08/12/2025
"ဖုန်းမှန်လေး သွားလဲတာ... ပြန်ရတော့ ပါဝါပါ ဖွင့်မရတော့ဘူး။ ဆိုင်ကို လျော်ခိုင်းလို့ ရမလား"
ဒါမျိုးက လူတိုင်းလိုလို ကြုံဖူး ပါတယ်။
🤦♂️ ဖုန်းမှန်ကွဲလို့ ဆိုင်သွားပို့လိုက်တယ်။ နောက်နေ့ပြန်ယူတော့ မှန်ကတော့ ကောင်းသွားပါရဲ့၊ ဒါပေမဲ့ ဖုန်းက ပါဝါဖွင့်မရတော့ဘူး။ (ဒါမှမဟုတ်) ကားသွားပြင်တာ ဆိုင်ကြောင့် အောက်ပိုင်းပါ ထိလာတယ်။
ဆိုင်ရှင်ကတော့ - "ကျွန်တော်တို့က မှန်ပဲလဲတာလေ၊ စက်ပိုင်းဆိုင်ရာ ဖြစ်သွားတာ တာဝန်မယူနိုင်ဘူး" ဆိုပြီး ငြင်းမယ်။ ဆိုင်နံရံက "တာဝန်မယူပါ" ဆိုတဲ့ စာကို လက်ညှိုးထိုးပြမယ်။
ဒီလိုအခြေအနေမှာ ဘာမှမပြောနိုင်ဘဲ အိမ်ပြန်လာတာမျိုးမလုပ်ပါနဲ့။ 🙅♂️
စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ မှာ ဝန်ဆောင်မှုပေးသူတွေ လိုက်နာရမယ့် တာဝန်ကို အတိအကျ ပြဌာန်းထားပါတယ်။
၁။ မိမိဝန်ဆောင်မှုရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး အာမခံချက် ရှိရမယ်။
၂။ မိမိဝန်ဆောင်မှုကြောင့် စားသုံးသူရဲ့ ပစ္စည်း ပျက်စီးဆုံးရှုံးမှု မဖြစ်စေရဘူး။
ဆိုလိုရင်းက - ဆိုင်ရဲ့ ပေါ့ဆမှုကြောင့်၊ ကျွမ်းကျင်မှုမရှိလို့ ကောင်းနေတဲ့နေရာပါ ထပ်ပျက်သွားရင် ဆိုင်မှာ ၁၀၀% တာဝန်ရှိပါတယ်။ ဆိုင်မှာ "တာဝန်မယူပါ" လို့ စာကပ်ထားရုံနဲ့ ဥပဒေရဲ့ အရေးယူမှုကနေ ရှောင်ပြေးလို့ မရပါဘူး။
စားသုံးသူတို့ရဲ့ အခွင့်အရေး ✅
- ပျက်စီးသွားတဲ့ အပိုင်းကို ဆိုင်စရိတ်နဲ့ အကောင်းအတိုင်း ပြန်ပြင်ပေးရမယ်။
- ပြင်မရတော့ရင် ကာလတန်ဖိုးနဲ့ညီတဲ့ လျော်ကြေး ပေးရမယ်။
ဒါကြောင့် ကိုယ့်ပစ္စည်းကို ဆိုင်က ဖျက်ဆီးလိုက်ရင် အားနာမနေပါနဲ့။ ရဲရဲတင်းတင်း တောင်းဆိုပါ။ မရရင် 1535 ကို ဆက်ပြီး တိုင်လို့ရပါတယ်။