ)၊ နည်း ၂၄ (ခ)၊

ဟူသည့် လုပ်ငန်းစဉ်အရ ဆောင်ရွက်မှသာလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့် လွှဲပြောင်းများသည် တရား၀င် ဖြစ်စေပြီး လွဲပြောင်းလက်ခံသူ၏အမည်အား လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူအဖြစ် ပြောင်းလဲ ပေးနိုင်မည် ဖြစ်သည်။ လယ်ယာမြေဥပဒေအရ ဆိုမူ အထက်ပါ လုပ်ငန်းစဉ်အရ မဆောင်ရွက်ခဲ့ပါမူ လွဲပြောင်းလက်ခံသူ၏ အမည်ဖြင့် ပုံစံ (၇) အမည် ပြောင်းလဲ မပေးနိုင်ပါ။ ပြောင်းပေးခဲပါက ယင်း ပုံစံ (၇) သည်လည်း ဥပဒေနှင့် မညီသဖြင့် တရားမ၀င်ပါ ဟု ဆိုနိုင်ပါသည်။ ၂၀၁၂ လယ်ယာမြေဥပဒေ ပြဌာန်းပြီးနောက်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် လွှဲပြောင်းမှုများတွင် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂(ဂ)၊ နည်းဥပဒေ ၂၄(က) နှင့် နည်း၂၄(ခ) ပါ ပြဌာန်းချက်များနှင့် အညီ မဆောင်ရွက် ခဲ့ဘဲ အရပ်ကတိစာချုပ်ဖြင့် ၀ယ်ယူ လက်ရှိထားသူများ၊ လွှဲပြောင်းလက်ခံသူများအား ပုံစံ ၇ ထုတ်ပေးခဲ့ခြင်းသည် လယ်ယာမြေဥပဒေပါ ပြဌာန်းချက်များနှင်ိ့ မညီသဖြင့် အဆိုပါ ဥပဒေနှင့်မညီသော ပုံစံ ၇ ကို အထောက်အထား ပြု၍ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ လုပ်ပိုင်ခွင့်ပေးခဲ့သော၊ မြေယာ အငြင်းပွားမှုများတွင် အနိုင်ပေးခဲ့သော ဆုံးဖြတ်ချက်များကို ပြန်လည်ပယ်ဖျက်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စာချွန်တော် အမှုများ များစွာပေါ်ပေါက်ထားပြီး ဖြစ်ပါသည်။ လုပ်ပိုင်ခွင့် ချထားခဲ့သော၊ လုပ်ပိုင်ခွင့် အနိုင်ပေးခဲ့သော ဆုံးဖြတ် ချက်နှင့်အတူ အမှုတွဲ တစ်တွဲလုံး ပျက်ပြယ်သွားသဖြင့် ပုံစံ ၇ ရရှိရေးအတွက် အမှုတွဲကို အစမှ ပြန်စရသည့် Case များစွာ ရှိပါသည်။

သို့ဆိုပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ထိုထိုသော စီရင်ထုံးများအား မှီငြမ်းပြု နည်းနာ ယူနိုင်နေသည့် အားလျော်စွာ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သည့် အရပ်ကတိစာချုပ်များဖြင့် လယ်ယာမြေ လွဲပြောင်း ရောင်း၀ယ်၍ လက်ရှိထားသူ၊ လွဲပြောင်း လက်ခံသူအား လယ်စီအဆင့်ဆင့်သည် လုပ်ပိုင်ခွင့် အနိုင်ပေးခြင်း၊ ဥပဒေနှင့် မညီသော စာချုပ်အရ ပုံစံ ၇ ပေးစေခြင်း ရှိနိုင်ပါသေး၏လား၊ ရှိသည် ဆိုပါက ဥပဒေနှင့် ညီသည်ဟု ဆိုနိုင်ပါမည်လား၊ ဟု မေးစရာ၊ စိစစ်စရာ ရှိလာပါသည်။

ယခု မကြာသေးမီကပင် မျက်စိအောက် ရောက်လာသော တိုင်းဒေသကြီးအဆင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွား အယူခံမှု တစ်ခုတွင် အရပ်စာချုပ်ဖြင့် ဝယ်ထား​သော စာချုပ်အရ အဆုံးအဖြတ်ပြုသည့် အမှုတစ်ခုကို တွေ့မြင်ရ သောအခါ
ရွှေမန်းတင်မောင်၏ သီချင်းကိုပင် ညည်းချင်မိသွားပါသည်။

ကျွန်တော်လေ..ထိုနည်းလည်းကောင်း..ထိုနည်းလည်းကောင်း..

(ဆက်ရန်)

U Zaw Min - Natmauk (9/5/2022)

18/06/2024

ကိုယ်စားလှယ်စာ
GP / SP အကြောင်း သိကောင်းစရာ
=========================

မရွှေ့မပြောင်းနိုင်သော အိမ်၊မြေ၊ မြေကွက်နှင့် တိုက်ခန်း စသည်များလွှဲပြောင်းရောင်းချခြင်း နှင့် ငှားရမ်းခြင်း တို့ကို ပိုင်ရှင်ထံမှ အထွေထွေကိုယ်စားလှယ်စာ ( General Power ) သို့မဟုတ် အထူးကိုယ်စားလှယ်စာ ( Special Power ) ရရှိထားသူက တရားဝင် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

ကိုယ်စားလှယ်စာပေးသူ သေဆုံးသွားပါက ကိုယ်စားလှယ်စာမှာ အာနိသင်မရှိတော့ပါကြောင်း
သတိချပ်ဖို့လိုပါတယ်။

ပိုင်ရှင်ထံမှ ရယူသော အထွေထွေကိုယ်စားလှယ်စာ သိုမဟုတ် အထူးကိုယ်စားလှယ်စာကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်သော ကိုယ်စားလှယ်စာ ဖြစ်ရန်လိုအပ်ပါသည်။

Notary Public တွင် ပြုလုပ်သော ကိုယ်စားလှယ်လွှဲစာကို စာချုပ်စာတမ်းမှတ်ပုံတင် ရုံးက မလက်ခံပါ။

ပိုင်ရှင်ထံမှ ရရှိထားသော အထွေထွေကိုယ်စားလှယ်စာ
GP သို့မဟုတ် အထူးကိုယ်စားလှယ်စာ(SP)ဖြင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြေပုံမြေရာဇဝင်ဌာနတွင် မြေပုံမြေ ရာဇဝင် ကူးယူနိုင်ခွင့်ရှိပါသည်။

( မြေပုံမြေရာဇဝင် မိတ္တူကူးယူရာတွင် ကိုယ်စားလှယ်စာပေးသူမှာ အသက်ထင်ရှား ရှိကြောင်းနှင့် ကိုယ်စားလှယ်စာ ရရှိသူကို သိရှိကြောင်း သက်သေ ( ၂ )ဦး၏ ကျမ်းကျိန်လွှာ ပူးတွဲပါရှိရပါသည်။)

အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာဖြင့် အိမ်၊ မြေ သို့မဟုတ် မြေကွက်ရောင်း ချသည့် ကိစ္စဖြစ်ပါက ကိုယ်စားလှယ်စာ ရရှိသူသည့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ပြုလုပ်သည့်အခါ ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှားရှိကြောင်းနှင့် စပ်လျဉ်း၍ တရားရုံး၌ ပြုလုပ်သော ကျမ်းကျိန်လွှာကိုပါ ပူးတွဲတင်ပြရန် တာဝန်ရှိပါသည်။ အကြောင်းမှာ ကိုယ်စားလှယ်စာပေးသူ သေဆုံးသွားပါက ကိုယ်စားလှယ် စာမှာ အသက်မရှိတော့၍ ကိုယ်စားလှယ်ရရှိသူအနေဖြင့်လည်း ဥပဒေအရ ဆောင်ရွက်ခွင့်တစ်စုံတစ်ရာ မရှိ တော့ပါ။

အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာ ရရှိသူသည် ပိုင်ရှင်၏ ကိုယ်စား ဆောင် ရွက်ခြင်းဖြစ်၍ ပိုင်ရှင်၏ ရပိုင်ခွင့်နှင့် တာဝန်များကို လက်ခံဆောင်ရွက် နိုင်ပါသည်။

အထွေထွေကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စာလှယ်စာရရှိသူသည် ရောင်းသူ၏ နေရာတွင်သာ ဆောင်ရွက်ခွင့်ရှိပြီး ဝယ်သူအနေဖြင့် စာချုပ်ချုပ်ဆိုနိုင်ခွင့်မရှိပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ရောင်းသူက ကိုယ် စားလှယ်အနေဖြင့် ဆောင်ရွက်ရာတွင် တစ်ချိန်တည်း ဝယ်သူအနေအဖြင့် ပါဝင်ဆောင်ရွက်ခွင့်ကို စာချုပ် စာတမ်းမှတ်ပုံတင်ရုံးက ခွင့်မပြုကြောင်း သတိပြုသင့်ပါသည်။

အိမ်၊ မြေ သို့မဟုတ် မြေရောင်းချရန် ကိစ္စအလို့ငှာ ပိုင်ရှင်က အထူးကိုယ်စားလှယ်ပြုလုပ် ပေးလျှင်လုံ လောက်ပါသည်။ အထွေထွေကိုယ်စားလှယ် ပြုလုပ်ပေးလျှင်လုံလောက်ပါသည်။ အထွေထွေကိုယ်စားလှယ်မှာ ပိုင်ရှင်၏ ပစ္စည်းအရပ်ရပ်အပေါ် စီမံခန့်ခွဲခွင့်ရှိသည့် ကိုယ်စားလှယ်စာမျိုး မပေးသင့်ပါ။

[ ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည်များ ရောင်းချ ခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၆ ]

16/06/2024

ဟန်ဆောင်စာချုပ်၊ အမည်ငှားစာချုပ်ကိစ္စ
======================

- ဟန်ဆောင်စာချုပ်၊ အမည်ငှားစာချုပ်ဆိုသည်မှာ နာမည်ပေါက်သူက တကယ်ဝယ်သည့်လူ မဟုတ် ပါ။ အခြားလူတစ်ဦးကဝယ်ယူခြင်းကိုဆိုပါသည်။

- ၁၉၄၆ ၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာမျက်နှာ-၂၅၀ တွင် တရားလွှတ်တော် တရားသူကြီး ဦးဘိုကြီးက သက်သေခံ ပုဒ်မ ၂၏ ခြွင်းချက် ၁ ကိုရည်ညွှန်းပြီး စာချုပ်ကို ပျက်ပြယ်စေသည့်ကိစ္စကို သက်သေခံခွင့် ရှိသည်ဟု ဆုံးဖြတ်ပါသည်။

- ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းပြနိုင်ပါက ယင်းစာချုပ်သည် အာနိသင်မရှိတော့ပါ။ ဟန်ဆောင် စာချုပ်ဖြစ်ကြောင်းပြနိုင်ပါက သက်သေခံဥပဒေပုဒ်မ ၉၂၏ ခြွင်းချက် ၁ တွင် အကျုံးဝင်ပါသည်။ သက် သေပြခွင့်ရှိပါသည်။

- ဟန်ဆောင်စာချုပ်ကိစ္စ၊ နာမည်ငှားသည့်ကိစ္စ၊ စာချုပ်ပျက်ရာပျက်ကြောင်း ကိစ္စကို သက်သေပြခွင့် ရှိပါသည်။ အဖိုးစာနားမရှိသည့်ကိစ္စကို သက်သေပြခွင့်ရှိပါသည်ဟု ခြွင်းချက် ၁ က ဆိုပါသည်။

- ပဋိညာဉ်သည် အဖိုးစားနားမရှိပါက ပဋိညာဉ်မမြောက်ပါ။ ပျက်ပြယ်ပါသည်။

- သက်သေခံ ပုဒ်မ ၉၂ ခြွင်းချက်က အဖိုးအနားမရှိကြောင်း သက်သေပြခွင့် ရှိသည်ဆိုခြင်းမှာ အဖိုး စားနားလုံးဝမရှိတာကိုသာပြခွင့်ရှိပါသည်။

- နားမလည်နိုင်သည့်အချက်က စာချုပ်ထဲတွင် ထည့်ရေးသားထားတာတွေ၊ မှတ်ပုံတင်အရာရှိက လည်း၊ စာချုပ်တွင်ဖော်ပြပါရှိသည်ရ ငွေကိုရသလားလို့မေးပါသည်။ မှတ်ပုံတင်အရာရှိရှေ့မှာလည်း ဝန်ခံထားခြင်းကြောင့် အဖိုးစားနားမရှဘူးဆိုတာ ပြခွင့်မရှိဘူးလို့ပြောတာမမှန်နိုင်ပါ။ သက်သေခံ ဥပဒေ ပုဒ်မ ၁၁၅ အရ ပိတ်ပင်ရာမရောက်ပါ။

- စာချုပ်ပါစည်းကမ်းချက်များဖောက်ဖျက်ခြင်း၊ ပဋိညာဉ်ဖောက် ဖျက်ခြင်းတို့တွင် နစ်နာသူအမှုသည် က တရားရုံးတော်၌ တရားစွဲဆိုနိုင်ခွင့်ရှိပါသည်။ ထိုသို့တရားရုံး၌စွဲဆိုခြင်းမပြုဘဲ တရားမစွဲဆိုမီဖြစ်စေ၊ တရားစွဲဆိုထားခြင်းဖြစ်စေ တရားစွဲ အာဏာပိုင်တို့ထံ တိုင်တန်းခြင်း၊ အကူအညီ တောင်းခံခြင်းတို့ကို ပြုလုပ်သည့် အမှုများလည်း ကြုံတွေ့ဘူးပါသည်။ သက်ဆိုင်ရာ တရားစွဲ အာဏာပိုင်တို့အနေဖြင့်လည်း နိုင်ငံသားတစ်ဦးနှင့်တစ်ဦး မပြေလည်သည့်ကိစ္စတွင် တရားရုံးက ဖြေရှင်းရမည့် ကိစ္စဖြစ်ပါက တရားရုံး သို့သွားရန် ညွန်ကြားသင့်ပါသည်။ ပါဝင်ဆောင်ရွက်ရန် မသင့်ပါ။

( အညွှန်း - ဦးဗကြိုင် (B.A,B.L ) တရားမမှုများဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ၊ စာ ၆၈ ) ။

(Zawgyi)

ဟန်ဆောင်စာချုပ်၊ အမည်ငှားစာချုပ်ကိစ္စ
======================

- ဟန်ဆောင်စာချုပ်၊ အမည်ငှားစာချုပ်ဆိုသည်မှာ နာမည်ပေါက်သူက တကယ်ဝယ်သည့်လူ မဟုတ် ပါ။ အခြားလူတစ်ဦးကဝယ်ယူခြင်းကိုဆိုပါသည်။

- ၁၉၄၆ ၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာမျက်နှာ-၂၅၀ တွင် တရားလွှတ်တော် တရားသူကြီး ဦးဘိုကြီးက သက်သေခံ ပုဒ်မ ၂၏ ခြွင်းချက် ၁ ကိုရည်ညွှန်းပြီး စာချုပ်ကို ပျက်ပြယ်စေသည့်ကိစ္စကို သက်သေခံခွင့် ရှိသည်ဟု ဆုံးဖြတ်ပါသည်။

- ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းပြနိုင်ပါက ယင်းစာချုပ်သည် အာနိသင်မရှိတော့ပါ။ ဟန်ဆောင် စာချုပ်ဖြစ်ကြောင်းပြနိုင်ပါက သက်သေခံဥပဒေပုဒ်မ ၉၂၏ ခြွင်းချက် ၁ တွင် အကျုံးဝင်ပါသည်။ သက် သေပြခွင့်ရှိပါသည်။

- ဟန်ဆောင်စာချုပ်ကိစ္စ၊ နာမည်ငှားသည့်ကိစ္စ၊ စာချုပ်ပျက်ရာပျက်ကြောင်း ကိစ္စကို သက်သေပြခွင့် ရှိပါသည်။ အဖိုးစာနားမရှိသည့်ကိစ္စကို သက်သေပြခွင့်ရှိပါသည်ဟု ခြွင်းချက် ၁ က ဆိုပါသည်။

- ပဋိညာဉ်သည် အဖိုးစားနားမရှိပါက ပဋိညာဉ်မမြောက်ပါ။ ပျက်ပြယ်ပါသည်။

- သက်သေခံ ပုဒ်မ ၉၂ ခြွင်းချက်က အဖိုးအနားမရှိကြောင်း သက်သေပြခွင့် ရှိသည်ဆိုခြင်းမှာ အဖိုး စားနားလုံးဝမရှိတာကိုသာပြခွင့်ရှိပါသည်။

- နားမလည်နိုင်သည့်အချက်က စာချုပ်ထဲတွင် ထည့်ရေးသားထားတာတွေ၊ မှတ်ပုံတင်အရာရှိက လည်း၊ စာချုပ်တွင်ဖော်ပြပါရှိသည်ရ ငွေကိုရသလားလို့မေးပါသည်။ မှတ်ပုံတင်အရာရှိရှေ့မှာလည်း ဝန်ခံထားခြင်းကြောင့် အဖိုးစားနားမရှဘူးဆိုတာ ပြခွင့်မရှိဘူးလို့ပြောတာမမှန်နိုင်ပါ။ သက်သေခံ ဥပဒေ ပုဒ်မ ၁၁၅ အရ ပိတ်ပင်ရာမရောက်ပါ။

- စာချုပ်ပါစည်းကမ်းချက်များဖောက်ဖျက်ခြင်း၊ ပဋိညာဉ်ဖောက်ဖျက်ခြင်းတို့တွင် နစ်နာသူအမှုသည် က တရားရုံးတော်၌ တရားစွဲဆိုနိုင်ခွင့်ရှိပါသည်။ ထိုသို့တရားရုံး၌စွဲဆိုခြင်းမပြုဘဲ တရားမစွဲဆိုမီဖြစ်စေ၊ တရားစွဲဆိုထားခြင်းဖြစ်စေ တရားစွဲ အာဏာပိုင်တို့ထံ တိုင်တန်းခြင်း၊ အကူအညီ တောင်းခံခြင်းတို့ကို ပြုလုပ်သည့် အမှုများလည်း ကြုံတွေ့ဘူးပါသည်။ သက်ဆိုင်ရာ တရားစွဲ အာဏာပိုင်တို့အနေဖြင့်လည်း နိုင်ငံသားတစ်ဦးနှင့်တစ်ဦး မပြေလည်သည့်ကိစ္စတွင် တရားရုံးက ဖြေရှင်းရမည့် ကိစ္စဖြစ်ပါက တရားရုံး သို့သွားရန် ညွန်ကြားသင့်ပါသည်။ ပါဝင်ဆောင်ရွက်ရန် မသင့်ပါ။

( အညွှန်း - ဦးဗကြိုင် (B.A,B.L ) တရားမမှုများဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ၊ စာ ၆၈ ) ။

Address

Mandalay
Mandalay

Telephone

+959785791089

Website

Alerts

Be the first to know and let us send you an email when NTM Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NTM Legal:

Share